“ကျနော်တို့ ဒီဘက်ခြမ်းက လူငယ်တွေ လိုချင်တာက လူထုဆီကို ဝ အုပ်ချုပ်ရေးအပိုင်းရဲ့ လုပ်ဆောင်ချက်တွေ တခုချင်းစီ ပွင့်လင်းမြင်သာမှုနဲ့အတူ ချပြစေချင်တာပါ။ အခုက ဘာကိုမှ တိတိကျကျ မချပြဘူး။ ဒါဆို ဒါလုပ်ရမယ်။ မလိုက်နာရင် ဒဏ်ပေး၊ ဒဏ်ခတ်မယ်ဆိုတာကြီးက အဖြေမဟုတ်နေဘူး” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဟိုပန်ဒေသခံ လူငယ်တဦးက ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ အုပ်ချုပ်မှုပုံစံကို ရည်ညွှန်းပြောဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း UWSA ဝင်ရောက်ခဲ့တဲ့ ဟိုပန်၊ ပန်လုံနဲ့ တန့်ယန်းမြို့တွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားထဲက တခုဖြစ်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲ စတင် အကောင်အထည်ဖော်ပြီး ‘မိမိတို့ရပ်ရွာ စောင့်ရှောက်ရန်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့စစ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်က ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်လုပ်ဖို့ တန့်ယန်းနဲ့ ဟိုပန်မှာ အိမ်ထောင်စုစာရင်းတွေကို ကောက်ခံတာကြောင့် မိဘတွေအနေနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“ကလေးတွေကို တပ်ထဲ ပို့ခိုင်းပြီး စစ်မှုစထမ်းဖို့ ခေါ်နေပြီ။ ကလေး မိဘတွေကလည်း ဒါကို စိုးရိမ်နေကြတယ်။ အခု တန့်ယန်းက ဝ ရဲ့ တရားဝင်နယ်မြေဆိုပြီးလည်း မသတ်မှတ်ရသေးဘူး။ အစိုးရကလည်း မြို့ထဲရှိနေသေးတယ်။ ကျနော်တို့ လူငယ်တွေအပြင် ဒီဒေသခံ အစိုးရအဖွဲ့အစည်းတွေလည်း ဒါကို မကြိုက်ကြပါဘူး” လို့ အဲဒီ သတင်းရင်းမြစ်ကပဲ ပြောပါတယ်။
“ကလေးတွေကို တပ်ထဲ ပို့ခိုင်းပြီး စစ်မှုစထမ်းဖို့ ခေါ်နေပြီ။ ကလေး မိဘတွေကလည်း ဒါကို စိုးရိမ်နေကြတယ်။ အခု တန့်ယန်းက ဝ ရဲ့ တရားဝင်နယ်မြေဆိုပြီးလည်း မသတ်မှတ်ရသေးဘူး။ အစိုးရကလည်း မြို့ထဲရှိနေသေးတယ်။ ကျနော်တို့ လူငယ်တွေအပြင် ဒီဒေသခံ အစိုးရအဖွဲ့အစည်းတွေလည်း ဒါကို မကြိုက်ကြပါဘူး” လို့ အဲဒီ သတင်းရင်းမြစ်ကပဲ ပြောပါတယ်။
တန့်ယန်းမြို့နဲ့ ဟိုပန်မြို့တွေမှာ ဝ အမျိုးသားတွေကို စစ်မှုထမ်းစာရင်း အဓိကထား ကောက်ခံနေတာဖြစ်ပြီး မဲနှိုက်စနစ်နဲ့ သွားနေကြောင်း ထပ်မံ သိရှိရပါတယ်။
“ဝ လူမျိုးရှိတဲ့ ရပ်ကွက်တိုင်းကို ကောက်ပါတယ်။ ရပ်ကွက် ၅ ဝမ်နောင်အုပ်စုဘက်က လူ ငါးယောက် ပါသွားတယ်။ လက်ရှိက ရွာတွေကို မဲနှိုက်ခိုင်းတယ်။ မဲကျတဲ့အိမ်တွေက သွားရတယ်။ အဲဒီ သွားရတဲ့အိမ်ကို မသွားရတဲ့အိမ်က ပြန်ထောက်ပံ့ခိုင်းတယ်လို့ ကြားတယ်” လို့ တန့်ယန်းမြို့မှာနေထိုင်တဲ့ ဒေသခံတဦးက ပြီးခဲ့တဲ့ UWSA ရဲ့ ပြည်သူ့စစ်အတွက် တပ်သားစာရင်း ကောက်ခံချိန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ UWSA ထိန်းချုပ်လိုက်တဲ့ ဟိုပန်၊ ပန်လုံအပြင် နမ့်တစ်၊ နားဝီး၊ မန်တွန်း၊ ကလောင်ပါ၊ မက်မန်းဆိုင်၊ ဝိန်းကောင်၊ ပန်ယန်း၊ မက်မန်း ကစပြီး သံလွင်မြစ်တကြောနဲ့ ဝ ပြည်နယ်ထဲရှိတဲ့မြို့တွေ အားလုံးကတော့ အထက်သံလွင်ထဲ အကျုံးဝင်ပါတယ်။
သံလွင်မြစ်ကို အခြေပြုပြီး ဝ စိုးမိုးတဲ့နယ်မြေတွကို ‘အထက်သံလွင်’၊ ‘အောက်သံလွင်’ လို့ ခွဲခြားပြောဆိုကြပါတယ်။
ကွမ်းလုံတဖက်ကမ်း ကာမိုင်းတခွင်ကစပြီး သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှူး၊ လားရှိုး၊ မိုင်းကျက်၊ မိုင်းယော်၊ မန်ပန် အစရှိတဲ့ မြို့နယ်တွေဟာ ရှေး ဝ လူကြီး၊ ဝ လူမျိုး အသိုင်းအဝိုင်းတွေ သတ်မှတ်ကြတဲ့ အောက်သံလွင်ခြမ်းပဲ ဖြစ်ပါတယ်။
သံလွင်မြစ်ကမ်း တလျှောက်ကို ကျောရိုးပြု နေထိုင်လာကြတဲ့ ဝ လူမျိုးတွေအတွက်ကတော့ သံလွင်မြစ်ဟာ ဝ လူမျိုးသာမက UWSA အတွက် ရန်သူဘက်က စစ်ရေးဆင်ရာမှာ ခက်ခဲလို့ မဟာခံတပ်ကြီးတခု ဆိုရင်လည်း မမှားဘူးလို့ ရှေး ဝ လူကြီးတွေက ဆိုစမှတ်ပြုကြသလို ရှေးကတည်းက ‘သံလွင်မြစ်ဟာ ငါတို့ ဝ မြေ ဖြစ်တယ်’ (Rawm Sigrong Mawh haktiex Ot Ex) လို့ ကြွေးကြော်လေ့ရှိပါတယ်။
လားရှိုး၊ မန်ပန်၊ ပိန်းဆာ၊ တာချီလိတ်၊ ကျိုင်းတုံ စတဲ့ နယ်မြေတွေကတော့ သံလွင်မြစ်တကြော မဟုတ်ပေမယ့် ဝ လူမျိုးတွေ နေထိုင်ကြသလို မိုင်းကျက်၊ မိုင်းယော်၊ မန်ပန်၊ မန်ပျဉ်နဲ့ ပိန်းဆာ အစရှိတဲ့ ကျေးရွာတွေမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း UWSA က တောက်လျှောက် စခန်းထိုင်လာခဲ့ပါတယ်။
ဒီဒေသတွေမှာ UWSA က စခန်းချ နေရာယူလာတာကြောင့် UWSA ရဲ့ အမျိုးသားရေးလုံခြုံမှုကို ကာကွယ်ထားနိုင်တဲ့အခြအနေ ဖြစ်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ ဝ အသိုင်းအဝိုင်းက ဆိုပါတယ်။
ဒါ့အပြင် ဝ စာပေနဲ့သမိုင်း လေ့လာပြုစုသူတွေရဲ့ ပြောပြချက်အရ အောက်သံလွင်မှာ ဝ လူဦးရေ ၃၀,၀၀၀ ဝန်းကျင်ရှိပြီး အားလုံးဟာ ယခင်အစိုးရတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အာဏာမသိမ်းခင်အထိ နှစ်ပေါင်း ၇၀ ကျော် နေထိုင်ခဲ့ကြသူတွေပါ။
အခုလို ယခင်အစိုးရတွေရဲ့ ထိန်းချုပ်မှုအောက် နှစ်ပေါင်း ၇၀ ကျော် နေထိုင်လာတဲ့ အောက်သံလွင်ဘက်က လူထုတွေအတွက် UWSA ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ နေသားမကျကြသေးသလို အုပ်ချုပ်ရေးပိုင်းထဲ ကွန်မြူနစ်ဝါဒ လမ်းစဉ်တချို့ကြောင့် လူထုကြား ဂယက်ရိုက်ခဲ့ရပါတယ်။

“ရောက်တာ မကြာသေးဘူး၊ စစ်သားစုဆောင်းတာ လုပ်တယ်။ ခဏခဏ အစည်းအဝေး ခေါ်တယ်။ သူတို့ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ လုပ်ငန်းတွေ လူထုကို အသိပေးတာ၊ ရှင်းပြတာ မလုပ်ဘူး။ ရှင်းရှင်းပြောရရင် လူထုတွေက ဘာမှမသိရဘူး” လို့ တန့်ယန်းမြို့နေ အသက် ၂၀ ဝန်းကျင်အရွယ် မောင်အိုက်လူက ပြောပါတယ်။
UWSA ရဲ့ ထိန်းချုပ်နယ်မြေမှာ တပ်သားသစ် စုဆောင်းတဲ့အပေါ် လူငယ်အများစုက သဘောမတူကြပါဘူး။
“ဒီဘက်ခြမ်းက ပြည်သူတွေကို အထက်ပိုင်းကလို အုပ်ချုပ်လို့ ဘယ်ရမလဲ။ လူထုအုံကြွမှုတွေ ဖြစ်လာမှာ” လို့ ဟိုပန်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ လူငယ်တဦးက ပြောပါတယ်။
UWSA အုပ်ချုပ်ရေး တာဝန်ရှိလူကြီးတွေအနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းဆောင်တာ ကိစ္စရပ်တွေကို လူထုကြား ပွင့်လင်းမြင်သာမှုနဲ့အတူ ချပြစေချင်တယ်လို့ ဟိုပန်မြို့မှာ နေထိုင်တဲ့ နောက်ထပ် လူငယ်တဦးက ပြောပါတယ်။
UWSA ရဲ့ ပြဋ္ဌာန်းထားတဲ့မူအရ တအိမ်တယောက် စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးပြီး စစ်မှုထမ်းကာလကို အမျိုးသားဖြစ်ရင် စစ်မှုထမ်းသက် ၈ နှစ်နဲ့ အမျိုးသမီးဖြစ်ရင် ၅ နှစ်စီ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း ဝ ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တပ်သားသစ် ၂,၀၀၀ စီ ကောက်ခံသွားမှာ ဖြစ်သလို စစ်မှုထမ်းဥပဒေ ရှောင်ပြေးသူတွေကို ထိရောက်တဲ့ အရေးယူမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းကိုလည်း တောင်ပိုင်း ၁၇၁ စစ်ဒေသက ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
စာထုတ်ပြန်ပြီးနောက် ယမန်နှစ် နိုဝင်ဘာလထဲမှာပဲ တောင်ပိုင်း ၁၇၁ စစ်ဒေသမှာ သင်တန်းသား အယောက် ၄,၀၀၀ ပါဝင်တဲ့ ပထမအသုတ် စစ်မှုထမ်းသင်တန်းကို ဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါ ပထမအသုတ် စစ်မှုထမ်းသင်တန်းမှာ အသက် ၁၆ နှစ်အထက် အမျိုးသမီး ၃၀၀ ကျော် ပါဝင်တာကို WSTV (Wa State TV) ရဲ့ ရုပ်သံသတင်းစဉ်မှာ တွေ့ရှိရပါတယ်။
ကွန်မြူနစ်ဝါဒလမ်းစဉ်ကို ကျင့်သုံးတဲ့ UWSA အတွက် အောက်သံလွင်ဒေသက လူငယ် Gen-Z တွေကို သူတို့ရဲ့ မူဝါဒစနစ်အောက်မှာ သွတ်သွင်း အကောင်အထည်ဖော်ဖို့ ကြိုးစားတာက ထင်သလောက် မလွယ်ကူနိုင်ဘူးဆိုတာ UWSA ရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းတွေ ကြိုတင် တွက်ချက်ထားပုံ ရပါတယ်။
ခေတ်ရေစီးကြောင်းနဲ့အညီ သတင်းအချက်အလက် မျက်ခြေမပြတ်တဲ့၊ နိုင်ငံရေးရေချိန် မြင့်ကြတဲ့ အောက်သံလွင်ခြမ်းက ပြည်သူတွေနဲ့ ကွန်မြူနစ်လမ်းစဉ်ကို နှစ်ပေါင်း ၃၀ ကျော် ကျင့်သုံးလာတဲ့ UWSA ကြား အဲဒီဒေသမှာ အုပ်ချုပ် စီမံနိုင်ဖို့အတွက် စိန်ခေါ်ချက်တခု ဖြစ်လာနေတယ်လို့ မြေပြင်အခြေနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဝ လူငယ်အသံကွန်ရက်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တန့်ယန်းမှာ တပ်သားသစ် စုဆောင်းတာ မဟုတ်ဘဲ မိဘတွေရဲ့ သဘောတူညီချက်ရယူပြီး ကလေးတွေရဲ့ ပညာရေးအတွက် ခေါ်ယူခြင်းသာဖြစ်ကြောင်း UWSA ပြောခွင့်ရသူ ဦးညီရန်းက ဝ လူငယ်အသံကွန်ရက်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က ပြောဆိုထားပါတယ်။
“တန့်ယန်းမြို့ဘက်မှာ စစ်မှုထမ်းအနေနဲ့ခေါ်တာ မရှိပါ။ မိမိတို့ရဲ့ ရပ်ရွာတွေမှာ လုံခြုံရေးအနေနဲ့ စုဖွဲ့ပေးတဲ့သဘောပါ။ ကလေးငယ်တွေကို ကျောင်းပညာ တက်ရောက်နိုင်ရေးအတွက် သူတို့မိဘရဲ့ သဘောတူမှုနဲ့ အားလုံး အခမဲ့ထားပေးတာ ရှိပါတယ်။ သားသမီးတွေကို တပတ်တခါ သို့မဟုတ် တလတခါဖြစ်ဖြစ် လာရောက် ကြည့်လို့လည်း ရပါတယ်။ လာလည်း ကြည့်ကြပါတယ်” လို့ ဦးညီရန်းက ပြောပါတယ်။
လူငယ်တွေရဲ့ ဆန့်ကျင်သံတွေကြောင့် တန့်ယန်းဘက်မှာ တပ်သားသစ် စုဆောင်းတဲ့ အခြေအနေတွေကို UWSA ဘက်က ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အတင်းအဓမ္မ စေခိုင်းခဲ့တာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေဆီကတဆင့် သိရှိရပါတယ်။
လူငယ်တွေရဲ့ ဆန့်ကျင်သံတွေကြောင့် တန့်ယန်းဘက်မှာ တပ်သားသစ် စုဆောင်းတဲ့ အခြေအနေတွေကို UWSA ဘက်က ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အတင်းအဓမ္မ စေခိုင်းခဲ့တာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေဆီကတဆင့် သိရှိရပါတယ်။
“လူငယ်တွေအပြင် ပြည်သူတွေက အမျိုးမျိုး အကြောင်းပြ ဆန့်ကျင်ကြတာပေါ့။ သတင်းတွေမှာလည်း တက်လာတော့ ဗဟိုကလည်း ဒါကိုသိတော့ ယာယီရပ်ဆိုင်းတယ်ဆိုပြီး ဖြစ်လာပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း UWSA ထိန်းချုပ်လိုက်တဲ့ မြို့များ
UWSA ဟာ ၁၀၂၇ စစ်ဆင်ရေး တနှစ်အတွင်း မြို့ နှစ်မြို့ကို ကျည်တချက်မှ မဖောက်လိုက်ဘဲ ရရှိခဲ့တာကြောင့် မီဒီယာနဲ့ နိုင်ငံရေးသမားတွေက UWSA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲ အမြတ်အထွက်ဆုံး အဖွဲ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဟိုပန်နဲ့ ပန်လုံမြို့ကို ညီနောင်မဟာမိတ် သုံးဖွဲ့အပြင် စစ်ကောင်စီဘက်နဲ့ပါ နှစ်ဖက်ညှိနှိုင်းခဲ့ပြီး ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဦးညီရန်းက မီဒီယာတွေကို ဖြေကြားထားပါတယ်။
တဆက်တည်းမှာပဲ ၎င်းတို့ရဲ့ အချုပ်အခြာအာဏာ ဆက်လက် ခိုင်မြဲတည်တံ့ဖို့ ဟိုပန်ခရိုင်အဆင့်ပါတီ၊ ကော်မတီဝင်နဲ့ ပြည်သူ့အစိုးရ အကြီးအကဲ ငါးဦးပါဝင်တဲ့ ခေါင်းဆောင်တင်မြောက်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့သလို ဟိုပန်မြို့ကိုလည်း ဝပြည်နယ်ရဲ့ ခရိုင်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ခရိုင်လေးခု (ဝိန်းကောင်၊ မိုင်းပေါက်၊ မိုင်းမော၊ ဟိုပန်) ဖွဲ့စည်းထားနိုင်ပြီဖြစ်တဲ့ ဝပြည်နယ်ကို နိုင်ငံရေး လေ့လာသုံးသပ်သူတွေက UWSA/UWSP ရဲ့ ပြည်နယ် တရားဝင်ရရှိနိုင်ရေးအဆိုဟာ အလှမ်းမဝေးတော့ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
တဖက်မှာလည်း ငွေကြေး၊ ဩဇာပြည့်စုံနေရင် လုပ်ပိုင်ခွင့်တွေ ရကြတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ သိသိသာသာ ပေါများလာနေတဲ့ ဟိုပန်မှာ ဒေသခံလူထုတွေရဲ့ ရပိုင်ခွင့်နဲ့ တန်းတူညီမျှမှုတွေ ဆုံးရှုံးလာနေပါတယ်။
“ပိုက်ဆံရှိနေရင် လူကြီးလည်း လုပ်လို့ရသလို လုပ်ပိုင်ခွင့်တွေ ပိုရပါတယ်။ ကျနော်တို့ လိုချင်တာ နောက်ထပ် အာဏာရှင် မဟုတ်ပါဘူး။ အခုဆို ဟိုပန်ထဲ စီးပွားရေးမှန်သမျှက တရုတ်လုပ်ငန်းရှင် ပိုင်တွေပါ။ တရုတ်လုပ်ငန်းရှင်တွေ ဝင်လာတော့ အခွန်တွေ အဆမတန် ကောက်ခံလာတယ်။ ပမာဏများတော့ မတတ်နိုင်ကြဘူး” လို့ ဟိုပန်မြို့မှာ နေထိုင်တဲ့ မောင်ညီက ပြောပါတယ်။
“ပိုက်ဆံရှိနေရင် လူကြီးလည်း လုပ်လို့ရသလို လုပ်ပိုင်ခွင့်တွေ ပိုရပါတယ်။ ကျနော်တို့ လိုချင်တာ နောက်ထပ် အာဏာရှင် မဟုတ်ပါဘူး။ အခုဆို ဟိုပန်ထဲ စီးပွားရေးမှန်သမျှက တရုတ်လုပ်ငန်းရှင် ပိုင်တွေပါ။ တရုတ်လုပ်ငန်းရှင်တွေ ဝင်လာတော့ အခွန်တွေ အဆမတန် ကောက်ခံလာတယ်။ ပမာဏများတော့ မတတ်နိုင်ကြဘူး” လို့ ဟိုပန်မြို့မှာ နေထိုင်တဲ့ မောင်ညီက ပြောပါတယ်။
အခွန်တွေကို တရုတ်ငွေနဲ့ ဆောင်ရတာကြောင့် မြန်မာငွေ လက်ဝယ်ကိုင်ဆောင်ထားတဲ့ ဒေသခံ ပြည်သူအတွက်တော့ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တလ တလ အခွန်ပေးဖို့အတွက်ပဲ ကျမတို့ ဈေးရောင်းနေရသလို ဖြစ်နေတယ်။ အခွန်အခကို ပြည်သူတွေ တတ်နိုင်တဲ့နှုန်းထားနဲ့ ကောက်စေချင်ပါတယ်။ ဆိုင်အသေးလေးကိုတောင် ဆိုင်အခွန်သက်သက်က (ယွမ်) ၁၀၀ (ကျပ် ၆ သောင်းကျော်)၊ အမှိုက်ခွန်က ၁၀၀၊ ဟိုတလောက သွေးစစ်ခိုင်းတယ်။ ကျန်းမာရေးကတ် လုပ်ခိုင်းတာ တယောက်ကို ယွမ် ၃၈၀ (ကျပ် ၂ သိန်းကျော်) ပေးရတယ်ရှင့်။ အခု တလ၊ နှစ်လအတွင်း ယွမ်း ၇၀၀ (ကျပ် ၅ သိန်းဝန်းကျင်) လောက် ကုန်နေပြီရှင့်” လို့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ဟိုပန်မြို့ အာဏာပိုင်တွေရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် လူထုကြား ဂယက်ရိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ UWSA ဘက်က အခွန်နဲ့ပတ်သက်လို့ လူထု အဆင်မပြေမှုတွေကို ဗဟိုက ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးသွားဖို့ရှိကြောင်း UWSA ပြောခွင့်ရသူ ဦးညီရန်းက ဝ လူငယ်အသံကွန်ရက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ပြောထားပါတယ်။
လက်ရှိ ဟိုပန်မြို့တွင်းမှာ အမှိုက်ခွန်တွေကိုသာ လျှော့ပေးထားပြီး ကျန်တဲ့အခွန်တွေကိုတော့ အရင်တိုင်း ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ဒါ့အပြင် တရုတ်ဘာသာစကား လွှမ်းမိုးမှုကို သိသိသာသာ မြင်တွေ့လာနေရပြီး မြို့ပြကြီးသဖွယ် ခေတ်မီ အဆောက်အအုံတွေလည်း ပေါများလာပါတယ်။
ဘယ်အလုပ်မျိုးမဆို တရုတ်စာ၊ တရုတ်စကားတတ်မှ လုပ်ခလစာမြင့်မြင့်ရတာကြောင့် လူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ကဏ္ဍအားလုံးတို့မှာ တရုတ်စာ၊ တရုတ်စကားဟာ မဖြစ်မနေ တတ်မြောက်ရမယ့် ဘာသာရပ်တခု ဖြစ်လာပါတော့တယ်။
ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောတဲ့ နယ်မြေသစ်ကို တည်ဆောက်လိုတဲ့ UWSA က စီးပွားရေးကဏ္ဍကို အဓိကထားပြီး နယ်မြေအတွင်း အခွန်ဆောင်နိုင်ရင် ဘယ်စီးပွားရေးမဆို လုပ်ပိုင်ခွင့် ပြုထားတာကြောင့် ကာစီနို၊ အနှိပ်ခန်း၊ ဂိမ်းအမျိုးမျိုး အစရှိတဲ့ လုပ်ငန်းတွေ သိသိသာသာ ပေါများစပြုလာနေပါတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကတည်းက အကောင်အထည်ဖော် တည်ဆောက်ခဲ့တဲ့ ဧက ၃,၀၀၀ ကျော် မြို့သစ်စီမံကိန်းကြီးဟာလည်း တိုက်ပွဲတွေကြောင့် ရပ်တန့်ခဲ့ရပေမယ့် လက်ရှိမှာ UWSA က ပြန်လည် အကောင်အထည်ဖော်နေတာကို တွေ့ရှိရပါတယ်။
အခုလို ဒုစရိုက်လုပ်ငန်းတွေ ပေါများလာတဲ့အပေါ် ဟိုပန်မြို့ ပြည်သူတွေက မလိုလားကြပါဘူး။ အထူးသဖြင့် ပညာတတ် လူငယ်တွေရယ်၊ ကလေးတွေရဲ့ ရှေ့ရေးအနာဂတ် စိုးရိမ်ကြတဲ့ မိဘတွေက မလိုလားကြပါဘူး။
“ဒီလိုမြို့မှာ ကလေးတွေရဲ့ ရေရှည်အနာဂတ်ကို ကျမတို့ သိပ်စိုးရိမ်မိတယ်။ ဒီလိုပတ်ဝန်းကျင်ထဲ မရှင်သန်စေချင်ဘူး။ မကောင်းမှုလုပ်ငန်းတွေ စလုပ်လာတာ သိပ်မကြာသေးတာတောင် အခုဆို ဆေးရုံတွေမှာ AIDS အပြင် တခြား ကူးစက်ရောဂါတွေ ပြန့်ပွားလာနေတာ။ ကိုယ်တိုင် မြင်တွေ့နေရတယ်လေ။ ဆေးစစ်တာနဲ့ positive က ပေါ်ပြီးသား။ ညီမျှအောင် မထိန်းချုပ်နိုင်ရင် ဒါတွေက ရေရှည် မလွယ်ဘူး” ဟု အသက် ၄၅ နှစ်အရွယ် မိခင်တဦးက ပြောပါတယ်။
“ဒီလိုမြို့မှာ ကလေးတွေရဲ့ ရေရှည်အနာဂတ်ကို ကျမတို့ သိပ်စိုးရိမ်မိတယ်။ ဒီလိုပတ်ဝန်းကျင်ထဲ မရှင်သန်စေချင်ဘူး။ မကောင်းမှုလုပ်ငန်းတွေ စလုပ်လာတာ သိပ်မကြာသေးတာတောင် အခုဆို ဆေးရုံတွေမှာ AIDS အပြင် တခြား ကူးစက်ရောဂါတွေ ပြန့်ပွားလာနေတာ။ ကိုယ်တိုင် မြင်တွေ့နေရတယ်လေ။ ဆေးစစ်တာနဲ့ positive က ပေါ်ပြီးသား။ ညီမျှအောင် မထိန်းချုပ်နိုင်ရင် ဒါတွေက ရေရှည် မလွယ်ဘူး” ဟု အသက် ၄၅ နှစ်အရွယ် မိခင်တဦးက ပြောပါတယ်။
UWSA အနေနဲ့ကလည်း ထိန်းချုပ်နယ်မြေမှာ လူငယ်တွေအပါအဝင် ပြည်သူတွေ အုံကြွမှုနဲ့ ပဋိပက္ခဖြစ်ပွားမှာ မလိုလားတာကို တွေ့မြင်ရပါတယ်။
တဖက်မှာလည်း UWSA ထိပ်သီး ခေါင်းဆောင်တွေထဲ ၎င်းတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ကို ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒတချို့ ရှိနေတယ်ဆိုတာ အထက်ပါ အဖြစ်အပျက်တွေက ဖော်ပြနေကြောင်း ဝ ပြည် ဗဟိုအစိုးရ လက်အောက်ရှိ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
“ဝ က သူ့ပြည်နယ်ထဲ မတည်မငြိမ်ဖြစ်တာကို သူ မလိုလားပါဘူး။ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှုကိုပဲ လိုလားတာပါ။ အခု အောက်သံလွင်ခြမ်းရဲ့ အုပ်ချုပ်ရေးအပိုင်းတွေ ဖြေလျှော့ထားတာ တွေ့ရပါတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တကယ်တော့ အဲဒီဒေသတွေက ဝ အမျိုးသားတွေ အများဆုံး နေထိုင်ကြတဲ့နေရာတွေပါ။ အဲဒီမှာက ဝ ရဲ့ နိုင်ငံရေးခေါင်းဆောင်၊ ပါတီတွေ အများစု ရှိကြပါတယ်။ ဝ နယ်ကတော့ တကယ်တော့ တိုင်းရင်းသားဒေသတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးကပါ။ အခု စစ်မှုထမ်းဖို့ ကောက်ခံတဲ့ကိစ္စတွေက လတ်တလော အခြေအနေတွေကြောင့် လိုအပ်ချက်အရလို့ မြင်မိပါတယ်” လို့ သုံးသပ်ပါတယ်။
တရုတ်ကို ကျောရိုးပြု နေထိုင်နေတဲ့ UWSA အတွက် နိုင်ငံရေးရေချိန်မြင့်တဲ့ လူငယ်တွေကြား ကွန်မြူနစ်ဝါဒလမ်းစဉ်ကို ဆက်ကျင့်သုံးမလား၊ ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာမလဲဆိုတာ အချိန်တခုပေး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ဦးသန်းစိုးနိုင်က “နောက်ပိုင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ထောင်လာနိုင်ပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်တဲ့အခါကျရင်တော့ ဒါတွေ လျော့နည်းလာဖို့ ကျနော်မျှော်လင့်ပါတယ်” ဟု အကောင်းမြင် သုံးသပ်ပါတယ်။
မြန်မာတပြည်လုံး အခုလို နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာတာဟာ ပြည်သူတွေရဲ့ ပြင်းပြလှတဲ့ ခံယူချက်တွေကြောင့်ဆိုတာရယ်၊ ပြည်သူဆန္ဒမပါဘဲ ဘယ်အရာမှ အတင်းအကျပ် စေခိုင်းလို့ မရနိုင်ဘူးဆိုတာ UWSA အတွက် ကြီးမားတဲ့ သာဓကတခု ဖြစ်နေပါတယ်။
You may also like these stories:
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော
သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း
ဝ အကြောင်းကို ကောင်းစွာနားလည်စေမည့် စာအုပ်














