ယခု ထိုင်းနိုင်ငံရေးတွင် မစ္စတာ သက်ဆင် ရှင်နာဝပ် တက်ကြွစွာ ပြန်လည် ပါဝင်လာပုံရသောအခါ ထိုင်းနိုင်ငံက ဖြုန်းတီးခဲ့သည့် ကာလနှင့် အခွင့်အလမ်းများကို ပြန်ကြည့်ပါက စိတ်ပျက်စရာကောင်းသည်။
၁၉၉၀ ပြည့်နှစ်များက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှသည် သွေးစည်းခိုင်မာမှုအထိ တချိန်က အလားအလာ ကောင်းသော နိုင်ငံဖြစ်ခဲ့သည့် ထိုင်းနိုင်ငံသည် ပဒေသရာဇ်တပိုင်းဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးလမ်းကြောင်းသည် ယခုအခါ စနစ်အတွင်း ပါလာသကဲ့သို့ ဖြစ်လာသည်။
စစ်အေးတိုက်ပွဲအတွင်း ပေါ်ပေါက်လာသည့် အစဉ်အလာ အာဏာအင်စတီကျူးရှင်းများသည် အစောပိုင်း ဆယ်စုနှစ်များတွင် အရေးပါလာပြီး ထို့နောက် နှစ်များတွင် နိုင်ငံကို ရှေ့သိုချီတက်စေရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ကျေးလက်ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းအားဖြင့် စနစ်ဟောင်းကို သက်ဆင်နှင့် သူ၏ နိုင်ငံရေးပါတီယန္တရားက စိန်ခေါ်သောအခါ ထိုင်းနိုင်ငံ၏ လက်ရှိ ကျဆင်းမှု စတင်သည်။
၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် သူ၏ ထိုင်းရက်ထိုင်းပါတီ အများစုနီးပါးဖြင့် နိုင်သောအခါ ၁၉၉၇-၉၈ စီးပွားရေးအကျပ်အတည်းမှ နာလန်ထရန် ကတိပြုသောကြောင့် အာဏာရ အထက်လွှာက သူ့ကို အခွင့်အရေးတခုပေးပြီး အကြွင်းမဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကျေးလက် အသေးစားချေးငွေ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအများအပြားနှင့် အစားအသောက်၊ ဖက်ရှင်၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မော်တော်ယာဉ်လုပ်ငန်းများတွင် တခုချင်းစီကို အလေးပေးသည့် မူဝါဒများ ဖြစ်လာသည်။
၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ အကြီးအကျယ် ထပ်မံ အနိုင်ရသောအခါ သက်ဆင်၏ လျင်မြန်သော လူကြိုက်များမှုသည် စနစ်၏ ထိပ်တန်းလူ့မလိုင်များနှင့် အပြိုင်ဖြစ်လာသည်။ အဝါရောင်ဝတ် (ရှပ်ဝါ) များက သက်ဆင်ကို ၂၀၀၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ဆန္ဒပြသောအခါ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ စစ်အာဏာသိမ်းမှု ဖြစ်စေသည်။
၁၉၃၂ ခုနှစ်နောက်ပိုင်း တဒါဇင်ခန့်ရှိပြီဖြစ်သော ထိုင်းစစ်အာဏာသိမ်းမှုသည် ကာလတို အိမ်စောင့်အစိုးရ၊ ဖွဲ့စည်းပုံအသစ်နှင့် ရွေးကောက်ပွဲသစ်များဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပြန်လည် ပြင်ဆင်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ထိုနည်းအတိုင်း အလုပ်မဖြစ်ပေ။
၁၉၃၂ ခုနှစ်နောက်ပိုင်း တဒါဇင်ခန့်ရှိပြီဖြစ်သော ထိုင်းစစ်အာဏာသိမ်းမှုသည် ကာလတို အိမ်စောင့်အစိုးရ၊ ဖွဲ့စည်းပုံအသစ်နှင့် ရွေးကောက်ပွဲသစ်များဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပြန်လည် ပြင်ဆင်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ထိုနည်းအတိုင်း အလုပ်မဖြစ်ပေ။
၂၀၀၇ ခုနှစ်၊ မေလတွင် ထိုင်းရက်ထိုင်းပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖျက်သိမ်းလိုက်သော်လည်း ထိုပါတီကို ဆက်ခံသည့် ပြည်သူ့အာဏာပါတီသည် သက်ဆင် အဝေးရောက်နေစဉ် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို အများစုနီးပါးဖြင့် အနိုင်ရသည်။ ထို့ကြောင့် ပိုမိုများပြားသည့် ရှပ်ဝါဆန္ဒပြပွဲများနှင့် ပြည်သူ့အာဏာပါတီကို တရားရေးဌာနက ဖျက်သိမ်းခြင်း ဖြစ်စေသည်။
သက်ဆင်၏ပါတီမှ အခွင့်အရေးဆုံးရှုံးသည့် မဲဆန္ဒရှင်များသည် ရှပ်နီများ ဖြစ်လာကြပြီး ၂၀၀၉-၂၀၁၀ တွင် ဆန္ဒပြသောကြောင့် အကြမ်းဖက် ဖိနှိပ်ခံရသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် သက်ဆင်၏နှမ မစ္စ ယင်လပ်ရှင်နာဝပ်သည် ဖွေထိုင်းပါတီ၏ တတိယအလံတော်အောက်တွင် ဦးဆောင်ပြီး အများစု အောင်ပွဲရကာ ရာထူးရယူသည်။
၂၀၁၃-၁၄ တွင် ယင်လပ် အစိုးရသည် ရှပ်ဝါဆန္ဒပြပွဲ နောက်တကြိမ် ရင်ဆိုင်ရပြီး ၂၀၁၄ ခုနှစ်တွင် နောက်ထပ် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရသည်။ ၂၀၀၆ ခုနှစ်ကနှင့် မတူဘဲ ထိုအာဏာသိမ်းမှုတွင် စစ်တပ်သည် အစိုးရကို တိုက်ရိုက်ထိန်းချုပ်ကာ ဘုရင်ဆက်ခံမှု နီးကပ်လာနေစဉ် ကာလကြာရှည် အုပ်ချုပ်သောကြောင့် ထိုင်းစံနှုန်းအားဖြင့် ထူးခြားသည်။
စစ်တပ်အစိုးရ ငါးနှစ်ကာလသည် လက်ရှိစနစ် လိုလားသည့် ဖွဲ့စည်းပုံကို ဖန်တီးပေးလိုက်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လတွင် ရွေးကောက်ပွဲကျင်းပကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ အောက်တွင် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနောက်ထပ် လေးနှစ်အုပ်ချုပ်သည်။
သက်ဆင်၏ နှစ်များနှင့် အာဏာသိမ်းမှု နှစ်ခုခေတ်က အရွယ်ရောက်လာသည့် ထိုင်းလူငယ် အများအပြားသည် ၎င်းတို့၏အနာဂတ် လုယူခံရသည်ကို ကြုံတွေ့ပြီး အသစ်ဖွဲ့စည်းသည့် အနာဂတ်သို့ချီပါတီ (Future Forward Party) နောက်တွင် ရပ်တည်ကာ စစ်တပ်၊ ဘုရင်စနစ်နှင့် အခြား အစဉ်အလာ အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုကြသည်။
အနာဂတ်သို့ချီ ပါတီကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဖျက်သိမ်းကာ ထိုင်းလူငယ်များ ဆန်ကျင်ကန့်ကွက်သောကြောင့် ဖိနှိပ်ခံရသည်။ ၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲတွင် အနာဂတ်သို့ချီ ပါတီကို ဆက်ခံသည့် ရှေ့သို့ချီ ပါတီ (Move Forward) သည် အကြီးအကျယ် အနိုင်ရကာ သက်ဆင်၏ ဖွေထိုင်းပါတီကိုပင် နိုင်သည်။ သို့သော် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ရှေ့သို့ချီပါတီကိုလည်း အလားတူ ဖျက်သိမ်းသည်။
အစဉ်အလာ အင်စတီကျုးရှင်များနောက်ကွယ်မှ ရှေးရိုးသမားများသည် အာဏာကို စွန့်လွှတ်မည် မဟုတ်ကြောင်း စစ်အာဏာသိမ်းမှုများနှင့် တရားစီရင်ရေး ဖျက်သိမ်းမှုများ အကြိမ်ကြိမ် ဖြစ်နေသည့် ပုံစံက ပြသနေသည်။
လက်တွေ့တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှ စတင်ပြီး ရှေးရိုးသမားများသည် ပိုမိုသြဇာထူထောင်လာပြီး စွက်ဖက်လာကြသည်။ သို့သော် အပြောင်းအလဲ၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီရေးအတွက် ပိုမိုငယ်ရွယ်သူများနှင့် မျိုးဆက်အသီးသီး ပါဝင်သည့် တနိုင်ငံတဝန်း ကျယ်ပြန့်သောဆန္ဒကို တားဆီးမရသည့် အနေအထားရှိသောကြောင့် သမိုင်းဒီရေသည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဥပဒေအစီအမံများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းလမ်းဖြင့် ဖိနှိပ်ထားသည်။
ထို့ကြောင့် ရှေးရိုးသမားများနှင့် “မျိုးဆက်သစ်” အကြား ထိုပြဿနာကို မဖြေရှင်းသေးသမျှ အလယ်အလတ်ကာလနှင့် ရေရှည်တွင် ထိုင်းနိုင်ငံရေးအခင်းအကျင်း၌ တင်းမာမှုနှင့် ထိပ်တိုက်တွေ့ခြင်းသည် အမြစ်တွယ်နေသည်။
ထိုင်းနိုင်ငံရေး၏ရောဂါသည် နက်ရှိုင်းပြီး အဆုံးအဖြတ်ပေးမည့် အချိန်ကို စောင့်နေသမျှ ကာလပတ်လုံး ထိုင်းစီးပွားရေးသည် စိုးထိတ်စရာဖြစ်နေမည် ဖြစ်သည်။
ဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ် အစိုးရသည် စီးပွားရေး ပြန်လည်လှုပ်ရှားလာစေရန် အရေးတကြီး လုပ်လိုသော်လည်း ထိုင်းနိုင်ငံ၏ တိုးတက်မှုလမ်းကြောင်းသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ၄-၅ ရာခိုင်နှုန်းမှ ၂၀၁၄-၂၀၂၃ ကာလတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းသို့ ကျဆင်းပြီး အိမ်ထောင်စုကြွေးမြီ ၉၁ ရာခိုင်နှုန်းသို့ တက်ကာ အစိုးရကြွေးမြီသည် ၆၀ ရာခိုင်နှုန်းကန့်သတ်ချက် အထက်သို့ ရောက်နေသည်။
သုံးစွဲမှုမြှင့်တင်ရန်အတွက် သတ်မှတ်ထားသော ထိုင်းဘတ် ၄၅ သန်းကို ဘတ် ၁၀,၀၀၀ စီ အီလက်ထရောနစ် ငွေကြေးပေးရန် ကတိ၊ ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်အကြား “ကုန်းတွင်းတံတား” ချိတ်ဆက်ရန်၊ “စီးပွားရေးနှင့် ယဉ်ကျေးမှုသြဇာ” စီမံကိန်းများနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ပြည်ပမှပြန်လာပြီးနောက် သက်ဆင်၏ ထိန်းကြောင်းမှုအောက်မှ ပေတောင်တန်အစိုးရကို အပြင်းအထန် ဖိအားပေးမည် ဖြစ်သည်။
အရေးအပါဆုံး ရည်မှန်းချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးဖြစ်မည်။ မူဝါဒချမှတ်ရေးသည် ကွက်တိကွက်ကြား အကောင်အထည် ဖော်ခြင်းဖြင့် မတည်မငြိမ် ဖြစ်နေသည်။ သက်ဆင်၏ သေနင်္ဂဗျူဟာအရ လိုလားချက်မှာ ဝင်ငွေပြန်လည် ခွဲဝေရေးနှင့် ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရန် လူအများကြိုက် အစီအမံများ ဖြစ်သည်။
အရေးအပါဆုံး ရည်မှန်းချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးဖြစ်မည်။ မူဝါဒချမှတ်ရေးသည် ကွက်တိကွက်ကြား အကောင်အထည် ဖော်ခြင်းဖြင့် မတည်မငြိမ် ဖြစ်နေသည်။ သက်ဆင်၏ သေနင်္ဂဗျူဟာအရ လိုလားချက်မှာ ဝင်ငွေပြန်လည် ခွဲဝေရေးနှင့် ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရန် လူအများကြိုက် အစီအမံများ ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုနှင့် မတူဘဲ မစ္စတာ သက်ဆင်သည် ဒစ်ဂျစ်တယ် ကူးပြောင်းရေး၊ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များ ချိန်ညှိခြင်း၊ ဉာဏ်ရည်တုနှင့် အခြား ICT တိုးတက်ရေးစသည့် ၂၀၂၀ နှင့် ၂၀၃၀ ခုနှစ်များတွင် ထိုင်းလိုအပ်မည့် စီးပွားရေးလည်ပတ်မှုစနစ် အပြောင်းအလဲနှင့် စီးပွားရေးအဆင့် မြှင်တင်ရေးတို့ကို ပြောဆိုခြင်း မပြုတော့ပေ။
မစ္စတာ သက်ဆင်၏ မကြာသေးမီက မိန့်ခွန်းများသည် အတိုက်အဖောက်မညီ ဖြစ်နေပုံရပြီး အနာဂတ်သို့ချီပါတီနှင့် ရှေ့သို့ချီပါတီတို့နောက် တတိယအကြိမ် ထပ်ဖွဲ့ရသော ပချာချွန် (ပြည်သူ့) ပါတီက ယုံကြည်သည့် ပြုပြင်ပြောင်းလဲရေးနှင့် မတူညီပေ။ ပချာချွန်ပါတီသည် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လက်ဝါးကြီးအုပ်မှု ဖျက်သိမ်းရေး၊ အသေးစားအလတ်စား လုပ်ငန်းများ အားပေးရေး၊ ကျွမ်းကျင်မှု မြှင့်တင်ရေးနှင့် အမေရိကန်-တရုတ် ပထဝီစီးပွားရေး ပဋိပက္ခအတွင်း ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များသို့ ချိတ်ဆက်ရေးတို့ကို အဆိုပြုသည်။
ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှု ဆယ်စုနှစ် နှစ်ခုအတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်း လျော့ကျသည်မှာ အံ့သြစရာ မဟုတ်ပေ။ တရုတ်နှင့် မျိုးရိုးအရ နီးစပ်ခြင်း၊ တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေးမဟာမိတ်ဆိုသည့် အားကျစရာ အနေအထားဖြင့် ထိုင်းနိုင်ငံသည် ကိုလိုနီပြုမခံရဘဲ လွတ်လပ်ရေးကို ထိန်းသိမ်းထာသောကြောင့် ဒေသတွင်းမှ အခြားနိုင်ငံများအကြား ထူးခြားသည်။
ထိုသို့ လွတ်လပ်မှုကြောင့် ထိုင်းနိုင်ငံသည် စစ်ကြီး နှစ်ခုနှင့် စစ်အေးတိုက်ပွဲအတွင်း အနောက်တိုင်း လွှမ်းမိုးမှုနှင့် ကွန်မြူနစ်စနစ်ကို ကျွမ်းကျင်စွာ လမ်းဖောက်ထွက်နိုင်သည်။
ထိုပထဝီသေနင်္ဂဗျူဟာ လမ်းကြောင်းသည် ထိုင်းနိုင်ငံခြားဆက်ဆံရေးကို ပုံဖော်သည်။ စစ်အေးတိုက်ပွဲအတွင်း ကွန်မြူနစ်စနစ် ချဲ့ထွင်မှုကို ဟန့်တားရန် အမေရိကန်အုပ်စုနှင့် ပူးပေါင်းပြီး ထိုင်း-အမေရိကန် ဆက်ဆံရေးသည် ၁၉၅၄ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်တို့တွင် အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက် နှစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး အထူးခိုင်မာစေသည်။
၁၉၆၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ ထိုင်းစီးပွားရေးသည် နှစ်စဉ် ၆ ဒသမ ၅ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ပြီး ထိုတိုးတက်မှု အများစုသည် အမေရိကန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကြောင့် ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်များတွင် ဂျပန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် တိုးလာပြီး အထူးသဖြင့် ၁၉၈၅ ပလာဇာ သဘောတူညီချက် (နယူးယောက်စီးတီး၊ ပလာဇာဟိုတယ်တွင် ကျင်းပသည့် ပြင်သစ်၊ အနောက်ဂျာမနီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ ချုပ်ဆိုသော ငွေကြေးတန်ဖိုး ချိန်ညှိရေး ညှိနှိုင်းချက်) အပြီးတွင် တိုးလာသည်။ ၁၉၉၀ ပြည့်နှစ်များသို့ ရောက်လာသောအခါ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကုန်ဈေးကွက် သုံးခုမှာ အမေရိကန် ပြည်ထောင်စု၊ ထိုစဉ်က ဥရောပ လူမှုအသိုက်အဝန်းနှင့် ဂျပန် ဖြစ်သည်။
ထိုင်းစီးပွားရေး တည်ဆောက်ပုံသည် စိုက်ပျိုးရေးအခြေခံမှ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများသို့ ပြောင်းလာသည်။ ၁၉၉၇-၉၈ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း ရှိသော်လည်း ထိုစီးကြောင်းသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းအထိ ဆက်ရှိနေပြီး ထိုကာလတွင် ထိုင်းနိုင်ငံသည် ကုန်ထုတ်လုပ်ရေး အချက်အခြာနေရာ ဖြစ်လာသည်။
သို့သော် ထိုစဉ်က ထိုင်းနိုင်ငံသည် ရှည်ကြာသော နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်း ရင်ဆိုင်ရပြီး ၂၀၀၆-၂၀၂၄ ကာလတွင် စီးပွားရေးတိုးတက်မှု အခွင့်အလမ်းများ ဆုံးရှုံးသည်။ ထိုကာလသည် စစ်အာဏာသိမ်းမှု နှစ်ကြိမ်၊ တရားရေးက ဝင်ရောက်စွက်ဖက်မှုများနှင့် လက်ရှိ အာဏာရှိနေသူများက အနိုင်ရသည့် ပါတီကို အုပ်ချုပ်ခွင့် မပေးသည့် ရွေးကောက်ပွဲ လိမ်လည်မှုများဖြင့် ပြည့်နေသည်။
၂၀၁၄-၂၀၂၃ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရများကာလတွင် ထိုင်းကို အနောက်ဒီမိုကရေစီ နိုင်ငံများနှင့် ဂျပန်က ခပ်ကင်းကင်းနေသောကြောင့် ထိုင်းနိုင်ငံသည် တရုတ်ဘက်သို့ ပိုမိုနီးကပ်လာသည်။
၂၀၁၄-၂၀၂၃ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရများကာလတွင် ထိုင်းကို အနောက်ဒီမိုကရေစီ နိုင်ငံများနှင့် ဂျပန်က ခပ်ကင်းကင်းနေသောကြောင့် ထိုင်းနိုင်ငံသည် တရုတ်ဘက်သို့ ပိုမိုနီးကပ်လာသည်။
ထိုကာလတွင် ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့် အနိမ့်ဆုံးကာလဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံမျာအသင်း (အာဆီယံ) တွင် အစဉ်အလာအားဖြင့် ဦးဆောင်သော အခန်းကဏ္ဍသည်လည်း အလားတူ မှေးမှိန်လာသည်။
အကျိုးဆက်အားဖြင့် ထိုင်းစီးပွားရေးသည် ဝင်ငွေ အလယ်အလတ် ထောင်ချောက်တွင် ပိတ်မိနေပြီး မကြာသေးမီက တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) နှင့် နည်းပညာ တီထွင်ဆန်းသစ်သော တိုးတက်မှုကို ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယကဲ့သို့သော ပြိုင်ဘက်များကို မယှဉ်နိုင်တော့ပေ။
ရှေ့ကိုမျှော်ကြည့်မည်ဆိုပါက ထိုင်းပြည်တွင်းနိုင်ငံရေးသည် အနာဂတ်တိုးတက်မှု သော့ချက် သို့မဟုတ် ပိုမိုဆိုးရွားသော စီးပွးရေးတန့်မှုအတွက် အကြောင်းရင်းဖြစ်သည်။
ပေါ်တင်ကျသော စစ်အာဏာရှင်စနစ်ထက် ဒီမိုကရေစီအုပ်ချုပ်ရေး အရိပ်အယောင် ရှိနေသမျှ ကာလပတ်လုံး ထိုင်းနိုင်ငံခြားဆက်ဆံရေးသည် ပိုမိုညီမျှပြီး ဦးတည်ဘက် ပေါင်းစုံရှိမည် ဖြစ်သည်။ ထိုင်းနိုင်ငံ ပဒေသရာဇ်ဆန်လေလေ အာဏာရအထက်လွှာသည် တရားဝင်မှုနှင့် ထောက်ခံမှုအတွက် တရုတ်ကို အားကိုးရလေလေပင်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Two Wasted Decades in Thai Politics ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
ကျွမ်းထိုးမှောက်ခုံ ထိုင်းနိုင်ငံရေး
ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ
လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ
ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ