ထိုင်းနိုင်ငံ၊ စမွတ်ဆခွန်ပြည်နယ်၊ အန်ထောင်ရှိ ထိုင်းရတ် ဝတ္တရာ ၆ ကျောင်းမှ မြန်မာတိုင်းရင်းသား ကလေးငယ် ၁၂၆ ဦးကို မြန်မာသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် ထိုင်းအရာရှိများ၏ ဆုံးဖြတ်ချက်ကို ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ရှုတ်ချလိုက်သည်။
ဆရာ နှစ်ဦး၊ ဒါရိုက်တာ တဦးနှင့် အုပ်ချုပ်ရေးဝန်ထမ်း တဦးသာရှိသော ထိုင်းရတ် ဝတ္တရာ အမှတ် ၆ ကျောင်းတွင် တိုင်းရင်းသားကလေးငယ် အများအပြား ကျောင်းအပ်သည်ဟု ဒေသခံများက ဇွန်လတွင် တိုင်ကြားသည်။ ကလေးငယ်အများအပြားက ၎င်းတို့သည် မြန်မာနှင့် ထိုင်းနိုင်ငံကို ပိုင်းခြားထားသည့် တောင်တန်းတခုဖြစ်သော ချင်းရိုင်ပြည်နယ်၊ ဒွိုင်မဲဆလောင်ရှိ အခါကျေးရွာမှ လာကြောင်း စကားပြန်တဦးက ပြောသည်။
သို့သော် အန်ထောင်ရှိ ထိုင်းရတ် ဝတ္တရာ ၆ ကျောင်းမှ မြန်မာတိုင်းရင်းသား ကလေးငယ် ၁၂၆ ဦးလုံးကို ဇူလိုင်လ ၅ ရက်နေ့တွင် ချင်းရိုင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ချင်းရိုင်တွင် ၎င်းတို့၏ မိဘများက ထိုကလေးများကို လာရောက်ခေါ်ဆောင်ပြီး မြန်မာသို့ ပြန်ရန်ဖြစ်သည်။ အန်ထောင်မှ လူဝင်မှုကြီးကြပ်ရေးရဲဌာန၊ အန်ထောင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံမှု ပြည်နယ်ရုံး၊ အခြားသက်ဆိုင်ရာဌာနများက ၎င်းတို့ ပြန်ရန် စီစဉ်ပေးသည်။
အန်ထောင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံမှု ပြည်နယ်ရုံးမှ သတင်းရင်းမြစ်တခုက ထိုကလေးများအနက် ၃၀ ကို မိဘများက လာရောက်ခေါ်ဆောင်သဖြင့် ပြန်လည် ပို့ဆောင်ပြီးကြောင်း ပြောသည်။ ကျန်ကလေးများသည် ချင်းရိုင်လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံမှု ပြည်နယ်ရုံးတွင် မြန်မာသို့ ပြန်ရန် စောင့်နေကြသည်။
နိုင်ငံမဲ့နေသည့်တိုင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ ထိုင်းတွင် ပညာသင်ယူခြင်းသည် ဥပဒေနှင့်ညီသောကြောင့် ထိုတိုင်းရင်းသား လူနည်းစုကလေးငယ်များကို ပြည်နှင်ဒဏ်ပေးခြင်းသည် မသင့်တော်သလို မလိုအပ်ကြောင်း ချင်းမိုင်တက္ကသိုလ်၊ ဥပဒေမဟာဌာန ဒုတိယဌာနမှူး လက်ထောက် ပါမောက္ခ ဒါရူနီ ပိုင်ဆန်ပန်နီကူးက ဘန်ကောက်ပို့စ်သို့ ပြောသည်။
ပြည်နယ်အုပ်ချုပ်ရေးဌာနသည် ထိုကျောင်းသားများကို မှတ်ပုံတင်ထုတ်ပေးပြီး ပညာရေးစနစ်တွင် မှတ်ပုံတင်ပေးသင့်ကြောင်း ပါမောက္ခက ပြောသည်။ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အရ မည်သည့်လူမျိုးစုမဆို ကလေးငယ်များအားလုံးသည် ပညာသင်ယူပိုင်ခွင့်ရှိကြောင်း ပြောသည်။
မြန်မာမှ တိုင်းရင်းသားလူနည်းစု ကလေးငယ် အများအပြားသည် ဆွေမျိုးများ၏ စောင့်ရှောက်မှုဖြင့် ထိုင်းတွင် ပညာသင်ကြားရန် လာရောက်ကြောင်း Mirror Foundation နှင့် ရိုင်ဆမ် တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချများဆိုင်ရာ သင်ကြားရေးဌာန ဒါရိုက်တာ မစ္စတာ ဝီရာ ယိုးယမ်က ပြောသည်။
ထိုကလေးများကို ပြည်နှင်ဒဏ်ပေးခြင်းသည် ရက်စက်လှကြောင်း မစ္စတာ ဝီရာက ပြောသည်။
“ထိုင်းအရာရှိတွေက ဒီကလေးတွေ ချင်းရိုင်မှာပဲ ပညာသင်ကြားစေချင်ရင် ကျောင်းဝင်ခွင့်အတွက် ဒေသဆိုင်ရာ ကျောင်းတွေကို ဆက်သွယ်သင့်တယ်။ ပြည်နှင်ဒဏ်ပေးတာ သူတို့ပညာရေး ဆုံးရှုံးတာပဲ” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလူနည်းစု ကလေးများ၏ ပညာရေးအခွင့်အရေးကို အကာအကွယ်ပေးရန် အာဏာပိုင်များကို တောင်းဆိုသည့် တိုင်ကြားစာအား အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဇွန်လတွင် ပေးပို့ခဲ့ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်နာ မစ္စတာ ဝါဆန် ပိုင်လီကလီက ပြောသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ကလေးများ၏ လုံခြုံရေးနှင့် ပညာသင်ကြားခွင့်ကို အာမခံရန် ချင်းရိုင်ဒေသ အုပ်ချုပ်ရေးကို ဆက်သွယ်ခဲ့ကြောင်း ၎င်းကပြောသည်။
လွန်ခဲ့သောအပတ်တွင်မူ ရဲတပ်ဖွဲ့သည် ထိုင်းရတ် ဝတ္တရာ ၆ ကျောင်း ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာ၊ ကျောင်းလုံခြုံရေးနှင့် ပါမောက်ကျေးရွာ အကြီးအကဲ နှစ်ဦးတို့ကို နိုင်ငံခြားသားများကို သယ်ဆောင် အကာအကွယ်ပေးမှုဖြင့် တရားစွဲဆိုသည်။ ထိုသူများအားလုံးက ထိုစွဲချက်များကို ငြင်းဆန်ပြီး ခုခံချေပမည်ဟု ပြောသည်။
ကိုးကား ။ ။ Bangkok Post သတင်း Decision to deport Myanmar children condemned
You may also like these stories:
စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ
ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်
ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်း ရောက် မြန်မာများ စိုးရိမ်နေ