စီးပွားရေး

ဟန်လင်း ရှေးဟောင်းနယ်မြေ ထဲက တောင်သူ ဒုက္ခ

Want create site? Find Free WordPress Themes and plugins.

ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အတွင်း မှာ လယ်ထွန်စက် အသုံးပြုမိတဲ့ တောင်သူ ဒေါ်ခင်မိုးဝင်း သက်ဆိုင်ရာရုံးသို့ ဆင့်ခေါ် ခံရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ဟန်လင်းစံပြကျေးရွာ ၊ ဟန်လင်းမြို့ဟောင်းဒေသ၊ ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာ ဇုန်အတွင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်ထွန်စက်ကြီးများ မသုံးရန် တားမြစ်ထားသည့် စည်းကမ်းကို ချိုးဖောက်ခဲ့သဖြင့် ကမ္ဘာ့ အမွေအနှစ် ဒေသများဌာနခွဲ၊ ဟန်လင်း ဌာနစု စီမံခန့်ခွဲမှု အဖွဲ့ရုံးက ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်။

ဟန်လင်းမြို့ဟောင်းဒေသတွင် မြေအောက်ရှိ ရှေးဟောင်း သမိုင်းဝင် အထောက်အထားများ ပျက်စီးမှု ကာကွယ်နိုင်ရေး အတွက် တောင်သူများကို မိရိုးဖလာနည်းဖြင့်သာ ထွန်ရန် အသိပေးထားသည်။

စက်အရှိန်၏ တုန်ခါမှုကြောင့် ရှေးဟောင်းပစ္စည်းများ ဆုံးရှုံးခြင်းမဖြစ်စေရန်၊ မြေအနက် ၆ လက်မ အထက် ရှိသည့် ထွန်သွားများဖြင့် တူးဖော်ပါက ရွှေထည်၊ ငွေထည်၊ ကျောက်ပုတီး စသည့် ရှေးဟောင်းပစ္စည်း များကိုလည်း လယ်ထွန်ရင်း တွေ့တတ်သဖြင့် စက်မှုလယ်ယာမလုပ်ဘဲ မိရိုးဖလာ လယ်ယာစိုက်ပျိုးနည်းသာ လုပ်ဆောင်သင့်ကြောင်း အဆိုပါ ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုသည်။

သို့သော် ယင်းဒေသအတွင်း ခိုင်းနွားရှားပါးမှုနှင့် လုပ်သားငှားရမ်းခ ဈေးမြင့်တက်လာမှုတို့ကြောင့် တောင်သူအချို့လယ်ထွန်စက်ဖြင့် ခိုးဝှက် မောင်းနေကြသည်။ ရှေးခေတ်က မြို့ပြ အထောက် အထားများ တည်ရှိနေသည့်အတွက် စက်ကြီးဖြင့် လယ်ထွန်သည့်အခါ မြေအောက်ရှိ အုတ်ချပ်များ ပေါ်လာသည်အထိ ဖြစ်တတ်သဖြင့် ထွန်စက်မောင်းရာတွင် အခြေအနေကြည့်ကာ မောင်းနှင်ရသည်ဟု သိရသည်။

ရှေးဟောင်းဌာနမှ ဝန်ထမ်းများက လာရောက်တားမြစ်တတ်ရာ ၎င်းတို့မလာနိုင်သည့်အချိန် ညပိုင်းတွင် တိတ်တဆိတ် လယ်ထွန်ကြသည်။ ထွန်စက်ကြီး အသုံးပြုပါက ယာ ၁ ဧကလျှင် မိနစ် ၂၀ ဆယ်ခန့် ကြာမြင့်တတ်ကြောင်း၊ တောင်သူတဦးက စက်ဖြင့်ထွန်ပါက ကျန်လယ်ကွက်များ အတွက်လည်း ဌာန အရိပ်အကဲကြည့်ကာ ထွန်လိုက်ကြခြင်းဖြင့် တောင်သူများ ဖြေရှင်းလိုက်ရသည်။

နွားဖြင့်ထွန်ရန်အတွက် ငှားရမ်းခမှာ တဧကလျှင် ကျပ် ၃ သောင်းဝန်းကျင် ကုန်ကျပြီး နေကုန်နေခန်း ထွန်ယက်ရသည့် အတွက် လယ်ထွန်စက် အကြီး ဖြင့်ထွန်ခ ၁ ဧက ကျပ် ၂ သောင်း နှင့်စက်သေး ဖြင့်ထွန်ခ ကျပ် ၁ သောင်းသာကုန်ကျပြီး အချိန်ကုန်သက်သာသဖြင့် စက်ကိုသာ ရွေးချင်ကြသည်။

လယ်ထွန်ရင်း၊ မြေတူးရင်းဖြင့် ရှေးဟောင်းပစ္စည်းများ တွေ့ရှိတတ်သည့် ဟန်လင်းဒေသတွင် အိမ်ဆောက်ခြင်း၊ အိမ်သာ ကျင်းတူးခြင်း စသည့် လူနေထိုင်ရန် ဆောင်ရွက်ရသည့် အခြေခံလုပ်ငန်းများကိုလည်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ ခွင့်ပြုချက် တင်ရသည်။

သီးနှံဈေးကမကောင်း၊ စိုက်ပျိုးစရိတ်ကကြီးခြင်း စသည့် အခြေအနေများကို မြန်မာနိုင်ငံက တောင်သူတွေ ရင်ဆိုင်နေရဆဲ အခြေအနေထက် ပျူမြို့ဟောင်း ဟန်လင်း ဒေသက တောင်သူများ တမူးပိုကာ ဒုက္ခရောက်နေသည်ဟု သိရသည်။

ပျူမြို့ဟောင်းအဖြစ် ကမ္ဘာက ပိုသိလာသည် ဆိုသော်လည်း ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးမှု အားနည်းနေသဖြင့် ဒေသခံတို့၏ အဓိကဝင်ငွေရလမ်းသည် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ရှိနေဆဲဖြစ်သည်။

ဒေသခံတို့၏စိုက်ပျိုးမြေများဖြစ်သည့် ဧက ၁၃၀၀ ကျော်သည် ဟန်လင်းမြို့ဟောင်းဧရိယာအတွင်း ရှိနေရာ ရှေးဟောင်းဧရိယာ ထိန်းသိမ်းနိုင်ရေး အတွက်မူ စိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် မူဝါဒများ ချမှတ်ရန်လိုမည်ဖြစ်သည်။

ဟန်လင်းဒေသသည် မြို့ပြယဉ်ကျေးမှု မတိုင်မီကာလတည်းက  လူနေထိုင်မှု ရှိခဲ့သည့် ယဉ်ကျေးမှု အထောက်အထားများ အကြွယ်ဝဆုံးဒေသ တခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်းသုံးခုရှိ ဟန်လင်းဒေသသည် ၂၀၁၄ ခုနှစ်ကစတင် ကာ ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံ က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သွားပြီဖြစ်သည်။

ပြီးခဲ့သည့် အစိုးရ လက်ထက် ယဉ်ကျေးမှုဝန်ကြီးဌာန ကလည်း ဟန်လင်းဒေသကို ရှေးဟောင်းအထိမ်းအမှတ် တည်ရှိရာ ဇုန်၊ ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန် အဖြစ် သတ်မှတ်ခဲ့သည်။

ရှေးဟောင်းအဆောက်အအုံအနီး  ထွန်ယက်စိုက်ပျိုးခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ တိရိစ္ဆာန်မွေးမြူခြင်း၊ ပိတ်ဆို့၍ ခြံစည်းရိုး ကာရံခြင်း စသည်တို့ကို ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရန် ၂၀၁၅ ခုနှစ်ကပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်း အဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ  ပုဒ်မ ၂၀ တွင် သတ်မှတ်ထားသည်။

ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်းစာရင်းဝင် အဆောက်အအုံမှ သတ်မှတ်ထားသောဧရိယာအတွင်း ပြဌာန်းထားသည့် ပုဒ်မ ၂၀ ကို လိုက်နာခြင်းမရှိပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ၁ နှစ်ထက်မပိုသော ထောင်ဒဏ်၊ အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်း အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ရှေးဟောင်းနယ်မြေ ဖြစ်သည့်အလျောက် သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ရသည့် အတွက် ဟန်လင်းဒေသတွင်”တောင်သူ ဘယ်သူမှ မလုပ်ချင်ကြဘူး” ဟု တောင်သူ ဒေါ်ခင်မိုးဝင်း က ရင်ဖွင့်သည်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦ နှင့် ပေ ၁၂၀ အကွာထိ မည်သည့် စိုက်ပျိုးရေးုလုပ်ငန်းများမှ မလုပ်ရန် သတ်မှတ်ထားသော်လည်း တောင်သူများ အခက်အခဲကြုံနိုင်ရာ ရှေးဟောင်းအဆောက်အဦနှင့် ပေ ၃၀ အတွင်း စိုက်ပျိုးရေး မလုပ်ရန် လျှော့ပေါ့ သတ်မှတ်ပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက် ကပြောကြားသည်။

ယင်းကဲ့သို့ လုပ်ခွင့်မရသည့် လယ်ယာမြေ အကျယ်အဝန်းပမာဏ အတွက် ထိုက်သင့်သည့် လျော်ကြေးပေးအပ်ရန် ပြည်ထောင်စုဝန်ကြီးဌာနသို့ ၂၀၁၅ ခုနှစ်ကတည်းက တင်ပြထားကြောင်း ၎င်းကဆိုသည်။

“ရှေးဟောင်းအဆောက်အအုံ တွေ့ခဲ့တဲ့ ကုန်း ဆို လယ်ယာမြေတွေ မစိုက်ရဘူး” ဟု ဟန်လင်းဒေသရှိ တောင်သူ ဦးမြဝင်းကဆိုသည်။

ဟန်လင်းမြို့ဟောင်းဒေသတွင် ရှေးဟောင်းအမွေအနှစ်များ တူးဖော်သုတေသနပြုလုပ်မှုများမှာ စုစုပေါင်း ကုန်း အရေအတွက် သည် ၄၀ နီးပါးရှိနေပြီး ယင်းသို့တူးဖော်မှုနေရာအနီးရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိဘဲ ဟန်လင်းမြို့ဟောင်းရှိ မြို့ရိုးတလျှောက် ၅ မိုင်ခန့်ရှည်သည့် နေရာတဝိုက်တွင်လည်း စိုက်ပျိုးခွင့်မရှိချေ။

“နှမ်း သေချာပေါက်ဖြစ်တဲ့နေရာတွေမှာ စိုက်လို့မရတော့ နစ်နာတယ်”ဟု ၂ ဧကခန့် ပါသွားသည့် တောင်သူ ဦးကျော်လွင်ကဆိုသည်။

လတ်တလောတွင် လယ်ယာမြေများ ပေးလိုက်ရသည့်တောင်သူ ဦးရေ ၆၀ ကျော်ခန့် ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ကိုင်ခွင့် ဆုံးရှုံးပြီး နစ်နာကြေး တစုံတရာ မရရှိသေးပေ။

“လျော်ကြေးသတ်မှတ်ပြီး နစ်နာကြေးပေးခဲ့ရင် လယ်လုပ်ဖို့ လှည့်တောင်မကြည့်ဘူး၊ နစ်နာကြေးသာပေးရင် ဘယ်လောက် ဧက အထိယူ ဆိုပြီး စိုက်ပျိုးမြေတွေ ပေးလိုက်မယ်”ဟု တောင်သူ ဒေါ်ခင်မိုးဝင်းက ပြောပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading