(၁) အဝေးမှာ အနေကြာလာတဲ့အခါ အိမ်လွမ်းစိတ်က တိတ်တဆိတ် ရောက်လာတတ်တာပဲ။ အထူးသဖြင့်တော့ နှစ်ကာလတာရှည် နေလာတဲ့ ရန်ကုန်မြို့ကြီးကို လွမ်းတယ်။ ရန်ကုန်မြို့ရဲ့ မနက်ခင်းတွေကို လွမ်းတယ်။ မိတ်ဆွေများနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပွားရတာကို လွမ်းတယ်။ ရန်ကုန်မြို့ရဲ့ ညနေခင်းတွေကို လွမ်းတယ်။ ဘီယာဆိုင်တွေကို လွမ်းတယ်။ ရန်ကုန်ရဲ့ လူနေမှုပုံသဏ္ဍာန်က ထူးခြားတယ်။
ရန်ကုန်ဟာ ကိုဗစ်နိုင်တင်းကနေ ရုန်းထအပြီး စစ်အာဏာရှင်လက်အောက် ကျရောက်သွားတယ်။ နိုင်ငံတခု ပျက်သုဉ်းသွားတယ်။ သုံးနှစ်တာအတွင်း တိုင်းပြည်က ရစရာမရှိအောင် ပျက်စီးသွားတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်အစုအဖွဲ့တွေ၊ တော်လှန်ရေးအုပ်စုတွေ ပေါ်လာတယ်။ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ စစ်တပ်ဟာ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးသွားပြီ။
ရခိုင်ပြည်နယ်မှာ စစ်တပ်ဟာ တမြို့ပြီးတမြို့ ထွက်ပြေးနေရတယ်။ ရခိုင်က မြို့ ကိုးမြို့ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်မှာ။ စစ်က မပြီးသေးဘူး။
စစ်ကိုင်းအထက်ပိုင်း၊ မုံရွာအနီးပတ်ဝန်းကျင်နဲ့ ကယား (ကရင်နီ) ကိုတော့ လက်လွှတ်ဆုံးရှုံးသွားသလောက် ရှိပြီ။ စစ်တပ်ဟာ မေမြို့အနီးအထိ ခြိမ်းခြောက်ခံနေရပေမယ့် မန္တလေး၊ နေပြည်တော် နဲ့ ရန်ကုန် နေရာကွက်ကွက်လေးမှာ သာယာနေသေးတယ်။
အာဏာရှင်ဟာ ကတုတ်ကျင်းနား ကျည်လာမကျခင်အထိ သာယာနေတုန်းပဲ။ ထူးခြားမှုက ဒီမြို့ကြီးတွေဟာ စစ်ဘေးဇုန်က ကင်းလွတ်နေတယ်။ နိုင်ငံဧရိယာ ၆၀ ရာခိုင်နှုန်းကျော်မှာ စစ်ဘေးဒဏ်သင့်နေပေမယ့် ဒီမြို့ကြီးတွေရဲ့ အပေါ်ယံက သာယာနေသယောင်။
ရန်ကုန် ဘားတွေက ညစဉ် အစည်ကား မပျက်သေး။ ရော့ခ်ကာကြီးတချို့၊ အဆိုတော်ကြီးတချို့ ပွဲခံနေကြတုန်း။ ရန်ကုန်ဟာ စစ်ဘေးလွတ်နယ်မြေ။ မန္တလေး၊ နေပြည်တော်ဟာ စစ်မဲ့ဒေသ။ အာဏာရှင်ဟာ ဒီအပေါ်မှာ သာယာနေတုန်းပဲ။
ရန်ကုန် ဘားတွေက ညစဉ် အစည်ကား မပျက်သေး။ ရော့ခ်ကာကြီးတချို့၊ အဆိုတော်ကြီးတချို့ ပွဲခံနေကြတုန်း။ ရန်ကုန်ဟာ စစ်ဘေးလွတ်နယ်မြေ။ မန္တလေး၊ နေပြည်တော်ဟာ စစ်မဲ့ဒေသ။ အာဏာရှင်ဟာ ဒီအပေါ်မှာ သာယာနေတုန်းပဲ။
(၂) ကနုတ်ဘားရဲ့ မှောင်ရီဝိုးဝါး စားပွဲဝိုင်းမှာ မဆုံတာကြာပြီဖြစ်တဲ့ မိတ်ဆွေတဦးနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့တယ်။ သူက ရန်ကုန်သား မဟုတ်။ နယ်မြို့တမြို့မှာ တင့်တောင့်တင့်တယ် နေနိုင်စားနိုင်သူ။
“အခြေအနေ မကောင်းဘူးဗျာ၊ အိမ်ရှေ့အထိ ကျည်လာကျတယ်။ မကြာခဏ ပစ်ကြခတ်ကြတယ်။ မနေရဲတော့ဘူး။ သားကလည်း အသက် ၂၀ လေ။ ဆက်နေလို့ မဖြစ်နိုင်တော့လို့ လောလောဆယ် ဒီကို ပြောင်းနေတာ။ နှစ်လလောက် ရှိပြီ”။
သူ့မြို့က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ။ ရိုးမနဲ့နီးပြီး အရှေ့ဘက်ခြမ်းမှာ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတယ်။
ကနုတ်ဘားရဲ့ စင်မြင့်ပေါ်မှာ ပလေးဘွိုင်းသန်းနိုင် သီချင်းတပုဒ်ကို ကျယ်ကျယ်လောင်လောင် တီးခတ်နေတာ တွေ့ရတယ်။ Yangon vibe ဟာ စစ်ကြီးနဲ့ မပတ်သက်သလို ရှင်သန်နေတယ်။ စားပွဲဝိုင်းတွေမှာ လူမများပေမယ့် အတန်အသင့်တော့ ရှိနေတယ်။ အရက်ငှဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် စားပွဲထိုးလေးတွေလည်း ရှိရဲ့။

“သမီးက ဒဂုံဆိပ်ကမ်းမှာ နေတာ။ ဒီဆိုင်ရောက်တာ နှစ်လလောက်ပဲ ရှိသေးတယ်။ လခ တသိန်းခွဲပဲ ရတာပါ။ အရင်က အညာမှာနေတာ။ အညာမှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဒီကို ပြောင်းလာတာ”။
ရန်ကုန်က စစ်ကြီးနဲ့ ဘာမှ မပတ်သက်သလို လည်ပတ်နေသလိုမျိုး တွေ့ရတယ်။ လူတွေ စိတ်မသက်မသာသလို ခံစားမှုကြီးနဲ့ ထွေးပိုက်နေရပေမယ့် တနေ့တာ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှား၊ ရောင်းဝယ် ဖောက်ကားနေကြရတာပါပဲ။
မသိမသာ ရန်ကုန်မှာ လူဦးရေ တိုးလာနေတယ်။ ကျောက်မြောင်း၊ တာမွေဘက်မှာ ရှမ်းခေါက်ဆွဲဆိုင်အသစ်တွေ၊ မာလာရှမ်းကောဆိုင်တွေ ပေါ်လာတယ်။ ရှမ်းအစားအစာရောင်းတဲ့ ဆိုင်ရှင်ကို မေးကြည့်တော့ ကြူကုတ်က ပြောင်းလာတာတဲ့။ အလားတူ ချင်းအစားအစာ၊ ကယားအစားအစာဆိုင် အသစ်တွေ ပေါ်လာတယ်။ ဒါတွေက မအေးချမ်းတော့တဲ့ နယ်မြို့တွေကို စွန့်ခွာပြီး မြို့ပေါ်တက်လာနိုင်ကြတဲ့ အလယ်အလတ် လူတန်းစားတွေ။
မုံရွာလို မြို့ကြီးကို စွန့်ခွာပြီး လတ်တလော ရန်ကုန်မှာ လာအခြေချနေထိုင်တဲ့ မိတ်ဆွေတဦးကိုလည်း တွေ့ရတယ်။ တကယ်ဆို မုံရွာက မြိုကြီးတမြို့ပဲ။ သူဟာ သူ့မြို့ထက် ပိုပြီး လုံခြုံတဲ့ ရန်ကုန်ကို ရွှေ့ပြောင်းလာတာ ဖြစ်တယ်။
စစ်တွေ၊ ကျောက်ဖြူဘက်က လူတွေလည်း အခု ရန်ကုန်မှာ အခြေချနေလာကြတယ်။ ဒီလူတွေက ပိုက်ဆံတတ်နိုင်လို့၊ သူ့မြို့မှာလည်း အတန်အသင့် ဥစ္စာပစ္စည်းရှိလို့ သူတို့အတွက် လုံခြုံစိတ်ချနိုင်တဲ့ ရန်ကုန်ကို အခြေချလာကြတာ ဖြစ်တယ်။ သူတို့လို ပြောင်းရွှေ့ဖို့ မတတ်နိုင်သူတွေကတော့ တောထဲ တောင်ထဲ၊ ဘေးလွတ်မယ်ထင်ရတဲ့ အရပ်တွေကိုဆီ စွန့်ခွာထွက်ပြေးကြပေါ့။
မုံရွာလို မြို့ကြီးကို စွန့်ခွာပြီး လတ်တလော ရန်ကုန်မှာ လာအခြေချနေထိုင်တဲ့ မိတ်ဆွေတဦးကိုလည်း တွေ့ရတယ်။ တကယ်ဆို မုံရွာက မြိုကြီးတမြို့ပဲ။ သူဟာ သူ့မြို့ထက် ပိုပြီး လုံခြုံတဲ့ ရန်ကုန်ကို ရွှေ့ပြောင်းလာတာ ဖြစ်တယ်။
စစ်အာဏာရှင် ခြေဖဝါးအောက် လေးနှစ်နီးပါး ကြာလာချိန်မှာ ရန်ကုန်ဟာ ဒဏ်ရာတွေကို ထွေးပွေ့ထားရင်း ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းနေတုန်း။
(၃) “ဒီမှာ ပိုက်ဆံရှင်းမယ်ဟေ့၊ ဘယ်လောက်ကျလဲ”
ချင်းမိုင် ကျုံးဘေးက စည်ကားပြီး ရှုပ်ထွေးလှတဲ့ ညဈေးတန်းမှာ ထမင်းကြော်တပွဲ စားပြီးလို့ ပိုက်ဆံရှင်းမယ်ဆိုတော့ အနားမှာ စားပွဲထိုးတယောက်မှ မတွေ့တာနဲ့ မြန်မာလိုပဲ အသံကျယ်ကျယ် အော်ပြီး ပြောလိုက်တယ်။
လူငယ်လေးတယောက် အနားရောက်လာပြီး “ဘတ် ၇၀ ကျပါတယ်” လို့ ပြောတယ်။ နိုင်ငံခြားသားတွေ၊ ထိုင်းတွေ၊ တရုတ်တွေ၊ ဂျပန်၊ ကိုးရီးယား လူမျိုးပေါင်းစုံနဲ့ ထိုင်းစားသောက်ဆိုင်တွေကြားထဲ မြန်မာစားပွဲထိုးလေးကို တွေ့လိုက်တယ်။ မအံ့ဩလှပါဘူး။ ကိုယ်က ရမ်းသမ်းပြီး မြန်မာလို ပြောလိုက်တာ။ တယောက်မဟုတ် တယောက်က မြန်မာပြည်က လာသူပဲ။
“ဘယ်က လာတာလဲ”
“ကရင်ပြည်နယ်ကပါ”
“ကြာပြီလား ရောက်နေတာ”
“တနှစ်ကျော်လောက်တော့ ရှိပြီ”
အဆင်ပြေလား ဆိုတော့ “မြန်မာပြည်ထက်စာရင်တော့ အဆင်ပြေပါတယ်” တဲ့။
၂၀၂၄ ခုနှစ် ခန့်မှန်းခြေ စာရင်းတွေအရ ချင်းမိုင်မှာ မြန်မာပြည်ဘက်က ပြောင်းရွှေ့လာသူပေါင်း ၂ သိန်းကျော် ရှိနေပြီလို့ သိရတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ တိုင်းပြည် အခြေအနေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအပြင် နေရပ်စွန့်ခွာလာသူတွေထဲမှာ ပညာတတ်တွေ၊ အလယ်အလတ် လူတန်းစားတွေအထိ ပါဝင်လာခဲ့တယ်။

တရက် ရပ်ကွက်ဈေးလေးထဲ ထမင်းဆိုင်မှာ ထမင်းနဲ့ဟင်း ပါဆယ်ဝယ်တော့ ထုံးစံအတိုင်း ပိုက်ဆံကို Scam နဲ့ ရှင်းတဲ့ခါ ဆိုင်ရှင်အမျိုးသမီးရဲ့ ဘဏ်အကောင့်က Nam Kham Aye (နန်းခမ်းအေး) တဲ့။ နာမည်တွေ့တော့မှ ဆိုင်ရှင်က ရှမ်းအမျိုးသမီး ဖြစ်နေတာ သိရတယ်။ Grab Bike ခေါ် စီးတော့ ဆိုင်ကယ်ပိုင်ရှင်အမည်က Sai Thiha (စိုင်းသီဟ) တဲ့။
ဒီနှစ်ထဲ ချင်းမိုင်မှာ မြန်မာစားသောက်ဆိုင်တွေ တခုပြီးတခု တိုးလာသလို မြန်မာအဖွဲ့အစည်းကလည်း ကြီးထွားလာတယ်။
ဘန်ကောက်ကတော့ ဆိုဖွယ်ရာ မရှိပြီပေါ့။ မြို့လယ်ကောင် ပရာတူနမ်တဝိုက် ကာဗာနန်းတော်၊ သုဝဏ္ဏဒံပေါက်၊ ခိုင်ခိုင်ကျော် ထမင်းဆိုင်၊ Feel စားသောက်ဆိုင် အပါအဝင် ပလက်တီနမ်မောလ်မှာ မြန်မာတွေ၊ မြန်မာဈေးဆိုင်တွေ များမှများ။
တရက်မှာတော့ စည်ကားလှတဲ့ ဆူခွန်ဗစ်လမ်းမပေါ်က NaNa ဘီယာဆိုင်ထဲ ဘီယာဝင်သောက်တော့ တဆိုင်လုံး မြန်မာစားပွဲထိုးတွေ။ စည်ကားလှတဲ့ ဆူခွန်ဗစ်လမ်းဘေးပလက်ဖောင်းပေါ်က ဈေးသည်တွေကလည်း မြန်မာပြည်က လာသူတွေ။ ရန်ကုန်မြို့၊ စမ်းချောင်း ‘ဝင်း’ ဘီယာဆိုင်နဲ့ တော်တော်တူတဲ့ NaNa ဘီယာဆိုင်မှာလည်း “ဘာတွေရလဲ” မေးလိုက်တာ မီနူးစာအုပ်လေး လာပေးတော့တာပဲ။ ဘားအံက လာတာတဲ့။ ရွာက လာတာတဲ့။ ရွာမပြန်နိုင်ဘူးတဲ့။ ဒီကနေ ပိုက်ဆံ လှမ်းပို့ပေးရတယ်တဲ့။
စင်ထရယ်ရာမ-၉ နားက ကွန်ဒိုမှာလည်း မြန်မာတွေ။ ရှော့ပင်းမောလ်၊ ကော်ဖီဆိုင်တွေမှာ ရှောင်မလွတ် မြန်မာတွေ။ ဒီဘက်နှစ်တွေထဲ ရောက်လာသူတွေက အလွှာစုံ။ ကွန်ဒိုပေါ်နေသူတွေ ရှိသလို လမ်းဘေးနေရသူလည်း တွေ့ရ။
နေရာတကာ ဆေးလိပ်သောက်ခွင့်မရှိတဲ့ ဘန်ကောက်မှာ လူရှင်းတဲ့ တိုက်အောက် ကွက်လပ်နေရာရှာပြီး ဆေးလိပ်သောက်ရတယ်။ စင်ထရယ်ရာမ-၉ ကွန်ဒိုအောက်ဘက် ကွက်လပ်ခုံတန်းမှာ ညဘက်တရက် ဆေးလိပ်ဖွာရင်း ထိုင်နေတော့ မလှမ်းမကမ်းမှာ ကလေးမ ငယ်ငယ်လေးတစ်ယောက် ဘေးနား အထုပ်ချပြီး ဖုန်းထိုင်ပွတ်နေတာ တွေ့ရတယ်။ တော်တော်လေး နွမ်းပါးပုံပါပဲ။ ခဏနေတော့ သူကြည့်နေတဲ့ ဖုန်းက မြန်မာရုပ်ရှင်ကားအသံတွေ ကြားလိုက်ရလို့ အံ့ဩသွားတယ်။ “ဘယ်က လာတာလဲ” လို့ မြန်မာလို မေးကြည့်လိုက်တယ်။ သူ ကြောင်ပြီး ကြည့်နေတယ်။ သူကလည်း ကိုယ့်ကို မြန်မာလို့ ထင်ထားပုံမရဘူး။
မြန်မာပြည်တွင်းစစ်ဟာ လူသန်းပေါင်းများစွာရဲ့ အသိုက်အမြုံတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၄ ခုနှစ်အထိ မြန်မာပြည်သူ ၂ သန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရတယ်။
“တောင်ကြီးက လာတာပါ” ဆိုပြီး အသံဝဲဝဲနဲ့ ပြောတယ်။ ဘာလူမျိုးလဲ ဆိုတော့ ပအို့ဝ် လူမျိုးပါတဲ့။ ဒီမှာ ဘာလာလုပ်တာလဲဆိုတော့ အိမ်ဖော် (အိမ်အကူ) လုပ်တာပါတဲ့။ သူဌေးက အိမ်ပေါ်တက်ဖို့ မခေါ်သေးလို့ စောင့်နေတာတဲ့။ “တယောက်တည်းလားဆိုတော့ တယောက်တည်း” တဲ့။
(၄) မြန်မာပြည်တွင်းစစ်ဟာ လူသန်းပေါင်းများစွာရဲ့ အသိုက်အမြုံတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၄ ခုနှစ်အထိ မြန်မာပြည်သူ ၂ သန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၂ ဒသမ ၁ သန်းရှိပြီး မှတ်ပုံမတင်ထားသူ အရေအတွက် အမြောက်အများ ရှိနေသေးပါတယ်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာဘက်က ဝင်ရောက်နေထိုင်သူ ၂၆၃,၀၀၀ ရှိပြီး အဲဒီအထဲက ၆၀,၀၀၀ ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ရှိလာသူတွေလို့ ဆိုတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲများနဲ့အတူ စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုမထမ်း မနေရအမိန့်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်ဟာ တဟုန်ထိုး များပြားလာခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသူ အရေအတွက် စုစုပေါင်း ၁၈ ဒဿမ ၆ သန်း ရှိနေပြီလို့ သိရပါတယ်။
မြန်မာပြည်တွင်းစစ်ဟာ ထောင်သောင်းချီတဲ့ လူတွေရဲ့ အသက် အိုးအိမ်တွေကို ဖျက်စီးပစ်လိုက်တယ်။ တနေရာတည်းမဟုတ်။ နိုင်ငံအနှံ၊ နေရာအနှံ့။ စစ်အာဏာသိမ်းမှုကြောင့် ပျက်သုဉ်းသွားတဲ့ နိုင်ငံတခုရဲ့ မြင်ကွင်းဟာ လွတ်လပ်ရေးရအပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က အခြေအနေကို ပြန်ရောက်သွားခဲ့တယ်။
မြန်မာပြည် ကျေးလက်ဒေသ အသီးသီးက စစ်ရှောင်ပြည်သူတွေဟာ အဲဒီအချိန်က ရန်ကုန်မြို့ကြီးပေါ် ထွက်ပြေးခိုလှုံလာကြသလိုမျိုး အခုလည်းပဲ စစ်ရှောင်ပြည်သူတချို့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေပေါ် ရောက်ရှိလာကြတယ်။
ဟိုတုန်းကနဲ့ ဒီနေ့ မတူတာက ဒီတခါ ပြည်ပနိုင်ငံအသီးသီးကိုပါ ရောက်ရှိသွားကြခြင်းပါပဲ။
(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories:
ထိုင်းသို့ ရွှေ့ပြောင်းအခြေချ မြန်မာများ ငယ်ရွယ်ပြီး ပညာရပ် ကျွမ်းကျင်
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ
မြန်မာကလေးများကို ပြည်နှင်ဒဏ်ပေးသည့် ထိုင်းဆုံးဖြတ်ချက်ကို ရှုတ်ချ














