အမေရိကန်အစိုးရ၏ ကန့်သတ်ပိတ်ဆို့ထားသူများ စာရင်းမှ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဦးဝင်းအောင်ကို ပယ်ဖျက်လိုက်ခြင်းသည် အမေရိကန်- မြန်မာ စီးပွားရေး ဆက်ဆံမှု အရှိန်ကို မြှင့်လိုသည့်သဘောပါကြောင်း စီးပွားရေး အသိုင်းအဝိုင်းက ဆိုသည်။
ဦးဝင်းအောင်ကို ကန့်သတ်အရေးယူမှုမှ ဖယ်ရှားကြောင်းကို အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံးက ဧပြီ ၂၃ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။
ဦးဝင်းအောင်က “ကျနော့်အတွက်ရော တိုင်းပြည်အတွက်ပါ သတင်းကောင်းပါ။ အခုက စပြီး တိုင်းပြည်အတွက် ကျနော် အလုပ် ပိုလုပ်လို့ ရပါပြီ။ ကျနော့်လို တခြားလူတွေလည်း မကြာခင် စာရင်းက ထုတ်ပစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
မည်သည့်အတွက် ဦးဝင်းအောင်ကို Sanction စာရင်းမှ ပယ်ထုတ်ကြောင်း အသေးစိတ် မထုတ်ပြန်သော်လည်း အမေရိကန်၏ မြန်မာအပေါ် ပြောင်းလဲထားရှိသော ဆုပေးဒဏ်ပေး မူဝါဒအရ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အံဝင်ဂွင်ကျ လုပ်ကိုင်ရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ဖိအားပေးတိုက်တွန်းနေခဲ့သည်မှာ ဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက ဖြစ်သည်။
ယင်းကြေညာချက်နှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “ အမေရိကန်က သူတို့ ဆန်ရှင်ရှိနေလို့ ပြုပြင်ပြောင်းလဲရေးလုပ်မရဘူးဆိုတဲ့ အကြောင်းပြချက်မျိုးမရှိအောင် လုပ်မယ်လို့ ထင်တယ်။ အဓိကကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲလွန်မှာ ဖြစ်ပေါ်လာမယ့် ကုန်သွယ်ရေးအခြေအနေတွေက အကယ်၍ ရွေးကောက်ပွဲ မျှမျှတတဖြစ်မယ်ဆိုရင်တော့ ကန် နဲ့ မြန်မာ နဲ့ကြားက ကုန်သွယ်ရေး ဆက်ဆံမှုတွေက ပိုမြင့်လာမှာပေါ့။ အဲ့ဒီမြင့်လာတဲ့အခါ UMFCCI ရဲ့ ဥက္ကဌဟာ အရေးကြီးတဲ့ နေရာတခုမှာ ရှိတယ်ပေါ့။ အဲ့ဒါကြောင့်လည်း အခုလို လွှတ်တာ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့” ဟု သုံးသပ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဧဒင်အုပ်စု ဥက္ကဌ ဦးချစ်ခိုင်ကလည်း ယခုဖြစ်စဉ်သည် အမေရိကန်- မြန်မာစီးပွားရေးဆက်ဆံမှု အရှိန်မြင့်လာဖို့အရေးကို သက်ရောက်စေကြောင်းနှင့် အမေရိကန်က အထူးကန့်သတ်ထားသူများစာရင်းကို တဖြည်းဖြည်း ရုပ်သိမ်းပေးသွားရန် မျှော်လင့်ထားကြောင်း၊ လာမည့် ရွေးကောက်ပွဲ အပြီးတွင် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုဝင်ရောက်ရန် မျှော်လင့်ထားကြောင်း ပြောဆိုသည်။
၎င်းက “အခုက အစပဲ ရှိပါသေးတယ်။ ဒီနှစ် ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ အမေရိကန် စီးပွားရေးသမားတွေ ပိုပြီးရောက်လာကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု ပြောသည်။
အမေရိကန် အနေဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိအချိန်အထိ မရှိသလောက် နည်းပါးပြီး ဒေသတွင်း နိုင်ငံများမှ တဆင့်သာ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နေသည့် အခြေအနေဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရှိသော အမေရိကန် အမှတ်တံဆိပ် ကုန်ပစ္စည်း အမျိုးမျိုးတို့မှာ ဒေသတွင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု အမည်ဖြင့် ဝင်ရောက်နေသည်ကို တွေ့ရသည်။
ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုများ တိုက်ရိုက်မဝင်သေးပဲ သွယ်ဝိုက်၍သာ ဝင်ရောက်နေသော အချိန်တွင် ယခုကဲ့သို့ ကုန်သည်၊ စက်မှု အသင်းချုပ်ဥက္ကဌအား ကန့်သတ်မှု ပယ်ဖျက်လိုက်ခြင်းက ကုန်သည်များအတွက်လည်း အထူးကောင်းမွန်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးကလည်း ပြောသည်။
“ကုန်သွယ်မှုအတွက် ကောင်းတာပေါ့။ ဒါဟာ ကုန်သည်တယောက်အပေါ်မှာ အရေးယူမှုလုပ်တဲ့ အတွက် ကုန်သွယ်မှု အခွင့်အလမ်းတွေ တနိုင်ငံလုံးအတွက် ပိုပွင့်သွားတာပေါ့။သူ့အတွက်လည်းကောင်း၊ ကိုယ့်ဘက်အတွက်လည်းကောင်းတာပေါ့” ဟု ဦးမြင့်စိုးက ပြောသည်။
ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။
အမေရိကန်အစိုးရ၏ ၂၀၀၉ ပိတ်ဆို့အရေးယူမှုကို ၂၀၀၉ ခုနှစ်မှ စတင်၍ ခံခဲ့ရခြင်းလည်းဖြစ်သည်။ အသင်းဝင်၊ အသင်းသားများအတွင်းမှ ၎င်းအား ဝေဖန်သည့် အသံများလည်း ထွက်ပေါ်ခဲ့သေးသော်လည်း ကုန်သည်၊စက်မှု အသင်းချုပ် ဥက္ကဌ ရာထူးကို ဒုတိယအကြိမ် သက်တမ်းရွေးချယ်ခံခဲ့ရသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ လုပ်ဆောင်မှုများတွင် ယခုကဲ့သို့ ကန့်သတ်မှု ဖယ်ရှာခြင်းမျိုး လုပ်ဆောင်သည့်နည်းတူ အရေးယူမှုများလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံးက နာမည်ပျက်စာရင်းသွင်းခဲ့သေးသည်။