တန်ဂွန်းနှင့် တူးထန် (အမည်လွှဲ) တို့သည် စာရေးသူထက် ရှစ်နှစ်မှ ဆယ်နှစ်ခန့် ငယ်ကြပြီး ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ တရွာတည်းသားများဖြစ်သည်။ စာရေးသူသည် တန်ဂွန်းနှင့် တူးထန်တို့ကို ပင်ကိုယ်အရ တက်ကြွသူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး လူငယ်ဆန်ဆန် ဖြတ်လတ်ကြသူများအဖြစ် မှတ်မိထားခဲ့သည်။ နှစ်ဦးစလုံးသည် ရွာရှိကျောင်းတွင် အတူကျောင်းတက်ကြသည်။ စာရေးသူ ပညာဆက်သင်ရန် ရွာမှထွက်လာခဲ့သည့်အချိန်မှာ သူတို့သည် ဆယ်ကျော်သက်အရွယ်ဖြင့် ရွာတွင်ကျောင်းတက် ကျန်ရစ်နေခဲ့ကြသည်။
နောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံကြရပြီး နှစ်ရှည်ထောင်ဒဏ်များ ချခံကြရကြောင်း ကြားသိခဲ့ရသည်။ စစ်ဘေးသင့်ဒေသဖြစ်သည့်အလျောက် တရားဝင် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ရှားပါးပါသည်။ ထို့ကြောင့် အထူးသဖြင့် အတတ်ပညာ အားနည်းသည့် လူငယ်များသည် မကြာခဏဆိုသလို ဖြတ်လမ်းနည်းဖြင့် ဝင်ငွေရှာကြရာမှ စိတ်မကောင်းစရာ မူးယစ်ကုန်ကူးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းရေးကို ရွေးချယ်ကြသည်။
တန်ဂွန်းသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံခဲ့ရ၍ ၁၂ နှစ်ကျော် အကျဉ်းချခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် လွတ်မြောက်လာခဲ့သည်။ တူးထန်သည် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၁၇ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် လွတ်မြောက်လာခဲ့သည်။
တန်ဂွန်းနှင့် တူးထန်တို့ လွတ်မြောက်လာပြီးနောက် စာရေးသူနှင့် ပထမဆုံး ပြန်လည်ဆုံတွေ့ရသည်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဖြစ်သည်။ တွေ့ဆုံချိန်တွင် သူတို့၏ ပြောင်းလဲသွားမှုကို စိတ်မကောင်းစွာ အံ့သြဖွယ် တွေ့ရသည်။
စာရေးသူ မှတ်မိခဲ့သော သူတို့၏ ပင်ကိုယ် သွက်လက်မှု၊ ဖြတ်လတ်မှုနှင့် စကားပြောတက်ကြွမှုတို့ လုံးဝ ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ထိတွေ့ဆက်ဆံရန် တွန့်ဆုတ်နေကြပြီး ကြောက်စိတ်၊ သိမ်ငယ်စိတ်များ ဖုံးလွှမ်းနေသည်ကို မြင်ရသည်။ တရုတ်အကျဉ်းထောင်၏ ရက်စက်ကြမ်းတမ်းမှုဒဏ်သည် သူတို့အပေါ် အရိပ်မည်းသဖွယ် လွှမ်းမိုးနေဆဲဟု ဆိုရမည်။
စာရေးသူ မှတ်မိခဲ့သော သူတို့၏ ပင်ကိုယ် သွက်လက်မှု၊ ဖြတ်လတ်မှုနှင့် စကားပြောတက်ကြွမှုတို့ လုံးဝ ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ထိတွေ့ဆက်ဆံရန် တွန့်ဆုတ်နေကြပြီး ကြောက်စိတ်၊ သိမ်ငယ်စိတ်များ ဖုံးလွှမ်းနေသည်ကို မြင်ရသည်။ တရုတ်အကျဉ်းထောင်၏ ရက်စက်ကြမ်းတမ်းမှုဒဏ်သည် သူတို့အပေါ် အရိပ်မည်းသဖွယ် လွှမ်းမိုးနေဆဲဟု ဆိုရမည်။
တန်ဂွန်းနှင့် တူးထန်တို့ကို ပြန်ဆုံသည့်အခါ ရရှိသည့်ခံစားချက်သည် စာရေးသူ၏ အိမ်နီးနားချင်း ငွားလေး (အမည်လွှဲ) ကို ၂၀၁၈ ခုနှစ်တုန်းက ပြန်တွေ့ဆုံခဲ့စဉ် ရခဲ့ဖူးသော ခံစားချက်မျိုးကို သွားသတိရစေသည်။ ငွားလေးသည်လည်း တန်ဂွန်းနှင့် တူးထန်တို့နည်းတူ တရုတ်အကျဉ်းထောင်မှ လွတ်လာပြီး ပင်ကိုယ်စရိုက်အနေအထား လုံးဝ ပြောင်းလဲသွားသော နောက်ထပ် အကျဉ်းသားဟောင်းတဦး ဖြစ်သည်။ သူလည်း ဘိန်းစိမ်း သယ်ဆောင်မှုဖြင့် ၁၀ နှစ်နီးပါး အကျဉ်းချခံခဲ့ရသူဖြစ်သည်။
ထောင်တွင်း အဓမ္မလုပ်အားနှင့် ပင်ပန်းနွမ်းနယ်မှု
ငွားလေး၊ တန်ဂွန်းနှင့် တူးထန်တို့သည် ကူမင်းမြို့ရှိ အမှတ် (၁) ယူနန်ပြည်နယ် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ကြသည်။ သူတို့သည် ဖော်ပြပါ အကျဉ်းထောင်တွင် မြန်မာအကျဉ်းသားများ ရင်ဆိုင်နေရသော ကြမ်းတမ်းသည့် ဖြစ်ရပ်မှန်များကို စာရေးသူအား ပြန်ပြောင်းပြောပြကြသည်။ သူတို့၏ ထောင်တွင်းဘဝတလျှောက်လုံးတွင် စစ်တပ်ယူနီဖောင်းများမှအစ ကမ္ဘာကျော် အမှတ်တံဆိပ်များအဆုံး အဝတ်အထည်များ ချုပ်လုပ်ပေးခဲ့ကြရသည်။
အစပိုင်းတွင် အကျဉ်းသားတဦးစီကို ချုပ်လုပ်ရမည့် နေ့စဉ်ခွဲတမ်းပေးပြီး အချိန်မီ ပြီးစီးပါက နောက်တနေ့တွင် ခွဲတမ်းကို တိုးမြှင့်ပေးပါသည်။ ဤခွဲတမ်းများကို ပြည့်မီခြင်းအတွက် ဘာဆုလာဘ်၊ အကျိုးခံစားခွင့် တစုံတရာမှ မရှိ၊ ပင်ပန်းနွမ်းနယ်ခြင်းသာလျှင် အဖတ်တင်ကြောင်း ပြောပြကြပါသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အကျဉ်းသားများသည် တိုးလာမည့်ခွဲတမ်းကို ရှောင်ရှားရန် ၎င်းတို့၏ ခွဲတမ်းများကို အချိန်ကိုက် ပြီးစီးအောင်သာ လိမ္မာပါးနပ်စွာ အားထုတ်လာကြကြောင်းလည်း သိရသည်။
ထောင်ဒဏ်၊ ပြစ်ဒဏ် ချမှတ်ပြီးသည်နှင့်တပြိုင်နက် အကျဉ်းသားတို့၏ အလုပ်ချိန်များကို စီးပွားရေးသမားများထံ ရောင်းချဟန်တူကြောင်း၊ ထို့ကြောင့် တရုတ်လုပ်ငန်းရှင်များသည် လုပ်အားခ ကုန်ကျစရိတ် အလကားနီးပါးဖြင့် ကုန်ထုတ်လုပ်နိုင်ပြီး တရုတ်ထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ကမ္ဘာနှင့်အဝန်း အပြိုင်အဆိုင် ရောင်းချနိုင်ခြင်းဖြစ်ကြောင်း အကျဉ်းသားဟောင်းများက ယုံကြည်ကြသည်။ အကြောင်းမှာ အကျဉ်းသားများသည် ၎င်းတို့၏ စွမ်းဆောင်ရည် မည်မျှပင် ကောင်းမွန် စေကာမူ ၎င်းတို့ ထုတ်လုပ်သည့် ထုတ်ကုန်တန်ဖိုး၏ ၁ ရာခိုင်နှုန်းအောက်သာ အကျိုးခံစားခွင့် ရရှိကြကြောင်း သိရသည်။
ယုံကြည်မှု အလွဲသုံးစားလုပ်ခံရခြင်း
တရုတ်နိုင်ငံရှိ တရုတ်စီးပွားရေးမိတ်ဖက်များ၏ တရားမဝင် လုပ်ဆောင်မှုများတွင် သွေးဆောင်ခြင်း မခံရအောင် သတိထားသင့်ကြောင်း တန်ဂွန်းနှင့် တူးထန်တို့က သတိပေးသည်။
တရုတ်နိုင်ငံရှိ တရုတ်စီးပွားရေးမိတ်ဖက်များ၏ တရားမဝင် လုပ်ဆောင်မှုများတွင် သွေးဆောင်ခြင်း မခံရအောင် သတိထားသင့်ကြောင်း တန်ဂွန်းနှင့် တူးထန်တို့က သတိပေးသည်။
ဥပမာ တန်ဂွန်းသည် ကနဦးတွင် တရုတ်နိုင်ငံသို့ ကျောက်စိမ်းများ ခိုးသွင်းခဲ့သည်။ အရောင်းအဝယ် တနှစ်ကျော် ကြာလာသည့်အခါ အပြန်အလှန်ယုံကြည်မှုသည်လည်း အတိုင်းအတာတခုအထိ ရရှိလာသည်ဟု ဆိုပါသည်။ ထိုယုံကြည်မှုကို အခြေခံပြီး ကျောက်စိမ်းရောင်းချမှုမှ ငွေပေးချေမှုများကိုလည်း အရစ်ကျ ပြုလုပ်လာခဲ့သည်ကို သိရသည်။
တနည်းအားဖြင့် ကျောက်စိမ်းဝယ်ယူသည့် တရုတ်ကုန်သည်များအား ကျောက်စိမ်း ရောင်းချငွေ အားလုံးကို တကြိမ်တည်း ပေးချေခိုင်းမည့်အစား အကြိမ်ကြိမ် ပေးချေခွင့် ပြုခြင်းဖြစ်ပါသည်။ တန်ဂွန်းသည်လည်း ဤကဲ့သို့ လုပ်ခဲ့ကြောင်း ပြောပြပါသည်။
တန်ဂွန်းနှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်တို့သည် ဘိန်းမည်းချက်ရှူပြီး ရံဖန်ရံခါ အတူတကွ အပန်းဖြေလေ့ရှိကြကြောင်း ပြောပြသည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ၏ နေ့လယ်ခင်းတခုတွင် တန်ဂွန်းသည် သူ၏ တရုတ်စီးပွားရေးမိတ်ဖက်များနှင့် ဤကဲ့သို့ အတူအပန်းဖြေရန် ကြိုတင်စီစဉ်ထားသော ပါတီပွဲ ကျင်းပရာနေရာသို့ သွားနေစဉ် ၎င်း၏ဟိုတယ်မှ မီတာ ၁၀၀ ခန့်အကွာတွင် ဘိန်းစိမ်း ၁၀၀ ဂရမ်ခန့်နှင့်အတူ အဖမ်းခံလိုက်ရသည်။
သူ့ကို အကြွေးပြန် မဆပ်လိုသော (သို့မဟုတ်) ငွေပေးချေမှုကို ရှောင်လွှဲလိုသော မိတ်ဖက်တဦးဦးက ထောင်ချောက်ဆင်သောကြောင့် အဖမ်းခံရခြင်းဟု လျင်မြန်စွာ သဘောပေါက်ခဲ့ကြောင်း ပြန်ပြောင်းပြောပြသည်။

မေ့လျော့ခံ အကျဉ်းသားများ
တန်ဂွန်းနှင့် တူးထန်တို့သည် တရုတ်နိုင်ငံ ဥပဒေကို ချိုးဖောက်ကြောင်း အသိအမှတ်ပြု ဝန်ခံကြပြီး အကျိုးဆက်များကို လက်ခံကြသည်။ မြန်မာအာဏာပိုင်များက ၎င်းတို့အား တရုတ်အကျဉ်းထောင်မှ လာရောက် ကယ်တင်ရန် (သို့မဟုတ်) ပြစ်ဒဏ်သက်သာခွင့် ရရှိရေးအတွက် သူတို့ကိုယ်စား အယူခံဝင်ပေးရန် မည်သည့်အခါမှ သူတို့ မမျှော်လင့်ခဲ့ပါ။ သို့သော် မြန်မာအာဏာပိုင်များထံမှ အကျဉ်းထောင်သို့ တနှစ်တကြိမ် လာရောက်အားပေး နှစ်သိမ့်ခြင်းကဲ့သို့သော အနိမ့်ဆုံး စောင့်ရှောက်မှုကိုတော့ မျှော်လင့်ခဲ့ကြကြောင်း စာရေးသူကို ပြောပြကြသည်။
၎င်းတို့ရည်ညွှန်းသော အာဏာပိုင်များဟုဆိုရာတွင် မြန်မာမှတာဝန်ရှိသူများနှင့် တရုတ်ပြည်နယ်စပ်တွင် အခြေချလှုပ်ရှားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော ဒေသဆိုင်ရာအဖွဲ့အစည်းများလည်း ပါဝင်သည်။
မြန်မာအကျဉ်းသားများသည် မြန်မာအာဏာပိုင်းတို့၏ လုံးဝ မေ့လျော့ခြင်းကို ခံထားရကြောင်း ပြောပြသည်။ ထိုင်းနိုင်ငံသား အကျဉ်းသားများသည် ၎င်းတို့၏သံရုံးနှင့် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူများထံမှ နှစ်စဉ် အခါကြီးရက်ကြီးများတွင် လာရောက် အားပေးနှစ်သိမ့်ခြင်းကို ရရှိကြကြောင်း သိရသည်။
သို့သော်လည်း မြန်မာအကျဉ်းသားများသည် မြန်မာအာဏာပိုင်းတို့၏ လုံးဝ မေ့လျော့ခြင်းကို ခံထားရကြောင်း ပြောပြသည်။ ထိုင်းနိုင်ငံသား အကျဉ်းသားများသည် ၎င်းတို့၏သံရုံးနှင့် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူများထံမှ နှစ်စဉ် အခါကြီးရက်ကြီးများတွင် လာရောက် အားပေးနှစ်သိမ့်ခြင်းကို ရရှိကြကြောင်း သိရသည်။
ငွားလေး၊ တန်ဂွန်းနှင့် တူးထန်တို့သည် တရုတ်အကျဉ်းထောင်တွင် ဆယ်စုနှစ် တခုကျော်ကြာ အကျဉ်းချခံနေရစဉ် မည်သည့် မြန်မာအာဏာပိုင်တို့၏ လာရောက်လည်ပတ် အားပေးနှစ်သိမ့်မှုကိုမှ မရရှိခဲ့ကြကြောင်းကို ဝမ်းနည်းစွာ ပြောပြကြသည်။ မြန်မာအကျဉ်းသားများသည် မိမိတို့နိုင်ငံမှ လုံးလုံးလျားလျား စွန့်ပစ်ခံရပြီး မေ့လျော့ခံသွားပြီဟု ခံစားနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းသည် ၎င်းတို့၏ အခြေအနေ မည်သို့ပင်ရှိစေကာမူ အစိုးရ (အာဏာပိုင်) များထံမှ အကူအညီနှင့် အကာအကွယ် ရရှိပိုင်ခွင့် ရှိကြပါသည်။ မြန်မာအစိုးရသည် နိုင်ငံသားများ၊ ဥပဒေဖောက်ဖျက်သူများကိုပင် တရားမျှတမှု ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးရန် ကျင့်ဝတ်နှင့် တရားဥပဒေဆိုင်ရာတာဝန် ရှိပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၀ တွင် “နိုင်ငံခြားတိုင်းတပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်” ဟု ဖော်ပြထားပါသည်။
မြန်မာနိုင်ငံသားများအပေါ် နိုင်ငံခြားအစိုးရများနှင့် ပြည်ပအလုပ်ရှင်များ၏ ခေါင်းပုံဖြတ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများသည် မြန်မာအာဏာပိုင်တို့က မိမိတို့နိုင်ငံသားများအပေါ် လျစ်လျူရှုထားမှုတို့ကြောင့် သိသိသာသာ ပို၍ဆိုးရွားစေကြောင်း မြန်မာအကျဉ်းသားများက ယုံကြည်နေကြသည်ဟု တန်ဂွန်းနှင့် တူးထန်တို့က စာရေးသူကို ရင်ဖွင့်ကြသည်။
စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း
ငွားလေး၊ တန်ဂွန်းနှင့် တူးထန်တို့၏ ပြောပြချက်အရ ကူမင်းမြို့ရှိ အမှတ် (၁) ယူနန်ပြည်နယ် အကျဉ်းထောင်တွင် လူပေါင်း ၅,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၄,၀၀၀ ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း သိရသည်။ အခန်းတခုစီတွင် လူ ရှစ်ဦးမှ ၁၂ ဦးအထိ နေထိုင်ကြရကြောင်း ပြောပြကြသည်။
အကျဉ်းသားများသည် CCTV များမှတဆင့် ၂၄ နာရီပတ်လုံး စောင့်ကြည့်ခြင်းခံကြရပါသည်။ CCTV များအပြင် အချုပ်ခန်းအပြင်ဘက်တွင်လည်း အကျဉ်းထောင်အစောင့်များ ထားရှိပါသည်။ ထို့ပြင် အချုပ်ခန်း အတွင်းတွင်လည်း အကျဉ်းသားများကို ညစောင့်များအဖြစ် အလှည့်ကျ ခိုင်းစေပါသည်။ တဦးလျှင် ၁ နာရီ အလှည့်ကျ ထစောင့်ကြရသည်။
အကျဉ်းသားများသည် CCTV များမှတဆင့် ၂၄ နာရီပတ်လုံး စောင့်ကြည့်ခြင်းခံကြရပါသည်။ CCTV များအပြင် အချုပ်ခန်းအပြင်ဘက်တွင်လည်း အကျဉ်းထောင်အစောင့်များ ထားရှိပါသည်။ ထို့ပြင် အချုပ်ခန်း အတွင်းတွင်လည်း အကျဉ်းသားများကို ညစောင့်များအဖြစ် အလှည့်ကျ ခိုင်းစေပါသည်။ တဦးလျှင် ၁ နာရီ အလှည့်ကျ ထစောင့်ကြရသည်။
အကျဉ်းထောင်အတွင်း၊ အပြင်တွင် လုံခြုံရေးကို အထပ်ထပ် ချထားပြီးဖြစ်သောကြောင့် အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း၊ သို့သော် အကျဉ်းသားများကို မိမိတို့အချုပ်ခန်းအတွင်း ညစောင့်များအဖြစ် အလှည့်ကျ စေခိုင်းခြင်းမှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ရန်နှင့် အိပ်ရေးပျက်စေရန်မှတပါး အခြားရည်ရွယ်ချက် မရှိနိုင်ဟု ယူဆကြောင်း တန်ဂွန်းနှင့် တူးထန်က ပြောပြပါသည်။
ခွဲခြားဆက်ဆံခံရခြင်း
အမှတ် (၁) ယူနန်ပြည်နယ် အကျဉ်းထောင်မှ မြန်မာနိုင်ငံသားများသည် ထောင်အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံခြင်းကို အပြင်းထန်ဆုံး ခံနေကြရကြောင်း သိရသည်။ ဥပမာ အခြားအကျဉ်းထောင်များတွင် အကျဉ်းခန်းအတွင်း အကျဉ်းသားများအား ညစောင့်များအဖြစ် အလှည့်ကျ စေခိုင်းသည့်အစီအစဉ် မရှိကြောင်း ပြောင်းရွှေ့လာသည့် အကျဉ်းသားများနှင့် စကားစမြည်ပြောဆိုကြရာမှ သိရကြောင်း တန်ဂွန်းနှင့် တူးထန်တို့က ပြောပြသည်။
ထို့ပြင် မြန်မာအကျဉ်းသားတဦးဦး နာမကျန်းဖြစ်လျှင် အစာမစားနိုင်တော့မှသာ ဆေးကုသခွင့်၊ ဆေးဝါးအကူအညီကို ပေးကြောင်း စိတ်မကောင်းစွာ သိရသည်။ မိသားစုနှင့် ဆက်သွယ်ရေးကိုလည်း လုံးဝ တင်းကျပ်ထားပါသည်။ တရုတ်-မြန်မာ နယ်စပ်ရှိ မိသားစုဝင်များသည် တရုတ်ဖုန်းလိုင်းကို အသုံးပြုနိုင်သောကြောင့် အနည်းငယ် သက်သာသည်ဟု ဆိုရမည်။ အကြောင်းမှာ တရုတ်ဖုန်းကို ဆက်သွယ်မည်ဆိုပါက တလလျှင် တကြိမ် မိသားစုနှင့် ဆက်သွယ်ခွင့်ရှိပါသည်။
အကယ်၍ မြန်မာဖုန်းလိုင်းကဲ့သို့သော အခြားဖုန်းကို ဆက်သွယ်မည်ဆိုပါက ခြောက်လမှ တကြိမ် ဆက်သွယ်ခွင့် ရှိကြောင်း သိရသည်။ အချိန်အားဖြင့် ငါးမိနစ် ပြောဆိုခွင့်ရပါသည်။ သို့သော် အမှန်တကယ် စကားပြောရသည့် အချိန်မှာ တမိနစ်၊ နှစ်မိနစ်ခန့်သာ ရှိကြောင်း သိရသည်။
တခါတရံ လုံးဝ ပြောခွင့်မရဘဲ အချိန်ကုန်သွားကြောင်း သိရသည်။ အကြောင်းမှာ ဖုန်းပြောရန် မိမိထိုင်နေရာမှ မတ်တတ်ရပ်ပြီး သတ်မှတ်ထားသည့် ဖုန်းပြောမည့်နေရာသို့ စပြီး ခြေလှမ်းလမ်းသည်နှင့် အချိန်ကို စမှတ်ကြောင်း၊ ဖုန်းနံပါတ်များကို နှိပ်ပြီးတိုင်းလည်း ဖုန်းက ချက်ချင်းမဝင်၍ စောင့်ရင်းနှင့် အချိန်ကုန်သွားခြင်းမျိုး၊ တရုတ်ဘာသာစကားမှလွဲ၍ အခြား ဘာသာစကားဖြင့် ခေါ်ဆိုမှု မှန်သမျှကို ချက်ချင်း ဖြတ်တောက်ပြီး အလုပ်ခွဲတမ်း တိုးမြှင့်ခြင်းဖြင့် အပြစ်ပေးခံရခြင်းနှင့် နှစ်နှစ် တကြိမ် လျှောက်ခွင့်ရှိသည့် ပြစ်ဒဏ်လျှော့ချရေးအခွင့်ကိုလည်း ဆုံးရှုံးနစ်နာစေသည်အထိ ပြင်းထန်စွာ အရေးယူခံရကြောင်း ဝမ်းနည်းစွာ သိရသည်။

အရေးယူပေးရန် မေတ္တာရပ်ခံချက်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို “ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး” အဖြစ် မကြာခဏ အလေးပေးလေ့ရှိပြီး အိမ်နီးချင်းကောင်းနှင့် တာဝန်သိသော ဒေသဆိုင်ရာ ခေါင်းဆောင်အဖြစ် အခိုင်အမာ ပုံဖော်ပြောကြားလေ့ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ပုံဖော်ပြောဆိုမှုများအတိုင်း အမှန်တကယ် လက်တွေ့ပြသရန် အရေးကြီးပါသည်။ ဥပမာ ၎င်းတို့ ချုပ်နှောင်ထားသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား လူသားဆန်စွာ ဆက်ဆံပြီး ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းဖြင့် တရားမျှတမှုကို အပြန်အလှန် ပြသသင့်ပါသည်။
မြန်မာနိုင်ငံတွင် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသားများကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးခြင်းဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေးကို အကြိမ်ကြိမ် ပြသခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသားများကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးခြင်းဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေးကို အကြိမ်ကြိမ် ပြသခဲ့ပြီး ဖြစ်သည်။
ဥပမာ ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုဖြင့် တရုတ်နိုင်ငံသား ၁၅၃ ဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့သော်လည်း တပတ်အတွင်း မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှုဖြင့် ထိုသစ်ခိုးသမားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ကာ ရာဇဝတ်မှုမြောက်သည့် အွန်လိုင်းလိမ်လည်မှုများဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကို ဖျက်ဆီးသည့်အပြင် သန်းပေါင်းများစွာသော ဘဝများကို နစ်နာစေခဲ့သည့် အဖျက်အမှောင့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ သောင်းနှင့်ချီသည့် တရုတ်နိုင်ငံသားများအား မြန်မာတာဝန်ရှိသူများက တစုံတရာ တရားစွဲဆိုခြင်း မပြုလုပ်ဘဲ လွှဲပြောင်းပေးခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ အကျဉ်းထောင်များရှိ မြန်မာနိုင်ငံသားများအပေါ် လူသားချင်းစာနာသည့် ကြင်နာတရား၊ ခွင့်လွှတ်ခြင်းတရားကို အပြန်အလှန် ပြသရန် အရေးတကြီး လိုအပ်နေပါသည်။ အကြောင်းမှာ တရုတ်အစိုးရသည် မြန်မာနိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည့် သမိုင်းသာဓက မရှိသေးပါ။
အထက်တွင်ဖော်ပြသည့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများသည် တရုတ်အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရပြီး အဓမ္မအလုပ်သမားများအဖြစ် ခေါင်းပုံဖြတ်ခံ နေရပါသည်။ မြန်မာနိုင်ငံတွင် ထောင်ဒဏ်တသက်တကျွန်း ကျခံနိုင်သည့် ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသားများကို မြန်မာတာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်သည်။ တရုတ်အစိုးရသည် ၎င်းတို့၏ အကျဉ်းထောင်များရှိ မြန်မာနိုင်ငံသားများအား အဘယ်ကြောင့် အလားတူ ခွင့်လွှတ်မှုမျိုးကို မပြသနိုင်ရသနည်း။
ဤပြဿနာသည် မြန်မာနိုင်ငံ၏ အာဏာပိုင်များနှင့် အာဏာပိုင်များဖြစ်ရန် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးက အာရုံစိုက်ပြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်း တင်ပြလိုပါသည်။ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ထိုက်သင့်သော အခွင့်အရေးများရရှိ ခံစားနိုင်စေရန်၊ ခေါင်းပုံဖြတ်ခြင်း မခံရစေရန် လျစ်လျူရှုခြင်း မလုပ်သင့်ပါ။ သက်ဆိုင်ရာ တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရမည် ဖြစ်သည်။
ဤပြဿနာသည် မြန်မာနိုင်ငံ၏ အာဏာပိုင်များနှင့် အာဏာပိုင်များဖြစ်ရန် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးက အာရုံစိုက်ပြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်း တင်ပြလိုပါသည်။ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ထိုက်သင့်သော အခွင့်အရေးများရရှိ ခံစားနိုင်စေရန်၊ ခေါင်းပုံဖြတ်ခြင်း မခံရစေရန် လျစ်လျူရှုခြင်း မလုပ်သင့်ပါ။ သက်ဆိုင်ရာ တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရမည် ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး အခက်အခဲ အကျပ်အတည်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါး၍ တရားမဝင်သော လုပ်ငန်းများကို ၎င်းတို့၏ ဘဝနှင့်ရင်းပြီး အရဲစွန့်ကာ အသက်မွေးဝမ်းကျောင်းရင်း ယခုကဲ့သို့ အကျဉ်းချခံရသူများဖြစ်ကြပါသည်။ သူတို့ကို မေ့မထားသင့်ပါ။
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးမှ မြင်ရသည့်အရာများအပေါ် အခြေခံ၍ သုံးသပ်ရလျှင် နိုင်ငံခြားအစိုးရများသည် မိဘများက သားသမီးများကို ခြွင်းချက်မရှိ အကာအကွယ်ပေးသကဲ့သို့ ၎င်းတို့၏ နိုင်ငံသူ နိုင်ငံသားများကို မည်သည့်အခြေအနေတွင်မဆို အကာအကွယ်ပေးနိုင်အောင် ကြိုးစားကြသည်ကို တွေ့ရသည်။
ဥပမာ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ခဲ့ကြသည့် ၎င်းတို့၏ နိုင်ငံသားများကို မြန်မာနိုင်ငံတွင် တရားရင်ဆိုင်ခြင်း မခံရလေအောင် အမြန်အဆန် ခေါ်ထုတ်နိုင်ရေး ကြိုးစားကြပါသည်။
နိုင်ငံခြားအစိုးရများနည်းတူ မြန်မာမှတာဝန်ရှိသူများသည်လည်း မိမိတို့ လူမျိုး၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်ပေးရန် အချိန်တန်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြား တိုင်းပြည်များတွင် ဒုက္ခဆင်းရဲအမျိုးမျိုးကို ရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအပေါ် ကိုယ်ချင်းစာရင်း တင်ပြတောင်းဆိုလိုက်ရပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။ ယခုဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့်လည်း Forgotten Voices: The Plight of Myanmar Inmates in Chinese Prisons ဖတ်ရှုနိုင်ပါသည်။ )
You may also like these stories:
မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်
နှစ်သုညနှစ်ငါး (၃) သို့မဟုတ် လက်စားချေမလား သင်ပုန်းချေမလား
အပြုံးမပျက် ရုံးမတက်နိုင်ကြတော့ပြီ
၂၀၁၈ အတွင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု အများဆုံးဖြစ်
တရုတ်များ မြန်မာပြည်ထဲအထိ တရားဝင် မိန်းမ ဝင်ရှာဖွေနေ
မြန်မာ့ အရှေ့တံခါးကိုလည်း ဂရုစိုက်ပါ














