စီးပွားရေး

ခရီးသွားလုပ်ငန်း ကြီးထွားလာမှု ပုဂံရှေးဟောင်း အမွေအနှစ်များကို ခြိမ်းခြောက်နေ

This article has been converted from Zawgyi One to Unicode


ရွှေဂူကြီးဘုရားရှေ့က ကျောက်ပြားခင်း ကွက်လပ်တွင်းတွင် ဖြန့်ခင်းထားသော A4 စက္ကူအရွယ် ပန်းချီကားများကို ကျောက်ခဲများဖြင့် ဖိထားသည်။ ပန်းချီဆရာ ဦးအောင်အောင်က ဘုရားသို့ ရောက်ရှိလာသည့် ဧည့်သည်များ အမှတ်တရအဖြစ် ဝယ်ယူသွားနိုင် ရန် အတွက် စေတီကြီး၏ ရုပ်ပုံပါဝင်သည့် ပန်းချီကား ၁ ချပ်ကို ကျပ်ငွေ ၁၀ဝဝဝ သို့မဟုတ် ထိုထက်နည်းသော ဈေးဖြင့် ရောင်းချပေးနေ ပါသည်။

သူနှင့် အစ်ကိုဖြစ်သူ ဦးစိုးလွင်တို့က ဘုရား၏ အပြင်ဘက်တွင် လက်တန်းရေးဆွဲ ရောင်းချသည့် ပန်းချီပြခန်းနှင့် အနုပညာပစ္စည်း အရောင်းဆိုင်တခု ဖွင့်လှစ်ထားသည်။ ပုဂံဒေသမှ အနီရောင်နှင့် အညိုရောင် အုတ်ဘုရားစေတီ ၂၅၀ဝ ခန့်တွင် ရွှေဂူကြီး ဘုရား က အတန်ငယ်ကြီးမားသည့် ဘုရားတဆူ ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်အတွင်းတွင် ပုဂံသို့ ကမ္ဘာလှည့်ခရီးသည် ၂ သိန်း ခန့် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁ သိန်း ၆ သောင်း ခန့် လာရောက် ခဲ့သည့် အတွက် ဧည့်သည် တိုးလာသည်။

ပန်းချီဆရာ ညီအစ်ကို ၂ ယောက်အနေဖြင့် ကမ္ဘာလှည့် ခရီးသွား ရာသီကိုသာ မှီခိုအားထားရသည်။ ခရီးသွားရာသီက နိုဝင်ဘာ လလယ်ပိုင်း လောက်မှ ဖေဖော်ဝါရီ လလယ်ပိုင်းလောက် အထိ ဖြစ်သည်။ အပူချိန်ပြင်းသည့် မတ်လနှင့် ဧပြီလ များတဝိုက်တွင် ခရီးသည် အရေအတွက် သိသိသာသာ ကျဆင်းတတ်ပါသည်။

ထိုအချိန်မျိုးတွင် မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သည့် ဒေသအတွင်းမှ မြစ်ကမ်းဘေးတွင် တည်ရှိသော ပုဂံဒေသ၌ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိသွားသည်။

“တချို့နေ့တွေ ၅ ကား၊ တချို့နေ့တွေမှာ ၁၀ ကား၊ တချို့နေ့ကျတော့လည်း ၁ ကား ၂ ကားပေါ့”ဟု သူတို့ ညီအစ်ကို နေ့စဉ် ရောင်းချရသည့် အရေအတွက်ကို ဦးအောင်အောင်က ရှင်းပြသည်။

သို့သော်လည်း ဒီနေရာတဝိုက်မှ အခြားသော ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ ပုဂံဒေသမှ အထင်ကရ စေတီပုထိုးများနှင့် အတူ သူတို့ ညီအစ်ကိုရှိ နေခြင်းက ပုဂံသို့ အလည်အပတ်သွားခြင်းတွင် အခြားသော မျက်နှာစာများ ရှိနေကြောင်း တချို့ကို သတိပေး နေသည်။

အမျိုးသမီးများက ယွန်းထည် အမှတ်တရ ပစ္စည်းများ ရောင်းနေကြသည်။ အမျိုးသားများက စက်ဘီးများ ရပ်နားထားသည့် နေရာ အနီးတွင် အနားက ဖြတ်သွားသူတွေကို ဘုရားဖူးရာတွင် လမ်းညွှန်အဖြစ် ပြုလုပ်ပေးမည့် အကြောင်း တစာစာ အော်ဟစ် ပြောဆို နေကြသည်။ သူတို့ မျှော်လင့်ချက် မှာ ဝန်ဆောင်ခ အဖြစ် သူတို့ ရောင်းချသည့် ပစ္စည်းတချို့တလေကို ပြန်လည်ဝယ်ယူ အားပေး သွားကြဖို့ ဖြစ်သည်။

စက္ကူဖြူဖြင့် ထုပ်ထားသည့် လက်တဝါးလောက် ရှိမည့် အထုပ်ကိုဖြေရင်း သူကိုယ်သူ ဦးထွန်းထွန်းဟု ပြောသည့် လူတယောက်က “ကျနော့်မှာ လိမ္မော်ရောင် နီလာ၊ ပတ္တမြားနဲ့ ကျောက်စိမ်းရှိတယ်။ ပတ္တမြားက ဒေါ်လာ ၁၂၀”ဟု တိုးတိုးကပ်ပြောသည်။

တချို့ကတော့ ဒီလို အတင်းအကျပ် ရောင်းဝယ်ခြင်းကို စစ်အစိုးရ လက်ထက်မှာကတည်းက တွေ့နေကျ ဖြစ်သည့် အစဉ်အလာ တခုဟု ပြောကြပါသည်။

မြန်မာနိုင်ငံ၏ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများနှင့် နေရာဒေသများ အကြောင်းကို ဖော်ပြထားသည့် Sacred Sites of Burma အမည်ရှိ စာအုပ်ကို ရေးသားခဲ့သော ဒေါက်တာ Donald Stadtner က ပုဂံဘုရားများ အနီးရှိ ဈေးသည်များကြောင့် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ရသူ တယောက် ဖြစ်ပါသည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်စဉ်ကာလက ပုဂံဒေသ၏ အဓိကဆွဲဆောင်မှုဖြစ်သော အဆောက်အအုံများ၊ ၁၉၇၅ ခုနှစ်က လှုပ် ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့သော စေတီများကို အရည်အသွေး ညံ့သည့် ပြုပြင် မွမ်းမံမှုများဖြင့် အစားထိုးခြင်း နှင့် မူလသွင်ပြင်တန်ဖိုးကို ပျက်ယွင်းစေသည့် ခေတ်မီ ပြင်ဆင်မွမ်းမံမှုများက တစိတ်တပိုင်းစီ ရောနှော၍ ဆန့်ကျင်ဘက်တွေကို ပေါင်း စပ်ထားသည်ဟု သူခံစားရသည်။

“ပုဂံမှာ ထောင်နဲ့ချီတဲ့ ဘုရားတွေကို ပြန်လည် ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် သမိုင်းဆိုင်ရာအရ တိကျသေချာဖို့ကိုတော့ ဂရုစိုက်မှု နည်းခဲ့ပါတယ်။ ပြင်ဆင်မှုတွေကို ခိုင်လုံတဲ့ အထောက်အထားတွေပေါ်မှာ အခြေမခံဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် စေတီ၊ ပုထိုးတွေရဲ့ မူလအသွင်အပြင်ကို မထိန်းသိမ်းနိုင်တော့ဘူး”ဟု ဒေါက်တာ Donald Stadtner က ဆိုသည်။

လာရောက် လည်ပတ်သူ အရေအတွက် ကလည်း တိုးလာနေသည်။ အစိုးရက မျှော်လင့်ထားသည့် အတိုင်း ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၃ ခုနှစ် အတွင်း ရောက်ရှိခဲ့သည့် နိုင်ငံခြားဧည့်သည် ၂ သန်း အရေအတွက်ထက် ၃ ဆတိုးပြီး တနှစ်ကို ကမ္ဘာလှည့်ခရီးသည် ၇ သန်း ရောက်ရှိလာရေးသာ အမှန်တကယ် ဖြစ်လာခဲ့လျှင် ပုဂံသို့လည်း နိုင်ငံခြား ဧည့်သည် ၁ သန်းခန့် ရောက်လာကြဖွယ် ရှိသည်။

ထိုသို့ဖြစ်လာလျှင် ပုဂံမြို့ဟောင်း၊ ပုဂံမြို့သစ်နှင့် ညောင်ဦး စသည့် မြို့ငယ် ၃ ခု ရှိသည့် ပုဂံဒေသ အနေဖြင့် များပြားလှသည့် ဧည့်သည်များကို နေရာပေးနိုင်ရန် အကျပ်အတည်း တွေ့နိုင်ပါသည်။

ဖုန်လုံးကြီးများထဲတွင် ကျက်သရေရှိစွာ လှပနေသည့် ဘုရားပုထိုးများ အစီအရီ ပြည့်နှက်နေသည့် လွင်ပြင်ကို ကမ္ဘာလှည့် ခရီး သည် များ မိုးပျံပူဖောင်း ပေါ်မှ မြင်တွေ့ခွင့်ရအောင် စီစဉ်ပေးသည့် Balloons Over Bagan ကို ပူးတွဲ တည်ထောင်သူ Brett Melzer က ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဧည့်သည် အရေအတွက်ကိုသာ ဦးတည် အာရုံစိုက် မထားသင့်ဟု ပြော သည်။

“လက်ရှိ အနေအထားအရ ဆိုရင် ဧည့်သည်တွေ အမြောက်အမြား ဝင်ရောက်လာရင် လက်ခံနိုင်တဲ့ အနေအထား မရှိပါဘူး”ဟု သူက ဆိုသည်။

ပုဂံဒေသကို မြန်မာနိုင်ငံ၏ သရဖူထိပ်မှ ရတနာဟု တင်စားရင်း အနာဂတ် ပုဂံခရီးသွား ဝန်ဆောင်မှုကဏ္ဍ အတွက် ဖွံ့ဖြိုးရေး သက်သက်ထက် အရည်အသွေးကို ပို၍ အလေးပေးသင့်ကြောင်းလည်း သူက အကြံပြုသည်။

ခရီးသွားလုပ်ငန်း အလျင်အမြန် ဖွံ့ဖြိုးလာခြင်း နှင့် အနာဂတ် အကျိုးအမြတ်ကို ကြိုတင်မျှော်လင့် ထားခြင်းတို့ကြောင့် ဟိုတယ်များ၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ဆောက်လုပ်ရန် မြေနေရာလိုအပ်မှု တိုးလာခြင်းကြောင့် မြေဈေးများလည်း တက်လာနေ သည်။

Seven Diamond ခရီးသွားလုပ်ငန်း ညောင်ဦးရုံးခွဲ မန်နေဂျာ ဦးလှမင်းက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် မပြု လုပ်မီ တနှစ် အလိုဖြစ်သည့် ၂၀၁၀ ပြည့်နှစ်ထက်စာလျှင် လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ပြောသည်။ ပြုပြင် ပြောင်းလဲရေး များကြောင့် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုလည်း တိုးပွားလာခဲ့သည်။

သို့သော်လည်း ဟိုတယ်ခများက ဈေးကြီးလွန်းနေဆဲ ဖြစ်ပြီး ဧည့်သည်များ လာရောက်ခြင်းကို အနှောင့်အယှက် ဖြစ်စေမည့် အချက်တချို့မှာ ပုဂံတွင် ပြင်ဆင်မွမ်းမံမှုများ အားနည်းချက်များနှင့် အတင်းအကျပ် ပြုလုပ်တတ်သည့် ဈေးသည်များ ဖြစ်သည် ဟု ဦးလှမင်း စိုးရိမ်နေသည်။

“အနည်းဆုံး တညကို ဒေါ်လာ ၅၀၊ ၆၀ လောက်ပေးရတယ်”ဟု သူက ပြောသည်။

မြေဈေးနှင့် ပတ်သက်၍လည်း “ပုဂံမြို့ဟောင်းမှာ စတုရန်း တမီတာကို ကျပ် ၅ သိန်း လောက်ရှိတယ်၊ ညောင်ဦးမှာတော့ နည်း နည်း လျော့မယ်”ဟုလည်း ဦးလှမင်းက ရှင်းပြသည်။

ပုဂံဒေသတွင် အဆောက်အအုံ ဆောက်လုပ်ရန် အတွက် ခွင့်ပြုချက် ပါမစ်လိုသည်။ စစ်အစိုးရ လက်ထက်က လွဲမှားသည့် အကြံ ဉာဏ်ဖြင့် ဆောက်လုပ်ခဲ့သော ပုဂံဒေသ၏ အလှအပ သဘာဝကို ဖျက်ဆီးပစ်ခဲ့သည့် အဆောက်အအုံများကဲ့သို့ ဖြစ်မလာစေရန် ဟု ဆိုသည်။

ထိုသို့ တလွဲဆောက်လုပ်ခဲ့ကြခြင်းကို မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းကလည်း ရှေးဟောင်း သုတေသန ပညာရပ်ကို ချေမှုန်းဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

စေတီ ပုထိုးများကြားတွင် ဟိုတယ်များနှင့် ဂေါက်ကွင်းများ ဆောက်လုပ်ခဲ့သည့် အကျိုးဆက်ကြောင့် ပုဂံဒေသကို UNESCO အဖွဲ့၏ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ရန် အဆိုပြုချက်တခု ပျက်ပြယ်ခဲ့ ရသည်။ သို့သော်လည်း နောက်တကြိမ် လျှောက်ထားလျှင် ဂုဏ်သိက္ခာရှိစွာဖြင့် အသိအမှတ်ပြု လက်ခံမှုရရှိရန် အခွင့်အရေးတခု ရှိနေပါသေးသည်။

လန်ဒန်မြို့ရှိ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်းမှ အရှေ့တောင်အာရှ အနုပညာနှင့် ရှေးဟောင်း သုတေသန ပါမောက္ခ Elizabeth Moore က ပုဂံသည် ကမ္ဘာ့အဆင့် ယဉ်ကျေးမှု လက်ရာများ ရှိနေသည့် အတွက် အဆင့်အတန်း မြင့်မားသည့် အသိအမှတ်ပြုမှု ရရှိရေးအတွက် ထပ်မံ ဆောင်ရွက်ရန် ထိုက်တန်ကြောင်း ပြောသည်။

“အန်ကောဝပ် (Angkor Wat) က ပြည့်စုံမှု ရှိကောင်းရှိနိုင်ပေမယ့် သူက ဂန္ထဝင်ဗုဒ္ဓဘာသာ လေ့လာရေးကျောင်း တခုပါ။ ပုဂံ ကတော့ ပြိုင်ဘက်ကင်း ပါတယ်။ ပြန့်ကျဲနေတဲ့ ကျေးရွာတွေနဲ့ မြို့ရိုး ကာရံထားတဲ့ တော်ဝင် မြို့တော်ဟောင်းက ရှေးဟောင်း ယဉ်ကျေးမှုနဲ့ လူနေမှုဘဝ မြင်ကွင်းကို မြင်ယောင်မိ စေပါတယ်”ဟု သူက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေရာ အစိုးရအနေဖြင့် UNESCO ၏ အသိအမှတ်ပြု လက်ခံမှုကို ရရှိနိုင်ရေးထက် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးကို စီးပွားရေးဘက်မှ အရှိန်မြှင့်လုပ်ဆောင်ရန်ကိုသာ ဦးစားပေးဖွယ် ရှိနေ သည်။

အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲမှ တခုဖြစ်သည့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်လည်း ရှားပါးနေပြီး အလုပ်လက်မဲ့ ဖြစ်မှုနှုန်း က ၃၇ ရာခိုင်နှုန်း ရှိသည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ပုဂံကဲ့သို့ ဒေသများသို့ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ရန် ဆွဲဆောင်ခြင်းဖြင့် အလုပ်အကိုင် နေရာများ ဖန်တီးနိုင်မည်ဟု အစိုးရက ယူဆခဲ့သည်။

သို့သော်လည်း Riverside ဟိုတယ်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်က ပုဂံ၏ ရှေးဟောင်း အမွေအနှစ်များကို မူလအတိုင်း ထိန်းသိမ်းစောင့် ရှောက်လိုသူများနှင့် စီးပွားရေးကို ဦးစားပေးလိုသူများ ကြားတွင် တင်းမာမှုတခု ရှိနေကြောင်း ပြောသည်။

Riverside ဟိုတယ်သည် ဧရာဝတီမြစ်နှင့် ပုဂံဒေသမှ ထင်ရှားသည့် ယွန်းထည် လက်ရာများကို ရောင်းချရန် မန္တလေးသို့ တင်ပို့မည့် လှေသင်္ဘောများနှင့် စည်ကားနေသည့် ဆိပ်ကမ်းတခုကို အပေါ်စီးမှ မြင်နိုင်သော တောင်ကုန်းတခု ပေါ်တွင် တည်ရှိသည်။

“ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီဒေသကို ကာကွယ်ချင်တယ် လို့ ပြောတယ်။ ဒါပေမယ့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ကတော့ ဟိုတယ်တွေ ဆောက်ချင်နေတယ်”ဟု ဦးထွန်းအောင်က ဆိုသည်။

ဟိုတယ်လုပ်ငန်းမှ လူများအနေဖြင့် ဒေသဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ဟု နားလည်ကြသော်လည်း တချိန် တည်းမှာပင် အစိုးရ လုပ်ထုံးလုပ်နည်းများကြောင့် နှောင့်နှေးရခြင်းများကို သဘောမကျကြကြောင်း ပြောပြသည်။

“ကျနော်တို့က ဥပဒေ စည်းကမ်းတွေ အတိုင်း လိုက်နာချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ရမယ့် အခြေ အနေမှာ စောင့်ဆိုင်းရတာ အချိန်ယူရလွန်းတယ်”ဟု ဦးထွန်းအောင်က ပြောဆိုသည်။ ။

၂၀၁၄ ခု၊နှစ် မတ်လ ထုတ် The Irrawaddy Magazine ပါ Simon Roughneen ၏ Myanmar Tourism’s ‘Crown Jewel’ Feels Strains of Growth ကို ဆီလျော်အောင် ဘာသာပြန်သည်။

Loading