အီလက်ထရွန်နစ်စနစ် ဖုန်းဘေလ်ဖြည့်သွင်းခြင်း ဝန်ဆောင်မှု လုပ်နေသော Red dot ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ထုတ်ပေးထားခြင်း မရှိသောကြောင့် ၎င်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖေဖော်ဝါရီလ ၆ ရက်တွင် မီဒီယာများသို့ ပြောသည်။
Red Dot သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ လိုင်စင်လျှောက်ထားခြင်းလည်း မရှိကြောင်း၊ ဗဟိုဘဏ်မှ လိုင်စင်ပေးထားခြင်းလည်း မရှိကြောင်း၊ ငွေရေးကြေးရေးကို ဆောင်ရွက်သည့် လုပ်ငန်းခုလည်း မဟုတ်ကြောင်း ယင်းလုပ်ငန်းမှာ ဖုန်းဘေလ် ရောင်းသည့် ဝန်ဆောင်မှုလုပ်ငန်းတခုသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
အီလက်ထရွန်နစ် ဖုန်းဘေဖြည့်သွင်းခြင်း ဝန်ဆောင်မှု လုပ်ဆောင်နေသော Red Dot ကုမ္ပဏီသည် ပြီးခဲ့ ဖေဖော်ဝါရီလ ၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ york center တွင် ဖွင့်လှစ်ထားသော ကုမ္ပဏီရုံးခန်းနှင့် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်အစရှိသည့် တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားသော ရုံးခန်းများကို တပြိုင်တည်း ပိတ်သိမ်း၍ တိမ်းရှောင်နေသောကြောင့် မြန်မာတနိုင်ငံလုံးရှိ ကိုယ်စားလှယ်ပေါင်း ၂ သောင်းကျော်မှာ ငွေကျပ် သိန်းသောင်းချီ၍ ဆုံးရူံးမှုနှင့် ရင်ဆိုင်နေရသည်။
ကုမ္ပဏီ ပိတ်သိမ်းကာ တိမ်းရှောင်သွားသည့် အတွက် လက်တွဲ ဆောင်ရွက်နေသော အရောင်း ကိုယ်စားလှယ်များ အနေ နှင့် ငွေကြေး နစ်နာမှုများ ရှိခဲ့သဖြင့် ဥပဒေ အရ တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
Red Dot ကုမ္ပဏီ၏ အဓိက မိတ်ဖက်များမှာ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သည့် အော်ရီဒူး၊ တယ်လီနော၊ MPTနှင့် Mytel တို့ ဖြစ်ကြသည်။
အဆိုပါ Red Dot ကုမ္ပဏီနှင့် ပတ်သက်၍ တာဝန်ယူမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးသို့ ဧရာဝတီမှ မေးမြန်းရာတွင် ယင်းဌာန တာဝန်ရှိသူတဦးက “ဒါတော့ ကျနော်တို့ မသိဘူးဗျ။ သတင်းသာကြားတာ ကျနော်တို့ဆီကို တရားဝင် ဘာမှ တက်မလာသေးဘူး။ အရေးယူပေးပါ၊ ဒီလိုလုပ်တယ်၊ ဒီလိုဖြစ်သွားတယ်လို့ ပြည်ထောင်စု ဝန်ကြီးရုံးကို လိပ်မူပြီးတော့ တင်လိုက်ပါ”ဟု ပြောသည်။
Red Dot ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)ရုံးတွင် Myanmar Red dot network limited နာမည်နှင့် နိုင်ငံခြားသား ပုဂ္ဂလိပိုင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ကုမ္ပဏီ ဒါရိုက်တာများ အနေနှင့် အိုင်ယာလန် နိုင်ငံသား John Nagle နှင့် နယ်သာလန် နိုင်ငံသား Wouter De Jong တို့ဖြစ်ကြောင်း DICA ရုံး ကုမ္ပဏီ မှတ်ပုံတင် စာရင်းတွင် ဖော်ပြထားသည်။
Red Dot လုပ်ငန်းရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ ဈေးကွက်အတွင်း မိုဘိုင်းငွေကြေးကဏ္ဍ၏ တည်ငြိမ်မှုနှင့် ကိုယ်စားလှယ်များဖြင့် လုပ်ကိုင်လည်ပတ်လျက်ရှိသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းများအပေါ် စိုးရိမ်ပူပန်မှုများ ရှိလာနိုင်သောကြောင့် Wave Money က မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လိုင်စင်ယူ၍ လုပ်ဆောင်နေသော လုပ်ငန်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
ဦးဘိုဘိုငယ်ကလည်း “ ကျနော်တို့ ကြည့်နေပါတယ်။ ဒီ wave မှာတော့ ပိုပြီးခိုင်မာတဲ့ အတွက် ဖြစ်စရာမရှိပါဘူး။ အဲလိုပဲ ကျနော်တို့ OK ကိုလည်း regulate လုပ်ပါတယ်”ဟု ရှင်းပြသည်။
ဆက်စပ်ဖတ်ရှုရန်
ငွေကြေး လိမ်လည်မှုနှင့် Red dot ကုမ္ပဏီကို တရားစွဲရန် စီစဉ်