စနေနေ့ နံနက် ၆ နာရီ ၄၅ အချိန်တွင် ဗဟန်းမြို့နယ် မြေပဒေသာကျွန်းတွင် တမူထူခြားသော ဈေးတန်းလေးတခုတွင် ဆိုင်အနည်းငယ်သာ ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ တပတ်တွင် တကြိမ်သာဖွင့်သော ထိုဈေးတွင် စားသုံးသူများအတွက် ကျန်းမာရေးနှင့်သင့်လျော် ပြီး စိတ်ချရသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ကိုသာ ရောင်းချကြပါ သည်။
“ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများ စနေနေ့ဈေးရောင်းပွဲ” သည် သန့်ရှင်းသော၊ သဘာဝ အတိုင်းဖြစ်သော၊ အရသာရှိသော ကုန် ပစ္စည်းများကို စားသုံးသူများ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်သီး ဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVA) ၏ ပဏာမ ဆောင်ရွက်မှု တရပ်ဖြစ်သည်။
ထိုဈေးမှ တဒါဇင်မက ရှိသော ဈေးသည်များက ၎င်းတို့၏ စိုက်ခင်းများ တည်နေရာကို ဖော်ပြသော စာတန်းများ ချိတ်ဆွဲပြီး ရောင်းချကြသည်။ နေပြည် တော်၊ လှည်းကူး (ပဲခူးတိုင်း)၊ ညောင်တုန်း (ဧရာ ဝတီတိုင်း)၊အောင်ပန်း၊ ပင်းတယနှင့် ရွာငံ (ရှမ်း ပြည်နယ်) အစရှိသဖြင့် ဖော်ပြထားကြသည်။
Dagon International ကုမ္ပဏီမှ ပိုင်ဆိုင်သော နေပြည်တော်ရှိ ဩဂဲနစ်စိုက်ပျိုးရေးခြံ၏ မန်နေဂျာ ဦးဇော်မင်းထွန်းက ထိုဈေးကွက်သစ်မှ အမြတ်ရရှိမှု နည်းနေသေးသော်လည်း ဩဂဲနစ်ပစ္စည်းများကို စတင်ရောင်းချသည့် ရှေ့ဆောင်သူများထဲတွင် ပါဝင် ရသည်ကို ဝမ်းသာကြောင်းပြောသည်။
Dagon International ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်ကတည်းက မြေဧက ၁၀ဝ ပေါ်တွင် ဩဂဲနစ် စိုက်ပျိုးရေး နည်းစနစ်များကို အသုံးပြု၍ ဓာတုဗေဒ ဆေးဝါးများ ကင်းလွတ်သည့် သီးနှံများစိုက်ပျိုးကာ နေပြည်တော်ရှိ ဟိုတယ်၊ စားသောက်ဆိုင်များသို့ တင်သွင်းရောင်းချပေးသည်။ သို့သော်လည်း ရန်ကုန်မှာ ရောင်းချသည့်အခါ ဈေးနှုန်းချိုသာစွာ ရောင်းချပေး သည်။ နေပြည်တော်မှာဆိုလျှင် ၂ ဆမျှပိုပေးရသည် ဟု ဦးဇော်မင်းထွန်းက ပြောသည်။
Safe Foods ကွန်ရက်နှင့် ဆက်သွယ်ထား သော စိုက်ပျိုးရေးခြံများသည် ဓာတုဗေဒ ကင်းစင်မှုနှင့် သဘာဝ အစားအစာများကို နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်ခြင်း ရှိ မရှိကို ပုံမှန်စစ်ဆေးမှုများ ခံယူရ မည်ဖြစ်သည်။ ထိုဈေးအတွင်းရှိ စားသောက်ကုန်များ အားလုံးကို စိတ်ချစွာ သုံးဆောင်နိုင်မှုကို MFVA က အာမခံနိုင်ကြောင်း အသင်းအတွင်းရေးမှူး ဦးစံလင်းက ပြောသည်။
“ဒီမှာရောင်းချနေတဲ့ ဟင်းဟီးဟင်းရွက်တွေက ၁၀ဝ ရာခိုင်နှုန်း ဩဂဲနစ်မဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ အစားအစာတွေ ဖြစ်တယ်ဆို တာတော့ ထောက်ခံချက်ပေးနိုင်ပါတယ်” ဟု သူက ဆိုသည်။
Safe Foods ကွန်ရက်မှ စိုက်ပျိုးရေးခြံ ၃၃ ခု သည် ဩဂဲနစ် အစားအစာများ အများအပြား ထုတ် လုပ်နိုင်ခြင်း မရှိသေးဟု ဦးစံလင်းက ပြောသည်။ သို့သော် အချိန်မီ ထုတ်လုပ်နိုင်လာပါလိမ့်မည်ဟုလည်း ဆိုသည်။ ဩဂဲနစ် စိုက်ပျိုးရေးအတွက် သန့်စင်သော မြေဆီလွှာ၊ မျိုးစေ့နှင့် ရေအရင်းအမြစ် လိုအပ်သည့်အတွက် စက်မှုနယ်မြေ များအနီးလယ်မြေများရှိသည့် တောင်သူ အများအပြားအတွက် အခက်အခဲဖြစ်နေသည်။ “သူတို့ကိုယ်တိုင်က ဓာတု ဆေးတွေ မသုံးရင်တောင်မှ သက်ရောက်မှုရှိနိုင်တယ်” ဟု ဦးစံလင်းက ပြောသည်။
MFVA က ၂၀၁၀ ခုနှစ်မှစ၍ သဘာဝအတိုင်း စိုက်ပျိုးချင်သည့် လယ်သမားများအား နည်းပညာ အထောက် အကူများ ပံ့ပိုးပေးခဲ့သော်လည်း အသိ အမှတ်ပြု ဩဂဲနစ်အစားအစာများ ထုတ်လုပ်နိုင်ရန် အလှမ်းဝေးနေသေး သည်။
လွန်ခဲ့သည့် ၂ လ ခန့်မှစ၍ “ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စနေနေ့ ဈေးရောင်းပွဲ” ကို လူသိများလာခဲ့သည်။ နံနက်တိုင်း လမ်းလျှောက်၍ စနေနေ့တိုင်းဈေးဝယ်သော ဗဟန်း မြို့နယ်မှ အသက် ၆၇ နှစ်အရွယ်ရှိ ဒေါ်သွင်က “ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ဂရုစိုက်ပြီး စားသုံးပါတယ်။ ပုံမှန်ဈေးတွေမှာရောင်း တဲ့ အသီးအနှံတွေကို ဓာတုဆေးဝါးတွေပါမှာစိုးလို့ သိပ်မဝယ်ရဲပါဘူး။ အခု ဒီဈေးမှာ တော့ စိတ်ပူစရာ မလိုတော့ပါဘူး” ဟုပြောသည်။
မြန်မာနိုင်ငံတွင် အစားအစာ ဘေးကင်းစိတ်ချ ရမှုက အမြဲတမ်း ပြဿနာတခုဖြစ်သည်။ သင့်လျော်သော ဈေးနှုန်းနှင့် ကျန်းမာရေးအတွက် သင့်လျော် သော စားသောက်ကုန်များရှိလာသော်လည်း စားသုံး သူများ အတွက် ရွေးချယ်စရာက အနည်းငယ်သာ ရှိသည်။ မီဒီယာများက ဓာတုဗေဒ ဆေးဝါးများ အလွန်အကျွံ အသုံးပြုမှုများကို ဖော်ပြပေးမှုကြောင့် ထိုအန္တရာယ်ရှိသော အစားအသောက်များက ကျန်း မာရေးကို ထိခိုက်စေနိုင်ကြောင်း လူအများ ပိုမိုသိရှိ လာခဲ့သည်။
အခြားဆိုင်များ ဖွင့်မည့်အချိန်ကို စောင့်ဆိုင်း နေသော ဒေါ်သွင်က ဈေးကွက် ပိုမိုအောင်မြင်ရေး အတွက် အကြံတခုပေးခဲ့ပါသည်။
“စောစောထပြီး ကန်တော်ကြီးပန်းခြံမှာ လေ့ ကျင့်ခန်း သွားလုပ်တဲ့လူတွေအတွက် ဆိုင်တွေ စောစောဖွင့်နိုင်ရင် ပိုကောင်းမယ်” ဟု သူက ပြော သည်။ ဈေးသည်များကတော့ ယာဉ်ကြောပိတ်ဆို့မှု များကြောင့် အရာရာ နှောင့်နှေးနေရကြောင်း၊ သို့ သော်လည်း မကြာမီ စားသုံးသူများ၏ ဆန္ဒနှင့် ကိုက်ညီအောင် ပြုလုပ်ပေးနိုင်မည် ဟု မျှော်လင့် ထားကြောင်း ပြောကြသည်။
“ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများ စနေနေ့ ဈေးရောင်းပွဲ” ကို အပတ်စဉ် စနေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးနေပါသည်။












