ဆူရင် ပစ်ဆူဝမ် ပြန်ပေါ်လာခြင်း
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ၏ အမည်ကို မီဒီယာများတွင် ယခုတလော ပြန်တွေ့လာရသည်။
၂၀၁၇ ခုနှစ်တွင် ဆုံးပါး ကွယ်လွန်ခဲ့သည့် သူ၏ အမည်ကို မီဒီယာများက မေ့မေ့ပျောက်ပျောက် ဖြစ်နေသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
သူ့ကို ခင်မင်ရင်းနှီးသူများနှင့် သူ့ကြိုးပမ်း အားထုတ်ခဲ့မှုများကို လေ့လာသူများကတော့ သူ့ကို သတိရကြသည်။ သူက အာဆီယံ (Asean) ၏ ဒီဖက်တို (De Facto) နိုင်ငံခြားရေးဝန်ကြီးဟု တချိန်က ခေါ်ဝေါ်ခြင်း ခံရသူလည်း ဖြစ်သည်။
ဆူရင် ပစ်ဆူဝမ်၏ သားဖြစ်သူ ဖူဝါဒီ (Fuadi Pitsuwan) ကတော့ သူ့အဖေ ခြေရာ နင်းမည် မနင်းမည်ကို ပြောရန် စောနေသေးသည်။
ဖူဝါဒီက လက်ရှိ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ Move Forward Party (MFP) ၏ ခေါင်းဆောင် ဖိထာ (Pita Limjaroenrat) ၏ နိုင်ငံခြားရေး ပေါ်လစီတွင် ပုဂ္ဂိုလ်ရေးဖြင့် ဝင်ကူကာ အကြံပေးနေသူလည်း ဖြစ်သည်။ သို့သော် သူက MFP ပါတီဝင်တော့ မဟုတ်ပေ။
ဖူဝါဒီက မြန်မာပြည်နှင့် ပတ်သက်သည်များနှင့် သူ့ဖခင် ဆူရင် ပစ်ဆူဝမ်၏ မြန်မာ့အရေးတွင် ပါဝင်ကူညီခဲ့မှုများ၊ ထို့ပြင် ထိုင်း၏ နိုင်ငံခြားရေး မူဝါဒ၊ စသည်တို့ကို သိချင်သူလည်း ဖြစ်သည်။
သူနှင့် ကျနော် သီးသန့် ထမင်းဝိုင်း တဝိုင်းမှာ မြန်မာအကြောင်း ပြောကြသည်။ Pasta (အီတလီ ခေါက်ဆွဲ) ကတော့ ကောင်းသည်။ Salmon (ဆယ်လမွန်ငါး) ကတော့ Chef (စာဖိုးမှူး) က ကောင်းကောင်းလေး ချက်ပေးထားသည်။ ဝိုင်အနီက ကျနော်၏ နောက်ကြောင်းပြန် တီးလုံးနှင့် ဆူရင် ပစ်ဆူဝမ်ကို မြင်ပုံများ ရောယှက်နေသည်။
သိပ်မကြာခင်မှာ ဖူဝါဒီ က မြန်မာ့အရေးကို ထိုင်း PBS ရုပ်သံလိုင်းမှာ ပြောသွားသည်ကိုလည်း ဖျတ်ခနဲ တွေ့လိုက်ရသည်။
သူက မြန်မာအပေါ် ထားသည့် ထိုင်းနိုင်ငံခြားရေး မူဝါဒတွင် Major Shift တခု လိုသည်ဟု ပြောလိုက်သည်။
ဆူရင် ပစ်ဆူဝမ်၏ အမည်ကို ကျနော် စပြီး ကြားဖူး ဖတ်ဖူးသည်က The Nation သတင်းစာတွင် ဖြစ်သည်။
ထိုအချိန်က သူ၏ ပြောဆိုချက်များနှင့် ဆောင်းပါးများကို မကြာခဏ တွေ့ရသည်။
သူက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် (Thammasat) တက္ကသိုလ်ကြီးတွင် နိုင်ငံရေးသိပ္ပံ သင်ကြားသူ ပရော်ဖက်ဆာ။
ကျနော်ကလည်း မြန်မာ့အရေး ဆောင်းပါးများ၊ အာဘော်များကို The Nation တွင် အပတ်စဉ် စရေးနေပြီ။
မြေအောက် သတင်းစာဆရာ ဘဝကို စတင်နေပြီ။ သတင်းထောက် အလုပ်တော့ မဟုတ်။ Underground dissident မဂ္ဂဇင်း ဟု အရှေ့ဖျားဒေသ စီးပွားရေး စာစောင်ကြီး Far Eastern Economic Review (FEER) က ရည်ညွှန်းရေးသည့် ဧရာဝတီကို စပြီး ထုတ်နေပြီ။
အာဘော်တွေကို အပတ်စဉ် စရေးချိန်။ ထိုင်း နှင့် မြန်မာ အာဏာပိုင်တွေ မျက်စိ စပါးမွေး စူးတာ ခံရချိန်။ အသွားအလာ အနေအထိုင် သိုသိုသိပ်သိပ် ဆင်ခြင်ရသည်။
ဆူရင်က ထိုင်းတောင်ပိုင်းက မွေးဖွား ကြီးပြင်းလာသူ။ နာမည် အပြည့် အစုံက Surin Abdul Halim bin Ismail Pitsuwan ဖြစ်သည်။ အစ္စလမ်ဘာသာဝင် မလေး အနွယ်စပ်သည်။
သို့သော် ထိုင်းနိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး နှင့် ပတ်သက်ပြီး အထင်ကရ ထည့်သွင်း စဉ်းစားရမည့် အချက်မဟုတ်သည်ကို တွေ့မြင်ရသည်။
ဆူရင်က အမေရိကန် ဟားဗတ် တက္ကသိုလ်ကြီးမှာ Ph.D ပြီးခဲ့သူလည်း ဖြစ်သည်။ စစ်တပ်နှင့် အာဏာရှင် ဆန်သော ထိုင်းနိုင်ငံရေးကို သူက မနှစ်မြို့။
အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီ ရေသောက်မြစ် တွယ်ပြီး အားကောင်းလာအောင် လုပ်နိုင်သည်ဟု သူ ယုံကြည်ပုံ ရသည်။ ဤသို့ ဖြစ်ရန် အတွက်လည်း အခြေအနေများက ဖန်တီးလာသည်။
ဆူရင် ပစ်ဆူဝမ် နှင့် ထိုင်းနိုင်ငံရေး
၁၉၈၆ တွင် ဆူရင် ပစ်ဆူဝမ်က ပါလီမန် လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေပြီ။ နိုင်ငံရေး ခြေလှမ်း အစ။
၁၉၉၂ တွင် ဆူရင် ပစ်ဆူဝမ်က အသစ် တက်လာသည့် ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင် (Chuan Leekpai) ၏ အစိုးရ အဖွဲ့တွင် ဒုနိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ယူခဲ့ပြီ။

နိုင်ငံခြားရေး ဝန်ကြီးက Prasong Soonsiri ။ ထိုင်း အမျိုးသား ထောက်လှမ်းရေးတွင် အကြီးအကဲ လုပ်ခဲ့သူ။ ဆေးတံခဲသည့် ထောက်လှမ်းရေးမှူးဟောင်း။
ထိုအချိန်က ဘန်ကောက်သည် လှုပ်ရှား တက်ကြွနေသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Sunthorn Kongsompong နှင့် ဗိုလ်ချုပ်ကြီး Suchinda Kraprayoon တို့က ၁၉၉၁ ခုနှစ်တွင် အာဏာသိမ်းသည်။

မြန်မာ စစ်အစိုးရ၏ ဘန်ကောက်က သံအမတ်ကြီးက အူယားဖားယား ပြေးပြီး ထိုင်းစစ်အစိုးရကို ချီးကျူး ဂုဏ်ပြုသည်။
ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် နှစ်ဦးသည် အာဏာမသိမ်းခင် မြန်မာပြည်သို့လည်း သွားခဲ့သည်။ ရွှေတိဂုံ ဘုရားကို ဖူးသည်။
ထို့နောက် နာမည်ကြီး ဗေဒင်ဆရာကို သွားတွေ့ပြီး အာဏာသိမ်းမှု အောင်မြင်ခြေ ရှိ မရှိ မေးသည်။ ယတြာ ကိန်းခန်းများ ဆင်ခိုင်းသည်ဟု သတင်းများ ထွက်ခဲ့ဖူးသည်။
ဘန်ကောက်မှာ နေခဲ့သည့် အီတလီ သတင်းစာဆရာကြီး Tiziano Terzani က သူရေးသည့် စာအုပ် တအုပ်ထဲတွင် ထိုအကြောင်းလေးကို မှတ်မှတ်ရရ ထည့်ရေးခဲ့ပါသေးသည်။
A Fortune-Teller Told Me: Earthbound Travels in the Far East ဆိုသည့် ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော စာအုပ်။
ဗေဒင်ဆရာက လေယာဉ်ဖြင့် ခရီးသွားလျှင် ထိုနှစ်တွင် သေမည်ဟု ဟောခဲ့၍ သတင်းစာ ဆရာကြီးက လေယာဉ်မစီးဘဲ ခရီးအနှံ့ သွားခဲ့သည့် အကြောင်း ရေးထားသည့် စာအုပ် ဖြစ်သည်။
ထိုင်းဗိုလ်ချုပ်များကိုမူ မြန်မာ ဗေဒင်ဆရာက လေယာဉ်စီးလျှင် ပျက်ကြမည်ဟု မဟောလိုက်။ သို့သော် လေယာဉ်ပေါ်က ဆင်းလျှင်ဖြင့် မြေကြီးနှင့် မထိရန် ဟောလိုက်သည်ဟု ဆိုသည်။ အောင်မြင်စေချင်၍လား၊ ခြောက်လှန့်သည်လားတော့ ခန့်မှန်းရခက်သည်။
ထိုင်း ဗိုလ်ချုပ်များကလည်း လေယာဉ်ပေါ်က အဆင်းတွင် သတိထား ဆင်းကြသည်။ ကော်ဇောဖြင့် ခင်း၍ ကြိုရသည်။ မြေကြီးကို မနင်းမိအောင် ကြိုးစားရသည်။ ထို့နောက် ဝန်ကြီးချုပ် Chatichai Choonhavan ကို ဖြုတ်ချ ဖမ်းဆီး လိုက်တော့သည်။ မြန်မာ ဗေဒင်ဆရာ မမှား။
ထိုဗိုလ်ချုပ်ကြီးများက ချက်ချင်းပင် လူအများ လေးစားပြီး အဂတိ ကင်းစင်သည့် ဆွေကြီး မျိုးကြီးထဲက လည်းဖြစ်၊ အင်္ဂလန်က ကိန်းဘရစ် တက္ကသိုလ် (Cambridge) ကျောင်းဆင်း ပညာတတ် သံအမတ်ကြီးဟောင်းလည်း ဖြစ်သည့် Anand Panyarachun ကို ဝန်ကြီးချုပ် ခန့်လိုက်ပါသည်။
သူ့အဖေက ထိုင်းနိုင်ငံဖွား မွန်လူမျိုး။ ထိုင်းနိုင်ငံက ဆွေကြီး မျိုးကြီး ချမ်းသာကြွယ်ဝသည့် မျိုးရိုးက ဆင်းသက်လာသူ။ အဖေကလည်း အင်္ဂလန်မှာ ပညာ သင်ခဲ့သူ။ ထိုင်း လူထုကရော နိုင်ငံတကာကပါ လက်ခံပါသည်။

အာဏာသိမ်း အစိုးရအဖွဲ့ကို National Peace Keeping Council (NPKC) ဟု အမည် မှည့်ခေါ်သည်။
ထိုင်းဘုရင်မင်းမြတ် ကလည်း NPKC ကိုရော အသစ်ဖွဲ့သည့် အစိုးရကိုပါ အသိအမှတ် ပြုလိုက်ပါသည်။
Anand Panyarachun သည် ထိုင်း ဗိုလ်ချုပ်ကြီး ပေးသည့် အမိန့်များကို အကုန် မလိုက်လျောနိုင်။ နောက်ဆုံး သူ နုတ်ထွက် သွားသည်။
Anand နုတ်ထွက်ပြီး Suchinda Kraprayoon ကို ဝန်ကြီးချုပ် ခန့်သည်။ ထိုင်းနိုင်ငံ၏ ၁၉ ယောက်မြောက် ဝန်ကြီးချုပ်။ လူထုက လက်မခံပါ။
ထိုအချိန်တွင် လမ်းပေါ် ဆန္ဒပြပွဲများ ဖြစ်လာရာ ဘန်ကောက်က လမ်းများပေါ် စစ်တပ်က တက်လာသည်။
Black May ဟု ခေါ်သည့် အာဏာသိမ်း စစ်တပ်နှင့် ဘန်ကောက်က ပြည်သူများ ရင်ဆိုင်ပွဲ ဖြစ်လာသည်။ ထိုင်းဘုရင်မင်းမြတ်က ဝင်ရောက် ဖြန်ဖြေ ပေးရသည်။

ဘုရင့် နန်းတော်က ထုတ်လွှင့်သည့် ရုပ်ပုံများကတော့ ထိုင်းနိုင်ငံ တနိုင်ငံလုံးကို အံဩ မှင်တက် သွားစေခဲ့သည်ဟု ဆိုရမည်။
အာဏာသိမ်း စစ်ခေါင်းဆောင် Suchinda နှင့် အတိုက်အခံ ခေါင်းဆောင် Chamlong Srimuang တို့ ၂ ဦး ဘုရင်မင်းမြတ် ရှေ့မှာ ဒူးတုပ် ခစားနေသည့် ပုံ။
ကမ္ဘာ့ မီဒီယာများက နန်းတော်သတင်းကို အာရုံစိုက်သွားသည်။

ထိုင်း ဘုရင်မင်းမြတ်က“အားလုံးက ဒီတိုင်းပြည်ကို ပိုင်ဆိုင်ကြတာပါ။ တဦး တယောက်တည်းလည်း မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ထိပ်တိုက် ရင်ဆိုင်ကြရင်တော့ အားလုံးဟာ ကျဆုံးသူတွေပဲ ဖြစ်မှာပါ။ တကယ့်တကယ် ဆုံးရှုံး နစ်နာရမှာကတော့ တိုင်းပြည်ပဲ ဖြစ်တယ်။ အပျက်အစီးပုံတွေရဲ့ အပေါ်မှာ မတ်တတ် ရပ်ပြီး မင်းကိုယ်မင်း အောင်နိုင်သူကြီးလို့ ကြွေးကြော်နေတာဟာ ဘာအဓိပ္ပာယ်ရှိလဲ”ဟု ရိုးရိုးရှင်းရှင်း မိန့်ကြားလိုက်သည့် စကားက တတိုင်းပြည်လုံးကို အံ့ဩ သွားစေခဲ့ပါသည်။
အရှေ့တောင် အာရှမှာလည်း ရိုက်ခတ်သွားသည်။
(ဆက်လက် ဖော်ပြပါမည်)
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)














