တရုတ်မှ သတ္တုသန့်စင်ရေးစက်ရုံများသို့ ပေးပို့နေသည့် မြန်မာသူပုန် ထိန်းချုပ်ဒေသများတွင် မြေရှားသတ္တုတူးဖော်မှု များပြားလာခြင်းသည် မဲခေါင်မြစ် အပါအဝင် ထိုင်းနိုင်ငံ ရေလမ်းကြောင်းများတွင် သိပ်သည်းဆများသော သတ္တုအဆိပ်သင့်မှုအတွက် အပြစ်တင်ခံနေရသည်။
လေအားလျှပ်စစ် တာဘိုင်များမှသည် အဆင့်မြင့် ဒုံးကျည်စနစ်များအထိ အဓိကကျသည့် ကမ္ဘာ့ မြေရှားသတ္တု သန့်စင်ရေးလုပ်ငန်းကို တရုတ်နိုင်ငံက လွှမ်းမိုးထားသော်လည်း ကုန်ကြမ်းအများစုကို အိမ်နီးချင်း မြန်မာမှ တင်သွင်းရသည်။ မြန်မာတွင် ထိုသတ္တုမိုင်းများသည် ဒေသခံလူမှုအသိုက်အဝန်းများကို အဆိပ်သင့်စေသောကြောင့် အပြစ်တင်ခံနေရသည်။
မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများနှင့် ရေနမူနာ စမ်းသပ်မှုများအရ ထိုသတ္တုမိုင်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့်အတူ ကျယ်ပြန့်လာနေသည်ဟု ဖော်ပြနေသည်။
“သတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတင်ကတည်းက ဒေသခံပြည်သူတွေအတွက် ဘာအကာအကွယ်မှ မရှိဘူး” ဟု မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ပြောခွင့်ရသူ စိုင်းဟော်ဆန်းက Al Jazeera သို့ ပြောသည်။
“သတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတင်ကတည်းက ဒေသခံပြည်သူတွေအတွက် ဘာအကာအကွယ်မှ မရှိဘူး” ဟု မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ပြောခွင့်ရသူ စိုင်းဟော်ဆန်းက Al Jazeera သို့ ပြောသည်။
“သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်၊ ဒါမှမဟုတ် အဲဒီသတ္တုမိုင်းတွေ မြစ်အောက်ဘက်က ထိုင်းမှာ ဘာဖြစ်တယ်ဆိုတာ သူတို့ဂရုမစိုက်ဘူး” ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇွန်လက လူ ၁,၅၀၀ ခန့် စုဝေးပြီး ၎င်းတို့၏မြစ်များကို ညစ်ညမ်းမှုရပ်စေရန် မြန်မာမှ သတ္တုတူးဖော်သူများကို ဖိအားပေးရေး ထိုင်းအစိုးရနှင့် တရုတ်နိုင်ငံကို တောင်းဆိုသည်။
ချင်းရိုင်မှ ရွာသားများသည် ယခုနှစ် မေလ မိုးရာသီအစတွင် ထူးဆန်းသည့် လိမ္မော်ဝါရောင်များပါသည့် ရေများကို မြန်မာမှ ထိုင်းသို့ စီးဝင်သည့် မဲခေါင်မြစ် မြစ်လက်တက်ဖြစ်သော ကော့မြစ်တွင် စတင်သတိထားမိသည်။
ထိုအချိန်မှစတင်ပြီး ထိုင်းအာဏာပိုင်များ၏ အကြိမ်ကြိမ် စမ်းသပ်မှုများတွင် ထိုမြစ်မှ အာဆင်းနစ်နှင့် ခဲဓာတ်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေးကင်းသည်ဟု သတ်မှတ်ထားသည်ထက် အဆပေါင်းများစွာ မြင့်မားနေကြောင်း တွေ့ရသည်။

ကော့မြစ်တလျှောက် နေထိုင်သည့် ဒေသခံများအနေဖြင့် ထိုရေကို မထိရန် ထိုင်းအာဏာပိုင်များ အကြံပေးပြီး မြန်မာမှထိုင်းသို့ စီးဆင်းသည့် နောက်ထပ် မြစ်လက်တက်ဖြစ်သော ဆိုင်မြစ်နှင့် မဲခေါင်မြစ်တွင်လည်း အာဆင်းနစ် အလွန်များသည်ကို စမ်းသပ်မှုများအရ သိရသည်။
ယခုအခါ ဒေသခံများသည် ညစ်ညမ်းရေကြောင့် ဖြစ်စေမည့် ၎င်းတို့၏ သီးနှံများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ၎င်းတို့ကိုယ်တိုင်အတွက် အန္တရာယ်များကို စိုးရိမ်နေကြသည်။
အာဆင်းနစ်သည် အဆိပ်အတောက်ဖြစ်စေသည်ဟု အမည်ဆိုးကျော်ကြားသည်။
ထိုဓာတုပစ္စည်းမြင့်မားစွာနှင့် ကာလရှည်ကြာ ထိတွေ့ခြင်းသည် အာရုံကြောရောဂါ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလုပ်မလုပ်နိုင်ခြင်း၊ ကင်ဆာရောဂါတို့နှင့် ဆက်စပ်နေကြောင်း ဆေးသုတေသနများက ဖော်ပြသည်။
“ဒီကိစ္စကို ချက်ချင်းဖြေရှင်းဖို့ လိုအပ်နေတယ်။ ကလေးတွေ ကိုယ်လက်ခန္ဓာ ပုံပျက်တာတို့ ဘာပဲဖြစ်ဖြစ် နောက်မျိုးဆက်အထိ စောင့်လို့မရဘူး” ဟု နိုင်ငံတကာမြစ်များအဖွဲ့မှ အရှေ့တောင်အာရှလှုပ်ရှားမှု ဒါရိုက်တာ မစ္စ ပီယန်ပွန် ဒီးတက်စ်က Al Jazeera သို့ ပြောသည်။
“ဒီကိစ္စကို ချက်ချင်းဖြေရှင်းဖို့ လိုအပ်နေတယ်။ ကလေးတွေ ကိုယ်လက်ခန္ဓာ ပုံပျက်တာတို့ ဘာပဲဖြစ်ဖြစ် နောက်မျိုးဆက်အထိ စောင့်လို့မရဘူး” ဟု နိုင်ငံတကာမြစ်များအဖွဲ့မှ အရှေ့တောင်အာရှလှုပ်ရှားမှု ဒါရိုက်တာ မစ္စ ပီယန်ပွန် ဒီးတက်စ်က Al Jazeera သို့ ပြောသည်။
“ပြည်သူတွေက ကော့မြစ်နဲ့ ဆိုင်မြစ်က ရေကို စပါးစိုက်ပျိုးရေးအတွက် သုံးနေရတော့ ရေအတွက် စိတ်ပူနေကြပြီး စပါးက ဒီဒေသခံတွေအတွက် အရေးကြီးတဲ့ သီးနှံဖြစ်တယ်” ဟု မစ္စ ပီယန်ပွန်က ပြောသည်။
“ဒီလိုလုပ်ရပ်တွေကို လူ ၁ သန်းကျော်အတွက် ရေအရင်းအမြစ်ဖြစ်တဲ့ မြစ်အထက်ပိုင်းမှာ မဖြစ်သင့်ဘူးဆိုတာ အခြားဒေသတွေက ဖြစ်ရပ်တွေကနေလည်း ကျမတို့ သိထားပြီးပြီ” ဟု ၎င်းက ပြောသည်။
အပြန်အလှန်ဆက်စပ်မှု
မြစ်များ အဆိပ်သင့်ခြင်းအတွက် ထိုင်းအာဏာပိုင်များက မြစ်အထက်ပိုင်း မြန်မာမှ သတ္တုတူးဖော်မှုကို အပြစ်တင်သော်လည်း တိကျသော ရင်းမြစ်များနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိပေ။
ထိုသတ္တုတူးဖော်သည့်နေရာများသည် ရှမ်းပြည်နယ်မှ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် နေရာများတွင် ရှိသည်ဟု လူ့အခွင့်ရေးအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက ပြောသည်။ UWSA သည် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်မှ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်သည့်ဒေသများကို ထိန်းချုပ်ထားသည့် လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် လျှို့ဝှက်သော သူပုန်အဖွဲ့ဖြစ်သည်။
ထို့ကြောင့် ထိုသတ္တုတူးဖော်သည့်နေရာများသို့ သွားရောက်ရန် ခက်ခဲသည်။ UWSA ထိန်းချုပ်ဒေသများသို့ မြန်မာစစ်တပ်သည်ပင် တပ်ဖွဲ့များ မပို့ရဲပေ။
မကြာသေးမီက မြစ်များ ညစ်ညမ်းခြင်းအတွက် အချို့က UWSA ရွှေတွင်းများကို အပြစ်တင်ကြသော်လည်း ထိုင်းနိုင်ငံတွင် နောက်ဆုံး စမ်းသပ်မှုများအရ ထိုသို့ ညစ်ညမ်းခြင်းသည် မြေရှားသတ္တုများ တူးဖော်ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုင်းအစိုးရက တာဝန်ပေးသည့် လေ့လာမှုတခုတွင် နာရေဆွန်တက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာန တွဲဖက်ပါမောက္ခ တာနာပွန် ဖန်ရတ်သည် ကော့မြစ်နှင့် ပတ်ဝန်းကျင်မြစ်များမှ ရေနမူနာများကို ဇွန်လအစောပိုင်းတွင် ခုနစ်ကြိမ်ယူခဲ့သည်။
မြန်မာနယ်စပ်နှင့် အနီးဆုံးနေရာများမှ ရယူခဲ့သည့် ရေနမူနာများသည် သိပ်သည်းဆများသော သတ္တုပါဝင်မှု အမြင့်မားဆုံးဖြစ်ကြောင်း ပြသနေပြီး ထိုညစ်ညမ်းမှုရင်းမြစ်သည် ထိုင်းနိုင်ငံမြစ်အထက်ပိုင်း ရှမ်းပြည်နယ်မှဖြစ်ကြောင်း တွဲဖက်ပါမောက္ခ တာနာပွန်က Al Jazeera သို့ အတည်ပြုသည်။
ထူးခြားသည်မှာ ထိုရေနမူနာများတွင် သိပ်သည်းဆများသည့် သတ္တုများပါဝင်ပြီး ပါဝင်မှုနှုန်းသည် ရှမ်းပြည်နယ် မြောက်ဘက်ရှိ ကချင်ပြည်နယ်မှ အစောပိုင်းက ရယူခဲ့သည့် ရေနမူနာများနှင့် ပါဝင်မှု တူညီကြောင်း တွဲဖက်ပါမောက္ခ တာနာပွန်က ပြောသည်။ ကချင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေရှားသတ္တုများ တူးဖော်မှုလုပ်ငန်း ထွန်းကားနေသည်။
ထူးခြားသည်မှာ ထိုရေနမူနာများတွင် သိပ်သည်းဆများသည့် သတ္တုများပါဝင်ပြီး ပါဝင်မှုနှုန်းသည် ရှမ်းပြည်နယ် မြောက်ဘက်ရှိ ကချင်ပြည်နယ်မှ အစောပိုင်းက ရယူခဲ့သည့် ရေနမူနာများနှင့် ပါဝင်မှု တူညီကြောင်း တွဲဖက်ပါမောက္ခ တာနာပွန်က ပြောသည်။ ကချင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေရှားသတ္တုများ တူးဖော်မှုလုပ်ငန်း ထွန်းကားနေသည်။
“အဲဒီနမူနာကို ကော့မြစ်မှာ ကျနော်တို့တွေ့ရတဲ့ သတ္တုပါဝင်မှုနဲ့ နှိုင်းယှဉ်ကြည့်တော့ အရမ်းဆက်စပ်နေတာ တွေ့ရတယ်” ဟုလည်း တွဲဖက်ပါမောက္ခ တာနာပွန်က ပြောသည်။
“ကော့မြစ်ရေမှာ သတ္တုပါဝင်မှုဟာ မြေရှားသတ္တုတူးဖော်မှုနဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ပတ်သက်နေနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာမှ ကော့မြစ်တလျှောက် မြေရှားသတ္တုမိုင်းများ ရှိနေခြင်းကို ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက မေလတွင် ဖော်ထုတ်ခဲ့သည်။
Google Earth မှ ရရှိသည့် ဂြိုဟ်တုဓာတ်ပုံများတွင် ထိုင်းနယ်စပ် UWSA ထိန်းချုပ်ဒေသတွင် လွန်ခဲ့သော တနှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါက်လာသည့် သတ္တုမိုင်း နှစ်ခုကို ဖော်ပြနေသည်။ တခုသည် မြစ်၏ အနောက်ဘက် ဆင်ခြေလျှောတွင်ရှိပြီး အခြားတခုသည် အရှေ့ဘက်တွင် တည်ရှိသည်။
တရုတ်နယ်စပ်နှင့်ကပ်လျှက် UWSA ဒေသတွင် မြေရှားသတ္တုမိုင်း နောက်ထပ် ၂၆ ခုရှိသည်ကို ထိုဖောင်ဒေးရှင်းက ဂြိုဟ်တုဓာတ်ပုံများ အသုံးပြု ဖော်ထုတ်သည်။
ထိုသတ္တုတွင်းများအနက် သုံးခုနီးပါးကို လွန်ခဲ့သော နှစ်အနည်းငယ်က စတင်လုပ်ကိုင်ပြီး အများအပြားသည် မဲခေါင်မြစ်၏ အခြားမြစ်လက်တက်ခွဲဖြစ်သည့် လွေမြစ်ဖျားတွင် တည်ရှိကြသည်။
ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသော သတ္တုထုတ်ယူသည့် ကြီးမားပြီး အဝိုင်းပုံရှိသည့် ကန်များသည် မြေရှားသတ္တုထုတ်ယူသည့် နေရာများဖြစ်ကြောင်း မြန်မာမြေရှားသတ္တုလုပ်ငန်းကို လေ့လာခဲ့သည့် သုတေသီများက ပြောသည်။
ရှမ်းပြည်နယ်မှ ထိုသတ္တုတွင်းများအနီးတွင် နေထိုင်သည့် ကျေးရွာသားများက မြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်း အွန်လိုင်း ဗီဒီယိုများတွင် တွေ့ရသည့်အတိုင်း အလုပ်သမားများက ထိုသတ္တုကန်များမှ အဖြူရောင်အမှုန့်များ မည်သို့ထုတ်ယူသည်ကို ပြောပြကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ဖော်ပြသည်။
ရှမ်းပြည်နယ်မှ ထိုသတ္တုတွင်းများအနီးတွင် နေထိုင်သည့် ကျေးရွာသားများက မြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်း အွန်လိုင်း ဗီဒီယိုများတွင် တွေ့ရသည့်အတိုင်း အလုပ်သမားများက ထိုသတ္တုကန်များမှ အဖြူရောင်အမှုန့်များ မည်သို့ထုတ်ယူသည်ကို ပြောပြကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ဖော်ပြသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှု ကင်းမဲ့ခြင်း
ရှမ်းပြည်နယ်မှ သတင်းများသည် ကချင်ပြည်နယ်မှ သူသိထားသည့် အလားတူ လုပ်ငန်းများနှင့် တူညီကြောင်း မြန်မာ၏ မြေရှားသတ္တုတွင်းများကို လေ့လာခဲ့သည့် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာတက္ကသိုလ်မှ ကထိက ပက်ထရစ် မီဟန်က ပြောသည်။
“မြန်မာမှာ ကုမ္ပဏီတွေ လုပ်နည်းလုပ်ဟန်က သတ္တုမတူးဖော်မီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလေ့လာတာတို့၊ သဘာဝပတ်ဝန်းကျင် ကြီးကြပ်မှုတို့ လုံးဝ မလုပ်ကြသလို လုပ်ထုံးလုပ်နည်းတို့၊ အကာအကွယ်တို့လည်း မရှိကြဘူး” ဟု ကထိက မီဟန်က ပြောသည်။
ထိုသတ္တုသန့်စင်သည့် လုပ်ငန်းတွင် ကျောက်များအတွင်းမှ မြေရှားသတ္တုများ ထုတ်ယူရန် တောင်စောင်းများသို့ ဓာတုပစ္စည်းများ ထည့်သွင်းခြင်း ပါဝင်သည်။ ရေနှင့်ဖျော်ထားသည့် ထိုဓာတုပစ္စည်းများနှင့် တွင်းထွက်များကို မြေပြင်မှစုပ်ယူပြီး သတ္တုထုတ်ယူသည့် ကန်များတွင် ထားပြီးနောက် မြေရှားသတ္တုများကို ခွဲခြားစုဆောင်းသည်။
သတ္တုတွင်းတခုတွင် ပါဝင်သောအရာများကို ဂရုမစိုက်ပါက ဒေသတွင်းမြစ်များနှင့် မြေအောက်ရေကို ထိခိုက်စေမည့်အန္တရာယ် အလွန်မြင့်မားကြောင်း ကထိက မီဟန်က ပြောသည်။
သတ္တုထုတ်ယူမည့် ဓာတုပစ္စည်းများကို တောင်များအတွင်း စုပ်တင်ရာတွင် ရေအများအပြား လိုအပ်သောကြောင့် ထိုသတ္တုမိုင်းများသည် မြစ်များအနီးတွင် တည်ရှိသည်ဟုလည်း ၎င်းကပြောသည်။
ထို့နောက် ညစ်ညမ်းရေများကို မြစ်အတွင်း ပြန်စုပ်ထုတ်ပြီး သတ္တုထုတ်လုပ်ခြင်းကြောင့် ညစ်ညမ်းသွားသည့် မြေအောက်ရေများသည်လည်း မြစ်များအတွင်း ဝင်ရောက်နိုင်သည်ဟု ကထိက မီဟန်က ပြောသည်။
“အဲဒီလိုဖြစ်ဖို့ အလားအလာ အတိအကျရှိတယ်” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်ရှိ ထိုသို့သော သတ္တုတွင်းများမှ သက်ရောက်မှုများကို ကထိက မီဟန်နှင့် အခြားသူများ လေ့လာထားပြီး ဖြစ်သည်။ တရုတ်နယ်စပ် ကချင်ပြည်နယ်တွင် ထိုသို့ သတ္တုတူးဖော်သည့်နေရာ ရာပေါင်းများစွာရှိပြီး တချိန်က စိုပြေသော စမ်းချောင်းများသည် ယခုအခါ ငါးမရှိတော့ဘဲ စပါးစိုက်ခင်းများသည်လည်း အထွက်နည်းလာကာ ကျွဲနွားတိရစ္ဆာန်များ ချောင်းရေကို သောက်ပြီးနောက် ဖျားနာသေဆုံးကြသည်။
ကချင်ပြည်နယ်ရှိ ထိုသို့သော သတ္တုတွင်းများမှ သက်ရောက်မှုများကို ကထိက မီဟန်နှင့် အခြားသူများ လေ့လာထားပြီး ဖြစ်သည်။ တရုတ်နယ်စပ် ကချင်ပြည်နယ်တွင် ထိုသို့ သတ္တုတူးဖော်သည့်နေရာ ရာပေါင်းများစွာရှိပြီး တချိန်က စိုပြေသော စမ်းချောင်းများသည် ယခုအခါ ငါးမရှိတော့ဘဲ စပါးစိုက်ခင်းများသည်လည်း အထွက်နည်းလာကာ ကျွဲနွားတိရစ္ဆာန်များ ချောင်းရေကို သောက်ပြီးနောက် ဖျားနာသေဆုံးကြသည်။

ကချင်ပြည်နယ်မှ သတ္တုတူးဖော်ရေးလုပ်ငန်း ထွန်းကားမှု အကျိုးဆက်သည် အလွန်ဆိုးရွားသည်ဟု Global Witness သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။
သတ္တုတွင်းတူးသည့် အလုပ်သမားများ အလွန်များပြားစွာ သေဆုံးကြောင်း ကချင်ပြည်နယ်မှ ဒေသခံများက သူတို့အဖွဲ့ကို ပြောသည်ဟု အမေရိကန် သဘာဝပတ်ဝန်းကျင်အဖွဲ့ EarthRights International မှ မဲခေါင် ဥပဒေဆိုင်ရာ ဒါရိုက်တာ ဘင် ဟာ့ဒ်မင်းက ပြောသည်။
ယခုအခါ စိုးရိမ်စရာမှာ ရှမ်းပြည်နယ်နှင့် မြန်မာမြစ်များ စီးဆင်းသည့် အိမ်နီးချင်းနိုင်ငံများသည်လည်း ကချင်ပြည်နယ်နှင့် အလားတူကံကြမ္မာကို ရင်ဆိုင်ရမည်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့မြေရှားသတ္တု ဝယ်လိုအား ကြီးထွားလာသောကြောင့် ထိုသတ္တုတွင်းများ ဆက်လက် များပြားလာပါက ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“မြေရှားသတ္တု တူးဖော်မှုကြောင့် လူမှုအသိုက်အဝန်းတွေအတွက် အလွန်ဆိုးရွားတဲ့ ကျန်းမာရေး ရိုက်ခတ်မှုတွေနဲ့ ပြင်းထန်တဲ့ ရေရှည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်စေတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်” ဟု ဟာ့ဒ်မင်းက ပြောသည်။
“၂၀၁၀ ပြည့်နှစ်တွေတုန်းက တရုတ်မှာ အဲဒီလိုဖြစ်ခဲ့ဖူးပြီး အခု ကချင်ပြည်နယ်မှာ ဖြစ်နေပြီ။ အခုကျတော့ ရှမ်းပြည်နယ်မှာလည်း အဲဒီလိုအခြေအနေ ဖြစ်လာတယ်။ ဒါကြောင့် အလားတူ အန္တရာယ်ဖြစ်မယ်လို့ ခန့်မှန်းရတယ်” ဟု ၎င်းကပြောသည်။
သတ္တုတူးဖော်မှု ရပ်တန့်ရန် လိုအပ်
မြန်မာတွင်တူးဖော်သည့် မြေရှားသတ္တု အားလုံးမဟုတ်လျှင်ပင် အများစုကို သန့်စင်ရန် တရုတ်နိုင်ငံသို့ တင်ပို့ပြီး ထိုမှ ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် အစိမ်းရောင်စွမ်းအင်သုံး ကုန်ပစ္စည်း အများအပြားနှင့် စစ်လက်နက်ပစ္စည်းများအတွက် အသုံးပြုသည်။
သို့သော် တရုတ်နိုင်ငံနှင့်မတူဘဲ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် သတ္တုရိုင်းကို အဖိုးတန် ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်သည့် အဆင့်မြင့်သန့်စင်စက်ရုံ မရှိကြောင်း အရေးပါသော တွင်းထွက်များနှင့် သတ္တုအတိုင်ပင်ခံလုပ်ငန်း SFA (Oxford) က ပြောသည်။
သို့သော် တရုတ်နိုင်ငံနှင့်မတူဘဲ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် သတ္တုရိုင်းကို အဖိုးတန် ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်သည့် အဆင့်မြင့်သန့်စင်စက်ရုံ မရှိကြောင်း အရေးပါသော တွင်းထွက်များနှင့် သတ္တုအတိုင်ပင်ခံလုပ်ငန်း SFA (Oxford) က ပြောသည်။
မြန်မာနိုင်ငံသည် တရုတ်၏ ပြည်ပတင်သွင်းသည့် ပင်မအရင်းအမြစ် ဖြစ်နေသည်မှာ အနည်းဆုံး ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်နေပြီး ၂၀၂၃ ခုနှစ်တွင် စံချိန်တင် ဒေါ်လာ ၁.၄ ဘီလီယံဖိုး တင်ပို့သည်ဟု တရုတ် အကောက်ခွန် အချက်အလက်များက ပြသနေကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဖော်ပြသည်။
မြန်မာ၏ မြေရှားသတ္တုပို့ကုန်များ မြင့်မားနေချိန်သည် တရုတ်နိုင်ငံက ၎င်းတို့လူမှုအသိုက်အဝန်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရပြီးနောက် ပြည်တွင်းတွင် သတ္တုတူးဖော်ခြင်းကို တင်းကျပ်သည့် ထိန်းချုပ်မှုသစ်များ ပြုလုပ်ချိန်နှင့် တချိန်တည်းဖြစ်သည်။ မြန်မာမှ တွင်းထွက်များ ဝယ်ယူခြင်းကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ပြဿနာအများအပြားကို ပြည်ပသို့ လွှဲပေးနိုင်သည်။

ထို့ကြောင့်ပင် မြန်မာသတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင် နောက်ဆက်တွဲများအတွက် သတ္တုတူးဖော်သူများနှင့် UWSA ကိုသာမက တရုတ်နိုင်ငံကိုပါ လူအများအပြားက အပြစ်တင်ကြသည်။
မှတ်ချက်ပေးရန် UWSA ကို ဆက်သွယ်နိုင်ခြင်းမရှိသလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမှ တရုတ်သံရုံးတို့ကလည်း Al Jazeera ၏ အီးမေးလ်ကို အကြောင်းပြန်ခြင်း မရှိပေ။
မြန်မာတွင် တရုတ်တို့ လုပ်ကိုင်သည့် သတ္တုတွင်းများသည် ထိုင်းမြစ်များကို ညစ်ညမ်းစေသည်ဆိုသည့် သတင်းများကို တုံ့ပြန်သည့် ဇွန်လ ၈ ရက်နေ့က Facebook ပို့စ်တခုတွင် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ပြည်ပတွင် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများသည် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာသည်ဟု ပြောသည်။
တရုတ်နိုင်ငံသည် ဒေသသဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားကြောင်း ထိုသံရုံးက ပြောသော်လည်း အသေးစိတ်များကို ပြောကြားခြင်း မရှိပေ။
ထိုင်းနိုင်ငံက ၎င်းတို့သည် ထိုပြဿနာကို ဖြေရှင်းရန် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံလုံးနှင့် လုပ်ဆောင်မည်ဟု ပြောသည်။
သို့သော် ထိုပြဿနာကို ဖြေရှင်းရန် ညစ်ညမ်းပစ္စည်းများကို စစ်ထုတ်ရေးအတွက် ချင်းရိုင်မှ ထိခိုက်သောမြစ်များတွင် ဆည်များတည်ဆောက်ရေးကို ထိုင်းအစိုးရက အဆိုပြုသည်။
ဒေသခံနိုင်ငံရေးသမားများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထိုသို့သောဆည်များ အလုပ်ဖြစ်၊ မဖြစ်ကို မေးခွန်းထုတ်ကြသည်။
နိုင်ငံတကာမြစ်များအဖွဲ့မှ ပီယန်ပွန် ဒီးတက်စ်က မဲခေါင်မြစ်နှင့် မြစ်လက်တက်များတွင် ထိုပုံစံဖြင့် လည်ပတ်သည့်ဆည်များ အလုပ်ဖြစ်၊ မဖြစ်ကို ယခင်က ဥပမာ မရှိကြောင်း ပြောသည်။
“အကန့်အသတ်ရှိတဲ့ ဒေသတခု၊ ချောင်းငယ်တခု ဒါမှမဟုတ် ဝေးကွာတဲ့ဒေသက သီးခြား သတ္တုတွင်းဒေသဆိုရင် အလုပ်ဖြစ်နိုင်တယ်။ ဒီနိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့မြစ်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“အကန့်အသတ်ရှိတဲ့ ဒေသတခု၊ ချောင်းငယ်တခု ဒါမှမဟုတ် ဝေးကွာတဲ့ဒေသက သီးခြား သတ္တုတွင်းဒေသဆိုရင် အလုပ်ဖြစ်နိုင်တယ်။ ဒီနိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့မြစ်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ရေစီးဆင်းမှုကို ထိန်းချုပ်သည့် အသေးစားဆည်များ အများအပြား တည်ဆောက်ခြင်းသည် အလုပ်ဖြစ်၊ မဖြစ် ကွန်ပျူတာပုံစံများနှင့် စမ်းသပ်လုပ်ဆောင်ကြည့်နေကြောင်း နာရေဆွန် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တာနာပွန်က ပြောသည်။
သို့သော် ထိုသို့သော အားထုတ်မှုသည် ပြဿနာကို လျှော့ချပေးရုံသာဖြစ်မည်ဟု ၎င်းကပြောသည်။
ဆည်များနှင့် ဆည်ငယ်များသည် “ပြဿနာကို နှေးကွေးစေရန် ဒါမှမဟုတ် လျှော့ချပေးရန်သာ ဖြစ်နိုင်တယ်” ဟု တွဲဖက်ပါမောက္ခ တာနာပွန်က ပြောသည်။
“အရင်းအမြစ်ကနေ ရပ်အောင်လုပ်ဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
(Al Jazeera ပါ Zsombor Peter ၏ Satellite images show surge in rare earth mining in rebel-held Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု
တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ
မြေရှားသတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် (ရုပ်/သံ)
“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”
မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး














