အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေချိန်တွင် မြန်မာနိုင်ငံသည် တရားမဝင် မူးယစ်ဆေးများကို ပိုမိုထုတ်လုပ်တင်ပို့နေသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အစိုးရကို ဖြုတ်ချချိန်မှစတင်ပြီး အကျပ်အတည်း ကျရောက်နေသည်။ ထိုအာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်ပြီး နောက်ဆုံးတွင် လက်နက်ကိုင် ပုန်ကန်မှု ဖြစ်စေသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာအရ မြန်မာမှ ဘိန်းစိုက်ခင်းများသည် ၂၀၂၃ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း များပြားလာပြီး စုစုပေါင်း ၄၇,၁၀၀ ဟက်တာ (၁၈၁ စတုရန်းမိုင်) အထိ ရှိလာသည်။
မြန်မာမှ ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းသည် ၂၀၂၁ ခုနှစ် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းယူပြီး ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ခြင်းကြောင့် အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းချိန်နှင့် တိုက်ဆိုင်နေသည်။ UNODC ၏ အဆိုအရ မြန်မာသည် အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံ ဖြစ်လာသည်။
ထိုသို့ ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းသည် တိုက်ဆိုင်မှု မဟုတ်ကြောင်း ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေး ကျွမ်းကျင်သူ ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။
“အာဏာသိမ်းပြီးနောက် မြန်မာရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်း ကျဆင်းတယ်။ ကျေးလက်ချေးငွေစနစ် ပြိုလဲသလောက် ဖြစ်သွားတော့ လယ်သမားတွေ ရပ်တည်ရေး နည်းလမ်းရှာဖို့ မျှော်လင့်ချက် ကင်းမဲ့သွာတယ်” ဟု ၎င်းက ပြောသည်။
“အာဏာသိမ်းပြီးနောက် မြန်မာရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်း ကျဆင်းတယ်။ ကျေးလက်ချေးငွေစနစ် ပြိုလဲသလောက် ဖြစ်သွားတော့ လယ်သမားတွေ ရပ်တည်ရေး နည်းလမ်းရှာဖို့ မျှော်လင့်ချက် ကင်းမဲ့သွာတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့ဘိန်းထုတ်လုပ်မှုသမိုင်း
ထိုင်း၊ တရုတ်၊ လာအိုတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သည် ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုတွင် ဗဟိုချက် ဆက်လက်ဖြစ်နေပြီး မြန်မာတွင် ဘိန်းစိုက်ပျိုးမှု၏ ၈၈ ရာခိုင်နှုန်းသည် ထိုဒေသတွင် ရှိကြောင်း UNODC က ဖော်ပြသည်။
ထိုဒေသတွင် နှစ်စဉ် ဘိန်းစိုက်ပျိုးမှု တိုးတက်နေပြီး တနှစ်လျှင် ၂၀ ရာခိုင်နှုန်း ရှိသည်။
ဘိန်းစိုက်ပျိုးခြင်းသည် မြန်မာပြည်သူများ ဝင်ငွေရရေး နည်းလမ်းတခုဖြစ်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် လာအိုနယ်စပ်များအထိ ကျယ်ပြန့်သည့် ရွှေတြိဂံဒေသသည် သမိုင်းအရ ဘိန်းထုတ်လုပ် မှောင်ခိုကူးသည့် လုပ်ငန်းအတွက် အမည်ဆိုးကျော်ကြားသော ဒေသဖြစ်သည်။
မြန်မာတွင် ဘိန်းကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် အဓိက စိုက်ပျိုးပြီး ဆန်ကဲ့သို့သော သီးနှံများထက် ဝင်ငွေပိုမိုကောင်းသောကြောင့် လယ်သမားများကို ပိုမိုဆွဲဆောင်နိုင်သည်။
ဘိန်းထုတ်လုပ်မှု တိုးလာခြင်းနှင့်အတူ ဘိန်းဖြူတင်ပို့မှု မြင့်တက်လာသည်။ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ တန်ကို မြန်မာမှတင်ပို့သည်။
ရေပန်းအစားဆုံး မူးယစ်ဆေး
ဘိန်းဖြူသည် မြန်မာတွင် ထုတ်လုပ်သည့် တခုတည်းသော မူးယစ်ဆေး မဟုတ်ပေ။ မက်သာဖက်တမင်းသည် အာရှတွင် အကြီးအကျယ် လူကြိုက်များသည့် မူးယစ်ဆေးဖြစ်ကြောင်း အရှေ့တောင်အာရှ မူးယစ်ဆေးကုန်သွယ်မှုကို အထူးပြုလေ့လာသည့် အမေရိကန် သတင်းစာဆရာနှင့် Narcotopia စာအုပ်ကို ရေးသားသူ ပက်ထရစ်ဝင်းက DW သို့ ပြောသည်။
“မြန်မာမှာ မူးယစ်ဆေးထုတ်လုပ်မှု တိုးလာပေမယ့် မက်က ဒေသတွင်းမှာ ဘုရင်ပဲ” ဟု ၎င်းက ပြောပြီး ပ။ မက်သာဖက်တမင်းကဲ့သို့ ဓာတုဆေးထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် ဘိန်းဖြူသည် ခေါင်းကိုက်သည့် အဆင့်သာရှိကြောင်း ပြောသည်။
“ဘိန်းဖြူ ကုန်ကြမ်းက မြေ၊ သင့်တင့်တဲ့ ရာသီဥတု၊ စိုက်ခင်းထဲမှာ လုပ်အားအများကြီး လိုတယ်။ မက်ကို ရာသီဥတုနဲ့ ကင်းလွတ်ပြီး အိမ်တွင်းဓာတ်ခွဲခန်းမှာ ဓာတုဗေဒသမား နည်းနည်းနဲ့ ထုတ်လုပ်လို့ရတယ်။ လုပ်အားနည်းနည်းနဲ့ တန်ဖိုးများများ ထုတ်နိုင်တယ်” ဟု ၎င်းကပြောသည်။
“လက်ရှိနဲ့ အနာဂတ် မူးယစ်ဆေးက ဓာတုဆေးဝါးပဲ။ ဒါကြောင့် သုံးစွဲသူတွေ အကြိုက် မပြောင်းရင် ဒေသတွင်း မူးယစ်ဂိုဏ်းတွေက ထုတ်လုပ်နိုင်တဲ့ ဘိန်းဖြူပမာဏမှာ အကန့်အသတ်ရှိနိုင်တယ်” ဟု ပက်ထရစ်ဝင်းက ပြောသည်။
“လက်ရှိနဲ့ အနာဂတ် မူးယစ်ဆေးက ဓာတုဆေးဝါးပဲ။ ဒါကြောင့် သုံးစွဲသူတွေ အကြိုက် မပြောင်းရင် ဒေသတွင်း မူးယစ်ဂိုဏ်းတွေက ထုတ်လုပ်နိုင်တဲ့ ဘိန်းဖြူပမာဏမှာ အကန့်အသတ်ရှိနိုင်တယ်” ဟု ပက်ထရစ်ဝင်းက ပြောသည်။
မူးယစ်ဆေးကုန်သွယ်မှု တိုက်ဖျက်ရေး
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းသည် ဘိန်းဖြူ၊ မက်နှင့် ကတ်တမင်းကဲ့သို့သော မူးယစ်ဆေး ထုတ်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်း ပိတ်ပင်ခြင်း အပါအဝင် မြန်မာမှ မူးယစ်မှောင်ခိုလုပ်ငန်းကို လျှော့ချရန် မိုမိုလုပ်ဆောင်ရမည်ဟု ပါမောက္ခ အဘူဇာက ပြောသည်။
“အာဆီယံက အခုလောလောဆယ် မြန်မာနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တာ ဘာမှမလုပ်ဘူး” ဟု ၎င်းက ပြောသည်။
“အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ အိန္ဒိယက ဓာတုပစ္စည်းရောင်းတာကို မပိတ်ပင်ရင် မူးယစ်ဆေး ထုတ်လုပ်မှု အဆုံးသတ်ဖို့ မမြင်ဘူး။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာမှာ စီးပွားရေး အားနည်းနေချိန် တရားမဝင် စီးပွားရေး အကြီးအကျယ် တိုးတက်နေတာကို စိတ်ပူသင့်တယ်” ဟုလည်း ပါမောက္ခ အဘူဇာက ပြောသည်။
မြန်မာ့စီးပွားရေး ပြိုလဲ
တရားမဝင် မူးယစ်ဆေး စီးပွားရေး အောင်မြင်နေသော်လည်း မြန်မာ၏ တရားဝင်စီးပွားရေး အခြေအနေသည် ဆိုးရွားနေသည်။ မြန်မာသည် အရှေ့အာရှတွင် ကပ်ရောဂါမတိုင်မီက အဆင့်အထိ စီးပွားရေး နာလန်မထသေးသည့် တခုတည်းသောနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတစောင်အရ သိရသည်။
စီးပွားရေးကျဆင်းမှုသည် တနိုင်ငံလုံးမှ နေ့စဉ်ဘဝကို ထိခိုက်စေကြောင်း နိုင်ငံရေး သုတေသီ ဦးအောင်သူငြိမ်းက DW သို့ ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာက စားသုံးသူတွေဟာ လောင်စာ၊ စားအုန်းဆီ၊ ဆန်နဲ့ဆေးဝါးလို အခြေခံကုန်စည်တွေအတွက် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရတယ်။ မြန်မာက မိသားစု အများအပြားဟာ ဝင်ငွေထွက်ငွေ မျှတဖို့ ပိုများတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်” ဟုလည်း ၎င်းက ပြောသည်။
မြန်မာကျပ်ငွေကို မေလ ၁ ရက်နေ့က တဒေါ်လာလျှင် ၄,၅၀၀ ကျပ်ဖြင့် ရောင်းဝယ်သည်။
“ငွေထုတ်လုပ်မှု တိုးလာတာ၊ ကျပ်ငွေတန်ဖိုး ကျလာတာနဲ့ ကမ္ဘာ့ကုန်စည် ဈေးတက်တာ အားလုံးက ငွေကြေးဖောင်းပွမှု အလျင်အမြန် ဖြစ်ပွားတာကို အားပေးပြီး အမှန်တကယ် ဝင်ငွေကို ကျဆင်းစေတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။
“ငွေတိုးထုတ်တာ၊ ကျပ်ငွေတန်ဖိုး ကျလာတာနဲ့ ကမ္ဘာ့ကုန်စည် ဈေးတက်တာ အားလုံးက ငွေကြေးဖောင်းပွမှု အလျင်အမြန် ဖြစ်ပွားတာကို အားပေးပြီး ဝင်ငွေကို တကယ် ကျဆင်းစေတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။
မြန်မာမှ အလုပ်မရှိသူများအတွက် ပြဿနာတခုမှာ ငွေရှာရန် နည်းလမ်းသည် အန္တရာယ် ရှိနေသည်။
တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုသည် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရနိုင်ပြီး မူးယစ်ဆေးဝါး ပိုင်ဆိုင်မှု သို့မဟုတ် မှောင်ခိုသည် ထောင်နှစ်ရှည်နှင့် အချို့အမှုများတွင် သေဒဏ်အထိ ကျနိုင်သည်။
အခြားရွေးချယ်စရာမှာ စစ်တပ်ထဲသို့ ဝင်ရန်ဖြစ်သည်။ ဖေဖော်ဝါရီလတွင် ဆယ်စုနှစ်တခု သက်တမ်း ရှိသော်လည်း မကျင့်သုံးဘဲထားသည့် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်ပြီး အမျိုးသား အမျိုးသမီးများသည် နှစ်နှစ် စစ်မှုထမ်းရန် လိုအပ်လာသည်။ ထိုကိစ္စကလည်း စီးပွားရေးကို ထိခိုက်စေကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။
“အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေရဲ့ ဆိုးကျိုးကတော့ လုပ်အားရွှေ့ပြောင်းမှုနဲ့ အလုပ်ပြတ်တောက်မှုကြောင့် ကဏ္ဍအမျိုးမျိုးမှာ သိသိသာသာ မြင်နိုင်တယ်။ ရုံးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းလို ကော်လာဖြူကဏ္ဍမှာ ပညာရှင်အများအပြားက လုပ်ငန်းမှာ ရာထူးတက်ဖို့ မကြိုးစားဘဲ ပြည်ပကို ပြောင်းရွှေ့တယ်။ ဒီအခြေအနေက လူသားရင်းမြစ် အကျပ်အတည်းကို ဦးတည်စေနိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။
(DW ပါ Tommy Walker ၏ Myanmar’s civil war drives up drug production ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ကုလသမဂ္ဂကြောင့် မြန်မာ့မူးယစ်ဆေးပြဿနာ ပိုမိုဆိုးရွားနေသလား