ကျွဲကူးမြစ်ကမ်းဘေး မေးတင်ကာ ရှည်မျှောမျှောအလျားလိုက်တည်ရှိသည့် မြစ်ကမ်းတလျောက် စားသောက်ဆိုင်များ၊ သစ်သားဆိပ်ခံ တံတားငယ်များ၊ ခြေတံရှည် အိမ်ငယ်များနှင့် စည်ကားလှပနေခဲ့သော မြို့က ယခုမူ တိတ်ဆိတ် ခြောက်ကပ်လျှက်။
နာမည်ကြီး ဒေသထွက်ကုန် ဂဏန်းကြော်၊ တင်းဝါး (ကောက်ညှင်းကျည်တောက်) တို့ ရောင်းသောဈေးသည်များနှင့် ဆူညံ သိုက်မြိုက်သည့် လိုင်းဘုတ်၊ စက်လှေ၊ အမြန်ယာဉ်တို့ ဆိုက်ကပ်ရာ ဆိပ်ကမ်းတို့မှာလည်း တိုင်ငုပ်တိုများ၊ သွပ်သံ အပိုင်း အစများ တစစီ ပြန့်ကြဲကာ ဟာလာဟင်းလင်း ဖြစ်သွားချေပြီ။
ထိုမြို့က အာရက္ခတပ်တော် (AA) ပထမဆုံးသိမ်းပိုက်ခဲ့သော ပေါက်တောမြို့ ဖြစ်သည်။
၂၀၁၉ ခုနှစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများအရ မြို့နေ ကျေးလက် လူဦးရေ စုစုပေါင်း ၁၉၀,၈၄၉ ဦး နေထိုင်ကြပြီး အိမ်ခြေပေါင်း ၄၅၉၉၃ ရှိကာ အဓိက စီးပွားရေးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း လုပ်ကိုင်ကာ ဒေသထွက်ကုန်က ပုဇွန်၊ ဂဏန်း၊ စပါး၊ ဆားဖြစ်သည်ဟု ဆိုသည်။
ရခိုင်လူမျိုး အများစုနေထိုင်ကြကာ ရိုဟင်ဂျာဦးရေက ၃ သောင်းကျော် ရှိပြီး မြို့ပေါ်ရပ်ကွက်၂ ခုနှင့် ကျေးရွာများ အတွင်း နေထိုင်ကြကြောင်း သိရသည်။
ပေါက်တောမြို့သည် လက်ရှိ စစ်ကောင်စီထိန်းထားဆဲ မြို့တော်စစ်တွေနှင့် ၁၆ မိုင်ခန့်သာကွာပြီး ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ဒေသတွင်းတိုက်ပွဲများအစ နှစ်ရက်အကြာ ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်တွင် စစ်တပ်စခန်းမရှိဘဲ မြို့မရဲစခန်း သာရှိသည့် AA က သိမ်းပိုက်ခဲ့သော မြို့ဖြစ်သည်။
ယင်းနောက် စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်သဖြင့် ပြန်ဆုတ်ပေးခဲ့ရပြီး နှစ်လကြာသည့်အခါ AAတို့က ထပ်မံ တိုက်ခိုက်ကာ အပြီးအပြတ် သိမ်းယူခဲ့ခြင်းဖြစ်သည်။
ပေါက်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်သင်္ဘောတို့နှင့် အင်အားရာချီသုံးကာ ကြည်း၊ ရေ၊ လေ တပြိုင်တည်း တိုက်ခိုက်ခဲ့သဖြင့် မြို့တွင်းရှိ ရာချီသော အိမ်၊ ဈေးဆိုင်ခန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့ တစစီ ပျက်စီးကြွေမွခဲ့ရသည်။
ထို့အတွက် AA သိမ်းပြီး ၁ နှစ်ခွဲကြာသည့်တိုင် ဒေသခံများ ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးပါ။ လက်ရှိ ဗုံးဒဏ်၊ ကျည် ဒဏ် မီးရှို့ဖျက်ဆီးခံ အိမ်များ၊ ခြုံနွယ်တို့ ရစ်သိုင်းကာ ပြိုကျနေသော အိမ်များ၊ ရေညှိတွယ်နေသော လမ်းများနှင့် အထီးကျန် တိတ်ဆိတ်နေဆဲပင်။
မင်းပြားဘက်မှ ကားလမ်းအတိုင်းလာပါက ပထမဆုံးတွေ့ရသည့် “လှိုက်လှဲစွာ ကြိုဆိုပါ၏၊ ပေါက်တောမြို့”ဆိုသည့် မြို့ဝင် ဆိုင်းဘုတ်ကိုကျော်၍ လှမ်းကြည့်လိုက်ပါက ပြိုလဲဝပ်ကျပြီး ခြုံနွယ်များ ဖုံးအုပ်နေသည့် အိမ်ငယ်များစွာနှင့် ဟိုဘက် ဒီဘက် ထုတ်ချင်းပေါက် ဟင်းလင်းပြင်မြင်နေရပြီး လမ်းဘေးဝဲယာတိုက်အိမ်များမှာ ဗုံးဒဏ်ကြောင့် မီးခိုးမည်းရောင် သန်းနေကြသည်။
အိမ်တချို့က အုတ်ခဲကျိုးအပိုင်းအစများ၊ သံလုံးကျိုးများ၊ သွပ်ပြားစများသာ စုပုံကျန်ကာ ကွင်းပြင်ကြီးသဖွယ် ဖြစ်ကျန်ခဲ့သည်။

ဆေးရုံဝင်းအတွင်းလည်း ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး ဆေးရုံအဆောက်အဦ ခေါင်မိုးသွပ်ပြားများက ဟိုတစသည် တစ ထိုးထိုးထောင်ထောင်၊ မြို့အဝင်နား ပေါက်တော အထက၏ ပင်မဆောင်ကိုလည်း မတွေ့ရတော့၊ အပိုင်းအစများပင် လှမ်းမမြင်ရအောင် ခြုံနွယ်များ ရစ်ပတ်ဖုံးကွယ်လိုက်ကြပြီဖြစ်သည်။ ကျောင်းဆောင်ကြီးဘေး အဆောင်ငယ်တချို့ တော့ တွေ့ရသေးသည်။
မြို့တွင်းလမ်းမပေါ် တိုက်ပွဲကာလ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အချင်း ဆယ်ပေဝန်းကျင်ရှိ တွင်းကြီးများဖြစ်ခဲ့ပြီး မြို့ဦး တောင်ပေါ် လောကထိပ်ပန်ဘုရားကြီး၏ မျက်နှာတော်က ကျည်ထိဒဏ်ရာများအပြည့်နှင့်။
ဘုရားစောင်းတန်းအောက် တောင်ခြေတလျှောက်ရှိ လက်ဖက်ရည်ဆိုင်များလည်း တဆိုင်မှ မတွေ့ရတော့ပေ။ ကျွဲကူး မြစ်ကမ်းဘေးတလျှောက် နေအိမ်များနှင့် စားသောက်ဆိုင်များလည်း အကောင်းပကတိ မကျန်။
ယခင်က တိုက်ကြီးတာကြီးများ၊ မိတ္တူဆိုင်၊ ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ ဆေးဆိုင်၊ ရွှေဆိုင်၊ အိမ်ဆောက်ပစ္စည်း ဆိုင်များရှိခဲ့သော မြို့လယ်တွင်မူ ဘောလုံးကွင်း တကွင်းစာ အရွယ်ရှိ ကွင်းပြင်တခုသာ တွေ့ရပြီး အခြားရပ်ကွက် တို့ တွင်လည်း ယင်းကဲ့သို့ နေအိမ်များ အစုလိုက် ပျက်စီးသွားခဲ့ရသည့် ဟင်းလင်းပြင်များသာ တွေ့ရသည်။
ပေါက်တောမြို့တိုက်ပွဲတွင် ကိုယ်တိုင် ပါဝင်ခဲ့သူများနှင့် နီးစပ်သည့် ဒေသခံတဦးက“စစ်တွေဘက်က လက်နက်ကြီးတွေ ရာချီပစ်တယ်၊ ဂျက်နဲ့လည်း ချတယ်ဆိုတော့ အဲဒီလိုမျိုး အိမ်တွေ လုံးဝပျက် သွားတာပဲ” ဟု ပြန်ပြောင်းပြောသည်။
ပေါက်တောတိုက်ပွဲ နှစ်လတာကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှု၊ စစ်ကောင်စီတပ်သားများ ကိုယ်တိုင် မီးရှို့မှုတို့ကြောင့် လူနေအိမ် ငါးရာဝန်းကျင် (မြို့ပေါ် အိမ်ခြေအရေအတွက်၏ ခြောက်ပုံ တပုံနီးပါး)၊ ဆိုင်ခန်း သုံးရာဝန်းကျင်ရှိသော မြို့မဈေးကြီးတခုလုံး၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးခန်းများ ပျက်စီးခဲ့ရသည်။
ပေါက်တောမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သူတဦးက “ဈေးနားကအိမ်မှာ ခွေးတွေ နေခဲ့ကြတယ်၊ အဲဒီကနေထွက်ပြီး ဈေးကို မီးရှို့တာ၊ တဈေးလုံး ကျွမ်းသွားတယ်၊ ကိုယ့်လူတွေလည်း ဘာမှ လုပ်လို့မရလိုက်ဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် ပေါက်တောတိုက်ပွဲကာလအတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ် Y – 12 တို့ အပါအဝင် လေယာဉ်မျိုးစုံဖြင့် တရက်တည်း ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သော နေ့ရက်များစွာ ရှိခဲ့ကြောင်း ပေါက်တောမြို့အနီးနေထိုင်သော မျက်မြင်ဒေသခံများက ပြန်ပြောပြကြသည်။
ယင်းပြင် ပေါက်တောမြို့နှင့် ကပ်လျှက် ကျွဲကူးမြစ်၊ ကုလားတန်မြစ်တို့တွင်လည်း တိုက်ခိုက်ရေးစစ်ရေယာဉ် ငါးစီးထက် မနည်း နေ့စဉ်ရှိနေခဲ့ကြောင်း ဆိုကြသည်။
“နေ့တိုင်းလိုလို မြို့ထဲက မီးခိုးတွေထွက်တာ မြင်ရတယ်၊ ဂျက်နဲ့ချတယ်၊ Y 12 နဲ့ချတယ်၊ အဲဒီလိုပဲ ဗုံးကြဲနေတာ၊ လူ ကိုယ်တိုင်လည်း မီးရှို့သေးတယ်တဲ့။ နေဗီကလည်း ပစ်တယ်နေ့တိုင်း” ဟု ပေါက်တောတိုက်ပွဲကာလအတွင်း ပေါက် တောမြို့နှင့် နှစ်မိုင်ဝန်းကျင်အကွာမှာ ရှိနေခဲ့သော ဒေသခံအမျိုးသားတဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း ပွဲဦးထွက် ပထမဆုံးလက်လွှတ်၊ သိမ်းပိုက်ခံလိုက်ရသော ပေါက်တောမြို့ကို တန်ပြန်ထိုးစခဲ့သည့် ပထမနေ့ကတည်းက အရပ်သားပြည်သူများနှင့် အရပ်ဘက်နေအိမ်၊ အဆောက် အဦများအား ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပေါက်တောမြို့ကို လက်လွှတ်ရပြီး နောက်ရက် နံနက်ပိုင်းမှာပင် ရဟတ်ယာဉ်မှ ပစ်ခတ်ရာ အရပ်သား သုံးဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ရသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် အရပ်ဘက် ရေယာဉ်နှစ်စီးကို ချောဆွဲ၍ စစ်ရေယာဉ်အချို့နှင့် အတူ ပေါက်တောမြို့သို့ အင်အားအလုံးအရင်းဖြင့် မြို့ပေါ်တက် နေရာယူခဲ့သည်။
မြို့အနှံ့ မှ ဖမ်းဆီးလာခဲ့သော အရပ်သားပြည်သူရာချီကို လောကထိပ်ပန်ဘုရားတောင်ပေါ် ဓမ္မာရုံနှင့် အမှတ် ၂ ရပ်ကွက်ရှိ စိုက်ပျိုး ရေးရုံးတို့၌ ဓားစာခံအဖြစ် ဖမ်းဆီး၊ ပိတ်လှောင်ထားခဲ့သလို တချို့ သတ်ဖြတ်ခံရသည်။
စစ်ကောင်စီတပ်သားများ ရောက်လာကြချိန် တိမ်းရှောင်ချိန်မရသည့် လောကထိပ်ပန်ဘုရားစောင်းတန်းနှင့် ရင်ပြင်ပေါ် ပုန်းနေကြသူများကို ပစ်ခတ်သတ်ဖြတ်ရာ အသက်ခုနှစ်ဆယ်ဝန်းကျင်အရွယ် အငြိမ်းစား ဆရာမ တဦး၊ အလယ်တန်းပြ ဆရာမတဦး၊ သက်ကြီးသံဃာတော်တပါး ပျံလွန်၊ သေဆုံးကာ ကလေး၊ အမျိုးသမီး အပါအဝင် လေးဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။
“AA တွေ ဘယ်မှာလဲဆိုပြီး စောင်းတန်းကနေ တောက်လျောက်ပစ်ပြီး တက်လာတာ၊ ဆဲလည်းဆဲတယ်၊ ရင်ပြင်က အိမ်သာ မှာ ဝင်ပုန်းနေကြတဲ့ ဆရာမနှစ်ယောက်ကို ပစ်သတ်လိုက်တာ တခါတည်း သေသွားတယ်၊ ပြီးရင် စောင်းတန်းက ဘုန်းကြီး ကျောင်းဆောင်ကိုလည်း တဆယ်၊ နှစ်ဆယ်ချက်လောက် ဆက်တိုက်ပစ်တယ်၊ ဆရာတော် ပျံလွန်တော်မူသွား တယ်” ဟု ဘုရားရင်ပြင် ၌ ဖမ်းဆီးခံခဲ့ရပြီး ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အမျိုးသားတဦးက ပြန်ပြောပြသည်။
စစ်ကောင်စီတပ်သားများ တက်လာချိန် ပေါက်တောမြို့တွင်း၌ AA တပ်ဖွဲ့ဝင်များ မရှိတော့ တပ်ဆုတ်သွားကြပြီ ဟု ဆိုကြသည်။
“ဘာတိုက်ပွဲမှမဖြစ်ဘဲ ဒီအတိုင်းပစ်ပြီး တက်လာတာ၊ အရပ်သားတွေပါဆိုတာတောင် မရပ်ဘူး၊ ဆက်တိုက် ပစ်တယ်၊ စစ်သားတွေ တက်လာချိန် AA က တယောက်မှ မရှိတော့ဘူး။ AA တပ်သား တွေကို အဲဒီနေ့က မြင်လည်း မမြင်ဖူးလိုက် ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပေါက်တောမြို့သို့ စစ်ကောင်စီတပ်သားများ စရောက်လာသည့်နေ့မှာပင် ဆရာတော်တပါးနှင့် အရပ်သား သုံးဦး ထက် မနည်း သေဆုံးကာ ခုနှစ်ဦးထက်မနည်း ဒဏ်ရရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တိုက်ပွဲကာလအတွင်း၌လည်း ကျေးရွာများ ကို လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဆယ်ဝန်းကျင် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ သည်။
လောကထိပ်ပန်ဘုရားတောင်ပေါ် ဓမ္မာရုံတွင် ပိတ်လှောင်ခံထားရသည့် ဓားစာခံများကို နိုဝင်ဘာ ၂၁ရက် AA တပ် ပြန်လည် စစ်ဆင်မှ ကယ်တင်နိုင်ခဲ့သလို မြို့တွင်းရှိ စစ်ကောင်စီတပ် ဖမ်းဆီးထားသူများ၊ မိမိတို့နေအိမ်များထဲ ပိတ်မိနေသူများကိုလည်း ဆက်လက်ကယ်ထုတ်ခဲ့ ကြောင်း AA က ရုပ်သံမှတ်တမ်းများ ထုတ်ပြန်ခဲ့သည်။
“လောကထိပ်ပန်ကုန်း သိမ်းခံရပြီးတာနဲ့ ကျနော်တို့ထဲက ထက်ဝက်လောက်ကို ရဲစခန်းထဲ ရွှေ့လိုက်တယ်၊ စစ်သားတွေနဲ့ ရောထားတယ်၊ ထွက်ပြေးရင် အကုန်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု စိုက်ပျိုးရေးရုံးဝင်းအတွင်း ဖမ်းဆီးခံခဲ့ ရသူတဦးက ပြန်ပြောပြသည်။
စစ်ကောင်စီတပ်သားများသည် ပေါက်တောမြို့တွင်း ခိုင်ခံ့သောအဆောက်အဦများ၊ ရုံးများတွင် တပ်စွဲနေထိုင်ခဲ့ ကြပြီး ၎င်းတို့နေထိုင်ရာ ပတ်ပတ်လည်ရှိ အရပ်သားနေအိမ်များကို မီးရှို့ကာ ခိုးယူမှုများလည်းရှိခဲ့ကြောင်း AA နှင့် မြို့တွင်း ပိတ်မိနေခဲ့သူများက ပြောကြသည်။
“အိမ်က အဝတ်အစားတွေရော အကုန်လုံး ဖွထားခဲ့တယ်၊ တခုမှ အကောင်းမကျန်ဘူး၊ ဘယ်လောက်ထိ ဆိုးလဲဆို ထမင်း ပေါင်းအိုးထဲမှာ အီးပါပြီး ထားခဲ့တယ်” ဟု စစ်ကောင်စီတပ်သား တပ်စွဲနေထိုင်ခဲ့သော အိမ်မှ ပိုင်ရှင်က ပြောသည်။
နှစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၄ ဇန်နဝါရီ ၁၉ ရက်တွင် ပေါက်တောမြို့တွင်းမှ လက်ကျန် စစ်ကောင်စီ တပ်သားများသည် ရေကြောင်းမှ ဆုတ်ခွာသွားခဲ့ရာ AA က ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
AA သိမ်းပိုက်ပြီး နောက်ပိုင်းတွင်လည်း စစ်ကောင်စီသည် စစ်တွေမြို့အခြေစိုက်တပ်ရင်းများ၊ ကုလားတန်မြစ်ကြောင်း ပေါ်ရှိ စစ်ရေယာဉ်များတို့မှ အမြောက်ဖြင့် မကြာခဏပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။ တခါတရံ ဗုံးကြဲမှုများပင်ရှိကာ အရပ်သား ထိခိုက်သေဆုံးရမှုကလည်း များစွာ ရှိနေသည်။
ထို့ကြောင့် AA တို့ မြို့ကိုသိမ်းထားသည်မှာ တနှစ်ခွဲခန့် ရှိပြီဖြစ်သော်လည်း မြို့သူမြို့သားများမှာ ဝင်ရောက် နေထိုင်ရန် မဝံ့ရဲကြသေးပေ။ နေထိုင်မည်ဆိုပါကလည်း အိမ်များက အကောင်းအတိုင်း မကျန်တော့၊ ပြန်ဆောက်၊ ပြန်ပြင်ကြရဦးမည်။
ရခိုင်ဒေသအတွင်း ပထမဆုံးသော မြို့သိမ်းတိုက်ပွဲနှင့် ကြုံခဲ့ရသည့် ပေါက်တောမြို့ခံများက ပြင်ဆင်ချိန် မရခဲ့ဘဲ အဝတ် တထည် ကိုယ်တခုဖြင့်သာ ကတိုက်ကရိုက် အသက်လုပြေးခဲ့ရသည်ဖြစ်၍ စုဆောင်းထားသော ငွေနှင့် ရွှေတိုရွှေစများ ကိုပင်ယူခွင့်မသာခဲ့ကြပေ။ အိမ်ဆောက်ပစ္စည်းများအပါအဝင် အစစအရာရာ ဈေးတက်နေသော ယခုကာလတွင် ပို၍ မတတ်နိုင်ကြောင်း ဆိုကြသည်။
“ပိုက်ဆံချမ်းသာတဲ့သူတွေတော့ အဆင်ပြေမှာပေါ့၊ တော်ရုံတန်ရုံလူတွေကတော့ ရှိတာ အကုန်ဆုံးသွားတာလေ၊ အိမ် ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူး၊ ဘဝပျက်တာပဲ” ဟု တိုက်ပွဲတွင်း နေအိမ်ပျက်စီးခဲ့ရသော ပေါက်တောမြို့ အမှတ် ၄ ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောပြသည်။
လက်ရှိတွင် ပေါက်တောမြို့မှ စစ်ဘေးရှောင်အများစုသည် ပေါက်တောမြို့နယ်အတွင်း ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့နှင့် ဆွေမျိုးနီးစပ်နေအိမ်များ၌ နေထိုင်နေကြရပြီး ငွေကြေးတတ်နိုင်များက ကျောက်တော်၊ မင်းပြား၊ မြေပုံစသည့် ရခိုင်ပြည်တွင်း အခြားမြို့နယ်များ၌ အိမ်ငှားနေထိုင်ကြသူများလည်းရှိသလို ရန်ကုန်အပါအဝင် ပြည်မဒေသသို့ဘက် ရွှေ့ပြောင်းနေထိုင်ကြသူများလည်း ရှိကြောင်း သိရသည်။
ငါးနှစ်အောက် ကလေးငယ်နှစ်ဦး၊ အမျိုးသားတို့နှင့်အတူ စစ်ရှောင်စခန်းတွင် ခိုလှုံနေရသော အမျိုးသမီးတဦးက တနှစ်ခွဲ ကျော်အတွင်း စုမိဆောင်းမိ ရွှေအချို့နှင့် လက်ကိုင်ဖုန်းနှစ်လုံးကို ရောင်းချပြီး မိသားစုဝမ်းရေး ဖြေရှင် ခဲ့ရသဖြင့် အရေးပေါ် သုံးစွဲဖို့ပင် ရောင်းချစရာ မရှိတော့ဟု ဆိုသည်။
“နားကပ်၊ ဆွဲကြိုး၊ ဖုန်း အကုန် ရောင်းပစ်ရပြီ၊ ထပ်ရောင်းစရာလည်း မရှိ၊ ပေါင်စရာလည်း မရှိတော့ဘူး၊ ကယ်ဆယ်ရေး လည်း မရတော့တာ ကြာပြီ၊ မငတ်ရုံတမယ် စားနေရတာ၊ အလုပ်တွေလည်း တော်တော်ရှားတယ်၊ ဒီ ကိုယ်ဝန်တောင် ဘယ်လို မွေးရမလဲမသိ” ဟု ထိုအမျိုးသမီးက လွယ်ထားသောကိုယ်ဝန်ကို ကြည့်ကာ ပြောသည်။
ယခင်နိုင်ငံတကာကူညီရေးအဖွဲ့များ၏ လစဉ်ငွေကြေးထောက်ပံ့မှု ရနေခဲ့သော စစ်ဘေးရှောင်ဒုက္ခသည်များ အထောက် အပံ့ လုံးဝ မရသည်မှာ ခြောက်လဝန်းကျင်ရှိခဲ့ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်များအနေဖြင့် ၂၀၂၃ ခုနှစ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ကုလသမဂ္ဂ ကမာ္ဘ့စားနပ် ရိက္ခာ အစီအစဉ် (WFP) မှ ထောက်ပံ့ပေးအပ်သော ငွေကြေးအကူအညီအထောက်အပံ့တချို့ကို ဒေသခံ Local NGO များမှ တဆင့် ရရှိကြပြီး တလလျှင် ၁ ဦး ၄ ကျပ်သောင်းနှုန်းဖြင့် ရရှိခဲ့ကြကြောင်း၊ နောက်ပိုင်းတွင်မူ လစဉ်မရတော့ဘဲ ၂ လခြား၊ ၃ လခြားမှ ပေါင်းရခဲ့ပြီးနောက် ၂၀၂၅ ဇန်နရီဝါရီလ၌ အဆိုပါ အထောက်အပံ့မှာ လုံးဝ ရပ်ဆိုင်းသွားခြင်း ဖြစ် သည်။
အလားတူ ပေါက်တောမြို့ရှိ ရိုဟင်ဂျာများကမူ မြို့နှင့် အလှမ်းဝေးသည့် ဆင်တက်မော်၊ အနောက်ရဲ၊ ကြိမ်နီပြင်၊ ငှက်ချောင်း ၁၊ ၂ အစရှိသည့် ဒုက္ခသည်စခန်း ၅ ခု၌ ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်တိုင် နေထိုင်နေကြသည်။
အဆိုပါ ဒုက္ခသည်စခန်းများမှာ ပေါက်တောမြို့နှင့် ၇ မိုင်မှ ၉ မိုင်ခန့်အထိ အသီးသီးကွာဝေးပြီး အနောက်ရဲ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၂၅၀ ကျော် လူဦးရေ ၅ ထောင်ကျော် ခိုလှုံနေသလို၊ ငှက်ချောင်းစခန်းတွင် ၁ သောင်း ကျော်၊ ဆင်တက်မော်တွင် အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၂၈၀၀ ကျော်၊ ကြိမ်နီပြင် မွတ်စလင်ဒုက္ခသည်စခန်း၌ အိမ်ထောင်စု ၁၄၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ကျော် နေထိုင်ကြသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲများ စတင်ခဲ့သည့်၂၀၂၃ နိုဝင်ဘာလကစ၍ ပေါက်တောရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှာလည်း WFP အပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီများ မရရှိတော့သဖြင့် စားရေးသောက်ရေး အခက်အခဲဖြစ်နေကြသလို ပြီးခဲ့သည့်နှစ်က အဆိုပါဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါဖြစ်ပွားခဲ့ကြ ကာ သေဆုံးသူများလည်းရှိခဲ့သည်ဟု သိရသည်။

“အရင်က ကယ်ဆယ်ရေးရတာလေးနဲ့ မလောက်ပေမယ့် စားလို့ အဆင်ပြေခဲ့တယ်၊ အခုငတ်တဲ့သူတွေ အများကြီး ရှိ တယ်။ ညနေဆိုရင် ထမင်းကျန်တောင်းဖို့ ကလေးတွေ ရောက်လာကြပြီ၊ တော်တော် သနားဖို့ ကောင်းတယ်” ဟု ပေါက်တောမြို့နယ် ငှက်ချောင်းရိုဟင်ဂျာဒုက္ခသည်စခန်းမှ ကိုမောင်သန်း က ပြောသည်။
ယခင် ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အခမဲ့ဆေးပေးခန်း အပတ်စဉ်လာဖွင့်ပေးသည့် အဖွဲ့အစည်း အချို့ရှိခဲ့ပြီး ရခိုင်ဒေသတိုက်ပွဲများစပြီးနောက် ဆေးခန်းလာမဖွင့်ကြတော့သဖြင့် နာမကျန်းဖြစ်သူများမှာ ဆေးသွားကုရန် ငွေကြေး အခက်အခဲများရှိနေကြသည်။
“ရောဂါဖြစ်ရင် ဆေးကုဖို့က အဝေးကြီး သွားရမှာ၊ စားဖို့တောင် မရှိတာ စရိတ်မတတ်နိုင်ဘူး၊ စခန်းမှာလူသေတာလည်း ပိုများလာတယ်၊ အကြီးပိုင်းတွေ ရောဂါနည်းနည်းဖြစ်ရင် သေသွားတာပဲ၊ အာဟာရတွေနဲ့ ဆိုင်လား မသိဘူး” ဟု သူက ဧရာဝတီကို ဆက်ပြောသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနကတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းများဆီ ကွင်းဆင်း ဆေးကုပေးမှု များ ရံဖန်ရံခါရှိသော်လည်း လုံလောက်မှုမရှိဟု သိရသည်။
ပေါက်တောအပြင် ရခိုင်ပြည်တွင်းမှ အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်၏ ဗုံးကြဲ၊ မီးရှို့၊ ဖျက်ဆီးမှုကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်းအများအပြား ပျက်စီးခဲ့ရာ ထိုအထဲ၌ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့တို့သည် ထိခိုက်ပျက်စီးမှု အများဆုံးမြို့နယ်များ ဖြစ်ကြသည်။
စစ်တွေမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တို့တွင် ဒေသခံပြည်သူများ ဝင်ရောက်နေထိုင်ခြင်း မရှိကြသေးသလို AA ကလည်း ဝင်ခွင့်မပြုသေးပေ။ နေအိမ်များကို ပြုပြင်ဖာထေးဖို့နှင့် နေအိမ်ရှိ ပစ္စည်း များ သွားရောက် သယ်ယူနိုင်ရန်အတွက်သာ ခွင့်ပြုပေးထားသည်။
“ဝင်ခွင့်ရရင်တောင် မြို့ထဲမှာ မနေရဲဘူး၊ သူတို့ (စစ်ကောင်စီတပ်) လောက် ယုတ်တာ မရှိဘူး၊ အရပ်သားလည်း ပစ်နေတာ ပဲ သူတို့က၊ ပေါက်တောကိုလည်း ထပ်မပစ်လို့ မပြောနိုင်ဘူးလေ။ ကိုယ့်မြို့ ကိုယ့်အိမ်မှာတော့ နေချင်တာပေါ့၊ ပြန်ချင်တာ တပိုင်းသေလို့၊ မပြန်ရဲလို့သာ” ဟု ပေါက်တောမြို့မှ စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။
မြို့တွင်းဝင်ရောက်နေထိုင်ဖို့ အခွင့်မသာ၊ မဝင်ရဲကြသေးသော ပေါက်တောမြို့မှ ပြည်သူများမှာ နီးစပ်ရာကျေးရွာများ၊ ဆွေမျိုးများရှိရာ အရပ်ဒေသများတွင် ခိုလှုံနေကြရသည်။ အကူအညီများလည်း လုံးလုံးမရ၊ အလုပ်အကိုင်ကလည်း ရှားပါး သဖြင့် ဝမ်းရေးအတွက် တောင်းရမ်းစားသောက်ကြရသူ မိသားစုအများအပြား ရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီ သူများက ပြောကြသည်။
“စားစရာ မရှိတော့ ရွာတွေပတ်ပြီး အကူအညီတောင်းကြရတယ်၊ ကလေးတယောက်နဲ့ ရွာတွေပတ်သွားရတော့ ကလေး နေမကောင်းဖြစ်သွားတဲ့အခါလည်း ရှိတယ်၊ နို့စို့အရွယ်ပဲ ရှိသေးတယ်လေ” ဟု ပေါက်တောမြို့နယ်ကျေး ရွာတခုမှာ ခိုလှုံ နေသည့် နောက်ထပ် ဒေသခံအမျိုးသမီးတဦးက ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် တို့ကိုသာ သိမ်းပိုက်ရန် ကျန်တော့သည်။ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေကာ ပေါက်တောမြို့နှင့် အဖြောင့်တိုင်းပါက ဆယ်မိုင်ကျော်သာ ကွာဝေးသည့် စစ်တွေမြို့နယ်အတွင်း နေရာတချို့၌ တိုက်ပွဲများ မကြာခဏ ရှိနေသည်။
ထို့အတွက် တချိန်က ဂဏန်းကြော်၊ တင်းဝါးရောင်းသံများနှင့် ဆူညံ စည်ပင်နေခဲ့သော ပေါက်တောမြို့ကား မြို့သူ၊ မြို့သားများ ပြန်ဝင် လာကြမည့်နေ့ကို မျှော်ရင်း ကျွဲကူးမြစ်ကမ်းဘေး တိတ်ဆိတ်၊ အထီးကျန်နေရပေဦးမည်။ ။
You may also like these stories:
AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ
၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ













