“ရင်းနှီး ကျွမ်းဝင်မှု ကြီးမားလေလေ ရိုသေလေးစားမှု လျော့နည်းလာလေလေ” ဆိုတဲ့ ဆိုရိုးစကား တခု ရှိပါတယ်။
မိတ်ဆွေ သူငယ်ချင်း အချင်းချင်း မဆိုထားနဲ့၊ ဆရာ တပည့် ဖြစ်တာတောင်မှ လက်ပွန်းတတီး ရင်းရင်းနှီးနှီး ဖြစ်သွားတာနဲ့ ရိုသေ လေးစားမှု ဆိုတာ အနည်းနဲ့ အများ လျော့ပါး သွားတတ်ပါတယ်။
သွေးမတော် သားမစပ် တစိမ်းပြင်ပြင် လူနှစ်ယောက် ချစ်သူ ရည်းစားရယ်၊ အိမ်ထောင်ဖက်ရယ်လို့ ဖြစ်သွားကြပြီးတဲ့ နောက်မှာ တကျက်ကျက် ကလေးတွေက နေပြီး တကျက်ကျက် ကြီးတွေ အဖြစ် ရောက်ရှိသွားကြရတဲ့ အကြောင်းတွေ ထဲမှာ အဓိက နေရာက ပါတဲ့ အချက် တချက်ကတော့ တဦးအပေါ် တဦး “ရိုသေလေးစားမှု” လျော့ပါး ကျဆင်းသွားခြင်း ဆိုတာ ဖြစ်ပါတယ်။
ချစ်သူ ရည်းစား ဘဝမှာတော့ တဦးကို တဦး ချစ်ခင် မြတ်နိုးကြမယ်၊ သစ္စာ စောင့်သိကြမယ် ဆိုရင် လုံလောက် နေပါပြီ။ အိမ်ထောင်သည် အဖြစ် ရောက်သွားတဲ့ အခါကျရင်တော့ ချစ်တာ တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။
တဦးကို တဦး “ရိုသေလေးစားမှု” ရှိဖို့ ဆိုတာပါ လိုအပ်လာပါတယ်။ “ချစ်တယ်” ဆိုတာထက်တောင် ပိုပြီး အရေးပါတယ်၊ ပိုပြီး လိုအပ်တယ်လို့ ယူဆချင်ပါတယ်။
ရိုသေလေးစားမှု ဆိုတာ အိပ်ရာဝင်တိုင်း မိန်းမက ယောက်ျားကို ကန်တော့ပြီး အိပ်ရတယ် ဆိုတဲ့ ရိုသေခြင်းမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
တဦးရဲ့ အလုပ်ကို တဦးက ရိုသေလေးစားခြင်း။
တဦးရဲ့ စိတ်ဓာတ်ကို တဦးက ရိုသေလေးစားခြင်း။
တဦးရဲ့ သိက္ခာကို တဦးက ရိုသေလေးစားခြင်း စတဲ့ အရာတွေကို ပြောတာပါ။
ချစ်သူ ရည်းစား ဘဝမှာတုန်းကတော့ တယောက် အကြောင်း တယောက် နှိုက်နှိုက်ချွတ်ချွတ် မသိနိုင်ကြပါဘူး။
အချစ် ဆိုတဲ့ တိမ်သလာ ဖုံးအုပ်နေတာရယ်၊ ဟန်ဆောင်မှု ဆိုတာက ဖုံးအုပ် နေတာရယ်ကြောင့် အပြင်ပန်းက မြင်နိုင်ခဲတဲ့ ချို့ယွင်းချက် အပြစ်အနာအဆာ မျိုးလေးတွေကို မမြင်နိုင်၊ မသိနိုင်ပါဘူး။ မြင်ရင် သိရင်တောင်မှ “ချစ်စိတ်” ကြောင့် မမြင်ယောင် မသိယောင် ပြုနေလေ့ ရှိပါတယ်။
အိမ်ထောင်သည် ဘဝမှာ လကလေး ညောင်းလာတာနဲ့ အမျှ တယောက်အကြောင်း တယောက် ပိုပို သိလာကြရပါတယ်။ ဟန်ဆောင်မှု ဆိုတာ ကြာကြာ လုပ်ထားလို့ ရတာ မဟုတ်ဘူးလေ။
နှစ်ယောက် အတူနေတဲ့ အခါကျတော့ တဦးရဲ့ စိတ်ဓာတ်၊ တဦးရဲ့ ဉာဉ်၊ တဦးရဲ့ သီလ၊ တဦးရဲ့ သိက္ခာ စတာတွေကို ပင်ကို သဘာဝ အတိုင်း မြင်လာ သိလာကြရပါတော့တယ်။
အဲဒီလို သိလာ မြင်လာတဲ့ အခါကျမှ အစကထက် ပိုပြီး ကိုယ့်ရဲ့ ချစ်သူ အိမ်ထောင်ဖက်ကို ပိုရိုသေ လေးစားသွားရတာ မျိုးတွေ ရှိသလို၊ နဂိုက ရှိနေတဲ့ ရိုသေ လေးစားမှုလေး လုံးလုံး ကွယ်ပျောက်သွားရတာမျိုးလည်း ရှိပါတယ်။
အစကထက် ပိုပြီး ရိုသေလေးစားမှု တိုးပွားသွားရတဲ့ အိမ်ထောင်မျိုးကတော့ ထာဝရ ခိုင်မြဲပြီး သာယာ ချမ်းမြေ့တဲ့ အိမ်ထောင်တခု ဖြစ်လာမှာ မလွဲပါဘူး။
အရိုးမြေကျ ဘဝအထိ ကိုယ့်ရဲ့ အိမ်ထောင်ဖက် အပေါ် ရိုသေ လေးစားမှု ခိုင်မြဲနေတဲ့ အိမ်ထောင်မျိုးဟာ ရှားတော့ ရှားနေပါတယ်။
အများစုကတော့ အိမ်ထောင်သက်ကလေး ရလာလေလေ တယောက်အပေါ် တယောက် အထင်အမြင် သေးစရာတွေ များလာလေလေ ဖြစ်ပါတယ်။
အထင်အမြင် သေးလာတော့ တယောက်အပေါ် တယောက် သည်းခံစိတ်တွေ လျော့ပါးလာပါတယ်။ ဒီလိုနဲ့ သူတပြန် ငါတကျော့ အလျှော့မပေးတာတွေ ဖြစ်လာပြီး အိမ်ထောင် သာယာရေး ပျက်ပြားသွားကြရပါတော့တယ်။
စာရေးဆရာ တယောက်ရဲ့ ရေးလက်စ စာရွက် ထပ်ကြီးကို မိန်းမ လုပ်သူက ဆန်ဝယ်စရာ မရှိလို့ ပိဿာချိန်နဲ့ ရောင်းပစ် လိုက်တယ် ဆိုတဲ့ ကာတွန်းမျိုး ကာတွန်းဆရာတွေ ရေးဆွဲတတ်ကြပါတယ်။ စာပြောင်တွေ သရော်စာတွေမှာလည်း ရေးလေ့ ရှိပါတယ်။
ဒါဟာ ခင်ပွန်း လုပ်သူရဲ့ အလုပ်အပေါ် ဇနီး ဖြစ်သူက ရိုသေ လေးစားမှု မရှိတော့တာကို ပြနေတာ ဖြစ်ပါတယ်။
ကိုယ့်ခင်ပွန်းရဲ့ အလုပ်အပေါ်မှာ ဇနီး ဖြစ်သူက လေးစားမှု မရှိတော့ဘူး ဆိုတာနဲ့ ပြဿနာတွေ တသီတတန်းကြီး လိုက်လာမှာတော့ သေချာပါတယ်။
ဒီပြဿနာမျိုးကို မြန်မာ စာရေးဆရာတွေထဲမှာ အများဆုံး ရေးခဲ့သူကတော့ ဆရာကြီး ဦးရန်အောင် ဖြစ်ပါတယ်။ ဆရာကြီး ဦးရန်အောင် ရေးခဲ့တဲ့ စာတွေထဲမှာ သူ့အိမ်ထောင်ရေး ကံမကောင်းခဲ့တာတွေ ရေးပြရင်းနဲ့ သူ့ အိမ်ထောင်ဖက် တွေက သူ့အလုပ်အပေါ် ရိုသေ လေးစားမှု မရှိပုံတွေကို အမျိုးမျိုး ရေးပြသွားခဲ့ပါတယ်။
အိမ်ထောင်ဖက်ရဲ့ စိတ်ဓာတ်နဲ့ သိက္ခာကို ရိုသေ လေးစားနိုင်မှု ရှိဖို့ ဆိုတဲ့ အချက်ကလည်း ခိုင်မြဲသာယာတဲ့ အိမ်ထောင် တခု၊ ရာသက်ပန် ခိုင်မြဲတဲ့ အချစ်တခု ဖြစ်ဖို့ အတွက် အများကြီးကို အရေးပါတဲ့ နေရာမှာ ရှိပါတယ်။
စိတ်ဓာတ်နဲ့ သိက္ခာကို လေးစားရင်းစွဲ ရှိနေပြီ ဆိုရင် ဘဝခရီး တလျှောက်မှာ တွေ့မြဲ ဖြစ်တဲ့ အပြစ်အနာအဆာ ကလေးတွေကို သည်းခံ ခွင့်လွှတ်နိုင်ပါတယ်။
စိတ်ဓာတ်နဲ့ သိက္ခာကို လေးစားမှု ပျက်ပြားသွားခဲ့ပြီ ဆိုရင်တော့ ကိုယ့်အကြိုက်ကို ဘယ်လောက်ပဲ ဆောင်နေစေကာမူ ကျေနပ် ကြည်နူးနိုင်တော့မယ် မဟုတ်ပါဘူး။
စိတ်ဓာတ်နဲ့ သိက္ခာကို ရိုသေ လေးစားမှု အကြောင်းနဲ့ ပတ်သက်ပြီး သတင်းစာ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးတို့ရဲ့ အကြောင်းကလေးကို ဖောက်သည်ချ ချင်ပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင်ဟာ စိတ်ဓာတ် အဆင့်အတန်း အမတန် မြင့်မားပြီး စာနာစိတ် အင်မတန် ကြီးမားလှသူ ဖြစ်ပါတယ်။ အလွန်လည်း ရှက်တတ်၊ အားနာတတ်ပါတယ်။
ဆရာရဲ့ စိတ်ဓာတ် အဆင့်အတန်း မြင့်မားပုံများ ကိုယ့်အိတ်ထဲကို ခါးပိုက်နှိုက်နေတာကို သိနေတာတောင် မသိချင်ယောင် ဆောင်ပြီး တဖက် လှည့်ပေးလိုက်တယ် ဆိုတာမျိုးပါ။
ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးက သူရေးခဲ့တဲ့ “သူလိုလူ” စာအုပ်မှာ
“တနေ့တွင် ညနေဘက် ရေကျော်မှ အပြန် လမ်းလျှောက်၍ လာကြသည်။ မိုးအုံ့နေ၍ ရန်ကုန်ဂေဇက် သတင်းစာတိုက် ရှေ့၌ ခေတ္တရပ်ပြီး လန်ချား စောင့်ခေါ်နေစဉ် အမှတ်ရ၍ သူပြန်ပြောခဲ့သည့် အဖြစ်အပျက်ကလေး တခုမှာလည်း သူ့အကြောင်းကို စဉ်းစားမိတိုင်း မမေ့ပျောက်နိုင်သည့် အဖြစ်အပျက်ကလေး တခုပင် ဖြစ်သည်။”
“ဤလမ်းရှေ့မှ နှင်းပန်းလမ်း သူ့အိမ်ရှိရာသို့ ဖြတ်ပြန်လာစဉ် မိုးတွေ သဲနေ၍ လူတယောက် သူ့ထီးအောက်ကို ဝင်ခိုလာသဖြင့် သူလည်း ထိုသူ မစိုအောင် ထီးကို ထိုသူဘက်သို့ ညွှတ်၍ မိုးပေးလာခဲ့သည်။ ဤသို့ ပြန်လာကြရာ မိုးကြီး သဲရွာလာသဖြင့် နှစ်ယောက်စလုံး စိုကုန်မည် ဖြစ်၍ ရန်ကုန်ု ဂေဇက် သတင်းစာတိုက် အောက်သို့ မိုးဝင်ခိုကြသည်။
ထိုအချိန်တွင် သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ကို သူ့ထီးရိပ် ဝင်ခိုလာသူက တဖြည်းဖြည်း ဆွဲထုတ် ယူနေသည်ကို သူသိသော်လည်း သူသိသည်ကို ထိုသူ မမြင်အောင် တဖက်သို့ ငေးပေးလိုက်ရကြောင်းနှင့် ပိုက်ဆံ ၁ ကျပ်နှင့် ၅ ပဲ ရသွားကြောင်း ပြောပြ၍ သူ့ကို ဘယ်သူ စော်ကား စော်ကား သူခံတော့မှာလား ဟု ကြားရသည်ကို ဝမ်းမသာမိဘဲ စိတ် အနှောင့်အယှက်ပင် ဖြစ်လာမိကာ ရှေ့ရေးကို တွေးလျက် အမျိုးမျိုး ပူပန်သွားသည်။”
“သူနှင့် အလွန် ရင်းနှီးသော ချစ်ဆွေကြီး ပန်းချီကျော် ဦးအုန်းလွင်က တနေ့တွင် သူ့အကြောင်းကို သူမရှိခိုက် ကျမကို ပြောပြပြန်သည်။”
“ဒီလူတော့ ကျနော် တခါ ဆွဲတောင် ထိုးချင်စိတ် ဖြစ်မိတယ်။ ဒီတုန်းက သူတို့ နှင်းပန်းလမ်းမှာ နေတယ်။ သူ့အိမ်မှာ လူစုံပဲ။ တချို့လည်း အလုပ်ရှိတယ်။ တချို့လည်း အလုပ် မရှိကြဘူး။ သူ့လခကို မှီပြီး သူ့အိမ်မှာ လာစားနေတဲ့ လူတွေ များတယ်။ သူ အလုပ်တိုက်က ပြန်တဲ့အချိန်က ည ၂ ချက်၊ ၃ ချက်မှ ပြန်တယ်။ ကျနော်လည်း သူ့အိမ်မှာပဲ နေတယ်။ တညတော့ သူပြန်လာတယ်။ အိမ်တံခါးကို သူလာရင် တွန်းဝင်နိုင်အောင် စေ့ရုံ စေ့ထားနေကျပဲ။ သူဘာ လုပ်လဲ သိရဲ့လား။ ဖြည်းဖြည်းလေးဗျ တံခါးကို အသာတွန်းပြီး အသံမကြားအောင် သူဝင်လာတယ်။ ကျနော်လည်း အိပ်ရာကနေ ကြည့်နေတယ်။ သူ့ လက်ထဲမှာ မုန့်လေပွေတွေ ပါလာတယ်။ ပုံပန်းကတော့ အားလုံး စားဖို့ သူဝယ်လာခဲ့တာပဲ။ နောက် ဒီလူ ဘယ်ပျောက် နေပါလိမ့်လို့ သိလည်း သိချင်တာနဲ့ အပြင်လည်း ထွက်ချင်တာနဲ့ ထတော့၊ လားလား သူက နောက်ဖေးဘက်မှာ မုန့်လေပွေ စားနေတယ်။ ခင်ဗျား ဘယ့်နှယ် ဒီနောက်ဖေးမှာ လာစားနေသလဲ။ အိမ်ထဲမှာ ဘာလို့ မစားသလဲ လို့ မေးတော့။ မုန့်လေပွေ ဝါးရင် အိပ်နေတဲ့ လူတွေ နိုးသွားမှာ စိုးလို့ တဲ့။ ကျုပ်ဗျာ မုန့်လေပွေ အသံထွက်မှာ ဒီလောက် စိုးရသလားလို့ ဆွဲကို ထိုးချင်တာပဲ” လို့ ရေးပြထားပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင်ဟာ အင်မတန် ရိုးသား ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ကြီး တဦး ဖြစ်ပါတယ်။
“လူ့ အပြင်ဘက်တွင် ရောက်နေသော သနားစရာ ကောင်းသည့် လူရိုး တယောက်” ဟု အိမ်ထောင် မကျခင်က ထင်မှတ်ခဲ့သည့် အတိုင်း သနားရလေပြီ။ သို့ကြောင့်လည်း ရင်းနှီးသူများက “ဘုန်းကြီး” ဟု ခေါ်သည်မှာ ဟုတ်မှန်ကြောင်း ဖွင့်ရေး လိုက်ရလေသည်။”
စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးက အဲဒီလိုလည်း ရေးပြခဲ့ပါသေးတယ်။
ဒီ ပုဂ္ဂိုလ်ကြီး ရိုးတာ၊ အားနာတတ်တာဟာ တော်ရုံလူ ဆိုရင်တော့ “နရမလား၊ အရမလား” ဆိုပြီး သည်းခံနိုင်ဖို့ မလွယ်လှပါဘူး။
ဂျာနယ်ကျော် မမလေးကတော့ ဒီရိုးတာ၊ အားနာတတ်တာ၊ သိက္ခာ သမာဓိ ရှိတာတွေကိုပဲ ရိုသေ လေးစား နေခဲ့တာကြောင့် စရိုက်မတူ၊ အကြိုက် မတူတာတွေကို သည်းခံနိုင်ခဲ့ပါတယ်။
ဘဝချင်း တူရာကနေ ခံစားချက်ချင်း၊ အကြိုက် စရိုက်ချင်း၊ အမြင် ခံယူချက်ချင်း တူညီကြတဲ့ အတွက် အချစ်ဆိုတာ ဖြစ်တည် လာခဲ့ရပါတယ်။
အဲဒီ ဖြစ်တည်လာတဲ့ အချစ်ကလေး အမြဲတမ်း ရှင်သန် လန်းဆန်းနေဖို့ အတွက် တဦးနဲ့ တဦး “ရိုသေလေးစားမှု” ဆိုတာ မရှိမဖြစ်ကို လိုအပ်ပါတယ်။
အဲဒါကြောင့် “ရိုသေလေးစားမှု” ဟာ အချစ်ရဲ့ ဝိညာဉ် ဖြစ်တယ်လို့ ဆိုလိုက်ရင် လွန်ရာကျမယ် မထင်ပါဘူး။ ။
(သတင်းစာဆရာကြီး လူထုစိန်ဝင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၁၉၉၉ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေသော “အတွေးအမြင်” စာစောင်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး လူထုစိန်ဝင်း သည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)