ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းလေးခုကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရဲစခန်းတွေကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို ပြောရာမှာ စစ်တပ်နဲ့ ပူးပေါင်းပြီး AA ကို ဖြတ်လေးဖြတ်နဲ့ တိုက်စစ်ဆင်တဲ့နေရာမှာ ပါဝင်နေတာကြောင့်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင်က တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ကနေ ခြိမ်းခြောက်မှုတွေပါ ဖြစ်ခဲ့ပါတယ်။ AA ဟာ ရဲအရာရှိတယောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးသမား တယောက်ထံ သတိပေးစာနဲ့အတူ ကျည်ဆံတတောင့် ပို့ပေးခဲ့ပါတယ်။
AA/ ULA ရခိုင်အမျိုးသား အဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသူတွေကို အနှောင့်အယှက်မပေးဖို့နဲ့ အနှောင့်အယှက်ပေးသူ မည်သူကိုမဆို ပြတ်သားစွာ လက်တုန့်ပြန်သွားမယ်လို့အဲဒီ သတိပေးစာမှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်မတော် (AA) က ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် အစိုးရက AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နေပြည်တော် သတင်းစာရှင်းလင်းပွဲ တခုမှာ တပ်မတော် အရာရှိတဦးက AA ကို အပြတ်ချေမှုန်းဖို့ အစိုးရက စစ်တပ်ကို ညွှန်ကြား လိုက်တယ်လို့ ဆိုပါတယ်။
အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော် (AA) ကို တမင်တကာ ရည်ရွယ်ပြီး လူထုကြား ယုံကြည်မှု ကျဆင်းအောင် ARSA နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
အဲဒီစွပ်စွဲ ပြောဆိုချက်နဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီတွေက ပြစ်တင် ရှုတ်ချခဲ့ကြပြီး တကယ်တော့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ စွပ်စွဲချက် ပြဿနာကို ဖြေရှင်းရေးမှာ အထောက်အကူပြုမှာ မဟုတ်ဘဲ၊ ပြသနာကို ပိုမို ရှုပ်ထွေးစေအောင်၊ ပြဿနာကို ဖြေရှင်းလို့မရအောင် တမင် ဖန်တီး နေပုံရတယ်။
ဒါ့အပြင် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးရဲ့ ရခိုင်ပြည်သူတွေကို ခြိမ်းခြောက် စကားပြောဆိုမှုဟာ ရခိုင်နဲ့ ဗမာတွေအကြား နဂိုကတည်းက ရှိနေတဲ့ တင်းမာမှုကို ပင့်ပေးနေသလို ဖြစ်ပြီး တဖက်မှာက AA ထောက်ခံသူ ပိုမိုများလာဖို့ တွန်းပို့နေသလို ဖြစ်နေပါတယ်။
အဲဒီနောက်ပိုင်း လူမှု ကွန်ရက် အသုံးပြုနေကြတဲ့ ရခိုင်လူငယ်တွေကြားမှာ ရက္ခိုင့်တပ်မတော် (AA) ကို လူမှုကွန်ရက်ပေါ်က ပေါ်ပေါ်ထင်ထင် ထောက်ခံလာကြတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ဘက်က မကြုံစဖူး လေးလကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့် အဲဒီအထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် ရက္ခိုင့်တပ်မတော် (AA) နဲ့ တပ်မတော်တို့အကြား ဆက်ပြီး တိုက်ပွဲတွေ ဖြစ်နေဦးမှာပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် နှစ်ခုအကြား တိုက်ပွဲတွေ ဖြစ်ပွားမှုရဲ့ အကျိုးဆက်အနေနဲ့ စိတ်မကောင်းစရာ တခုကတော့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ် စတဲ့ မြို့နယ်က အပြစ်မဲ့ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အိုးမဲ့အိမ်မဲ့နဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြရပါတယ်။
အခုရက်ပိုင်း တပ်မတော်ဘက်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးမှုတွေ၊ သေဆုံးမှုတွေ၊ ညှဉ်းပမ်းနှိပ်စက် တာတွေ၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်မှုတွေ ရှိလာတာကို မီဒီယာတွေပေါ်မှာ ဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ရာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့လို့ ဘင်္ဂါလီ အမြောက်အများ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဟာ နဂိုကတည်းက ဆင်းရဲမွဲတည်မှု၊ ဖွံ့ဖြိုးမှု နည်းပါးမှု၊ ဘင်္ဂါလီပြဿနာကြောင့် မတည်ငြိမ်မှု စတဲ့ ပြဿနာတွေနဲ့ ရှုပ်ထွေးနေရာက နောက်ထပ် တပ်မတော်နဲ့ AA တို့အကြား လက်နက်ကိုင် ပဠိပက္ခ ပြဿနာ တခု ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်မတော် (AA) ဆိုတာ ဘာလဲ
ရခိုင်ပြည်နယ်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ပြီးနောက် အစိုးရက ရက္ခိုင့်တပ်မတော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ထောက်ခံသူတွေ အမြင်မှာတော့ ရခိုင်လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့ အမျိုးသား ရပိုင်ခွင့်တွေ အတွက် လက်နက်ကိုင် တိုက်ပွဲဝင် နေကြတာလို့ ရှုမြင်ကြပါတယ်။
၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်နဲ့ လူလတ်ပိုင်းတွေရဲ့ စုစည်းလှုပ်ရှားမှုကနေ ရက္ခိုင့် တပ်မတော် (AA) ပေါ်ပေါက်လာဖို့အတွက် ကနဦး အစပြုခဲ့တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုး ရေးသားတဲ့ မြောက်ဦးစစ်တမ်းက ဆိုပါတယ်။
၂၀၀၆ ခုနှစ်မှာ ရက္ခိုင့်တပ်မတော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ KIA ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ သွားရောက်ပြီး လက်ရှိ ဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့ဆုံခွင့်ရရှိရာ လူငယ်နဲ့ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေ ပူးပေါင်း လုပ်ဆောင်ရင်း သူရဲ့ ယုံကြည်မှု ရခဲ့ပါတယ်။ KIO ခေါင်းဆောင်ပိုင်းတွေက ရခိုင်လူငယ်တွေကို စစ်သင်တန်ပေးဖို့ သဘောတူခဲ့တာကြောင့် ၂၀၀၉ ခုနှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် (AA) ကို ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာ ဒေသမှာ စိတ်ဓာတ် တက်ကြွတဲ့ ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ ပထမ အစပိုင်း မှာတော့ ငွေကြေးနဲ့ လက်နက် အင်အားတွေ အပါအဝင် စစ်သင်တန်းကိုပါ KIA က ထောက်ပံ့ပေးခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် (AA) ဟာ (၉) နှစ်တာ အချိန်တိုအတွင်းမှာ စစ်အင်အား ထောင်ပေါင်းများစွာ စည်းရုံးနိုင်ခဲ့ပါတယ်။ စစ်အင်အား ၆၀၀၀ ကနေ ၈၀၀၀ လောက် ရှိနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။
ဆယ်စုနှစ် တခုအတွင်း တပ်သား အင်အား ထောင်ပေါင်းများစွာ ရှိလာတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စလို့ ပလက်ဝမြို့နယ်ဘက်က တဆင့် ရခိုင်ပြည်နယ်ကို စတင် ထိုးဖောက် ဝင်ရောက် အခြေကျဖို့ ကြိုးစားလာခဲ့ပြီးနောက် တပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့ မြို့တွေအထိ နယ်မြေချဲ့ထွင်လာခဲ့ပြီးနောက် တပ်မတော်နဲ့ AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပါတယ်။ တပ်မတော်အရာရှိရဲ့ အဆိုအရ ၂၀၁၅ ကတည်းက AA နဲ့ တပ်မတော်တို့အကြား အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တကယ်တော့ အစိုးရနဲ့ တပ်မတော်ဘက်က ရခိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA) ကို ရခိုင်ပြည်နယ်မှာ အခြေချမှာကို မလိုလားသလို၊ နိုင်ငံရေးအရလည်း အသိအမှတ် ပြုချင်ပုံ မပေါ်ပါဘူး။ ရက္ခိုင့်တပ်မတော်ဘက်ကတော့ ဘယ်သူအသိအမှတ်ပြုပြု၊ မပြုပြု ရခိုင်ပြည်နယ်မှာ အခြေချသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီ ရည်မှန်းချက် ဘယ်လောက် အောင်မြင်မှု ရရှိမလဲဆိုတာ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။
AA ဟာ ရခိုင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုကြပေမယ့် အဲဒီအချက်ကိုတော့ AA ဘက်က လုံးဝငြင်းဆို ထားပါတယ်။
ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ AA တည်ထောင်ဖို့ ငွေကြေးဘယ်က ရသလဲဆိုတာ ယခုအချိန်မှာ လျှို့ဝှက်ထားရမယ်၊ တော်လှန်းရေးကြီး အောင်မြင်တဲ့ အခါမှာတော့ ထုတ်ပြောဖို့ ရှိတယ်လို့ ရက္ခိုင့်တပ်မတော် (AA) ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုပါတယ်။
တချို့ အရင်းအမြစ်တွေအရ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ အမေရိက စတဲ့ နိုင်ငံတွေကို ရောက်ရှိနေကြတဲ့ ရခိုင်တွေတွေအပြင် တချို့ ရခိုင်စီးပွားရေး လုပ်ငန်းရှင်တွေက AA ကို ငွေကြေး ထောက်ပံ့ နေကြတယ်လို့ သိရပါတယ်။
ရခိုင်လူမျိုးတွေဟာ သူတို့ရဲ့ အမျိုးသားရေး ရပိုင်ခွင့်အတွက် လွတ်လပ်ရေး မတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတည်းက အုပ်ချုပ်သူ အဆက်ဆက်ကို လက်နက်ကိုင် ပုန်ကန်ခဲ့ကြပါတယ်။ ဒါကြောင့် လက်ရှိ အချိန်မှာ လူငယ်တွေက ရက္ခိုင့် တပ်မတော် (AA) ကို တည်ထောင်ပြီး လက်နက်ကိုင် ပုန်ကန်မှုဟာ အသစ်အဆန်း မဟုတ်ဘူးလို့ ပြောရမှာပါ။
ရက္ခိုင့်တပ်မတော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် AA ဟာ ရခိုင်နိုင်ငံ ထူထောင်ရေးနဲ့ ခွဲထွက်ရေး ကြိုးစားနေတယ်လို့ တချို့က ပုံဖော်ခဲ့ကြပါတယ်။
အဲဒီ အဖြစ်အပျက် နောက်ပိုင်း ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲမှာ ထားရတာကို ပိုကြိုက်တယ်” လို့ ဧရာဝတီ သတင်းဌာနရဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့ “ဝ” လက်နက်ကိုင်တပ်ဖွဲ့က ရယူတောင်းဆိုနေတဲ့ ကွန်ဖယ်ဒရေးရှင်း (Confederation) ပုံစံဟာ ရခိုင်သမိုင်း၊ ရခိုင်လူမျိုးတွေ မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်မယ် ထင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ရခိုင်လူမျိုးတွေဟာ ၁၇၈၅ ခုနှစ်အထိ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေထိုင်ခဲ့ကြတဲ့ ရခိုင်ဘုရင့်နိုင်ငံတော် တည်ထောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဗမာဘုရင် ဘိုးတော်ဘုရား ဝင်ရောက် သိမ်းပိုက်ခဲ့လို့ မြောက်ဦး ဘုရင့်နိုင်ငံတော် ကျရှုံးခဲ့ရတဲ့အပေါ် နာကျင်ခံစားမှုတွေဟာ ရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ ရှိနေဆဲပါ။
ရခိုင်သမိုင်းကြောင်း ဆိုင်ရာနဲ့ ရခိုင်လူမျိုးတွေရဲ့ ပကတိ အခြေအနေကို လျစ်လျူရှုမနေဘဲ အသိအမှတ်ပြုဖို့ လိုပါတယ်။
မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်မှာ လွတ်လပ်ရေး ရတဲ့အခါ တိုင်းရင်းသား လူမျိုးတွေဟာ သူတို့ရဲ့ အာဏာကို ထိန်းချုပ်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကတိပေး စည်းရုံးခဲ့ပါတယ်။
ဒါပေမယ့် ယနေ့အချိန်ထိ အုပ်ချုပ်သူ အစိုးရအဆက်ဆက်ဟာ ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ကတိကဝတ်အတိုင်း အကောင်အထည် မဖော်တာကြောင့် ရခိုင်အပါအဝင် တိုင်းရင်းသားလူမျိုးတွေဟာ လက်နက်ကိုင် တော်လှန်နေကြတာ ဆိုတဲ့ အယူအဆကလည်း တိုင်းရင်းသားတွေကြား ခေတ်စားနေဆဲပါ။
ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ မတိုင်ခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားမှာ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားရာမှာ “ရက္ခိတလမ်းစဉ်” ဆိုတဲ့ စကားကို စတင် သုံးစွဲလာခဲ့တာ တွေ့ရပါတယ်။
AA ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင် မိန့်ခွန်းပြောကြားထားတဲ့ “ရက္ခိတလမ်းစဉ်” အမည်ရှိ ဗီဒီယိုဖိုင်တခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ သူက“ရက္ခိတလမ်းစဉ်” ဆိုတာ ရခိုင်လူမျိုးတိုင်း ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ဖို့၊ လွတ်လပ်တဲ့ ရခိုင့် လူဘောင်ကို ဂုဏ်သိက္ခာရှိစွာ ကမ္ဘာမှာ ရပ်တည်နိုင်ဖို့ ဖြစ်ပါတယ်။ ရခိုင် နိုင်ငံ တည်ထောင်ဖို့ မဟုတ်ဘူးလို့ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုပါတယ်။
“ရက္ခိုတလမ်းစဉ်” ရဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ ရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်မယ့် ရက္ခိုင်အိမ်မက် ၂၀၂၀ (Arakan Dream 2020) ဆိုတဲ့ တပ်လှန့် နှိုးဆော်သံအဖြစ် ရခိုင်လူထုကြား စတင်မိတ်ဆက် စည်းရုံးလာခဲ့ပါတယ်။ တနည်းအားဖြင့် ရက္ခိုင်အိမ်မက် ၂၀၂၀ ( Arakan Dream 2020) ဆိုတာ ရခိုင်လူထု တရပ်လုံး ချိတ်ဆက်ပြီး ရခိုင်လူထု လှုပ်ရှားမှုကြီး တရပ်ကို ၂၀၂၀ မှာ စတင်မယ်လို့ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ အဆိုအရ သိရပါတယ်။
AA ဘာကြောင့် ကြီးထွားလာရသလဲ
ရက္ခိုင့်တပ်မတော် (AA) ဟာ ရခိုင်လူထု အတော်များများရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားတယ်လို့ ယုံကြည်ရပြီး ငွေအင်အား၊ လက်နက်အင်အား၊ လူအင်အား အပြည့်နဲ့ (၉) နှစ်တာ အချိန်တို အတွင်းမှာပဲ ကြီးထွားလာခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် (AA) ကို ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်က လူသိ နည်းခဲ့ပါတယ်။ ဒါပေမယ့် အရင် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပခဲ့တဲ့ “ရခိုင်အမျိုးသားညီလာခံ” ကို AA က ဒေါက်တာ ညိုထွန်းအောင် ခေါင်းဆောင်တဲ့အဖွဲ့ တက်ရောက်ခွင့် ရရှိပြီးနောက် ရခိုင်လူထုနဲ့ ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ အဲဒီကစလို့ AA ဟာ ရခိုင်လူထုကြားမှာ ထင်ရှား လာခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် (AA) ဟာ လူမှုကွန်ရက်ကို လူထုစည်းရုံးရေး လက်နက်အဖြစ် ကောင်းစွာ အသုံးချ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က “ရက္ခိတလမ်းစဉ်” အမည်ရှိ ဗီဒီယိုဖိုင်တဖိုင်နဲ့ ရက္ခိုင့်တပ်မတော် (၉) နှစ်ပြည့် အထိမ်းအမှတ် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ရခိုင်လူထုကြား ထိုးဖောက် ဝင်ရောက်ခဲ့ပြီး AA ထောက်ခံသူတွေ၊ တပ်သားတွေ စုဆောင်းနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အနယ်နယ် အရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ရခိုင်တွေအပါအဝင် ရခိုင်ပြည်နယ် ကျေးလက်နေသူတွေ၊ ရခိုင် ပညာတတ် အသိုင်းအဝန်း၊ ရခိုင် စီးပွားရေးအသိုင်းအဝန်းနဲ့ နိုင်ငံရေးသမားတွေကိုပါ ဆွဲဆောင် စည်းရုံးနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ရခိုင် သမိုင်းတလျောက် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တည်ထောင် ခဲ့ကြတဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အင်အား မကောင်းခဲ့ပါဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ်ကို ပြန်လာတဲ့ လမ်းတဝက်မှာ တပ်မတော်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် ပြိုကွဲခဲ့ရပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ပထဝီ နိုင်ငံရေးအရ ခိုင်မာ တောင့်တင်းတဲ့ ရခိုင်တပ်မတော်တခု တည်ထောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ရခိုင်နိုင်ငံရေး သမားတွေက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တက်ကြွတဲ့ ရခိုင်လူငယ်တွေ တည်ထောင်ထားတဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ အဲဒီနေရာကို အစားထိုး နေရာယူနိုင်ဖို့ ကြိုးစားခဲ့၊ ကြိုးစားနေပုံပါပဲ။
သမိုင်းရေးရာအရရော၊ မကြာသေးခင်က ရခိုင်ပြည်နယ်ရဲ့ ဖြစ်စဉ်တွေကရော ရခိုင်လူထုကို AA အပေါ် ထောက်ခံမှုတွေ ပိုမို ခိုင်မာလာစေဖို့ တွန်းပို့ခံနေရပါတယ်။
NLD အာဏာရလာတဲ့ အချိန်မှာ ရခိုင်လူမျိုးတွေရဲ့ နဂိုကတည်းက ရှိနေတဲ့ သမိုင်းကြောင်းအရ နိုင်ငံရေး မကျေနပ်ချက်တွေက ပိုမို နက်နဲလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရရှိခဲ့လို့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ NLD ပါတီကို တောင်းဆိုခဲ့ ပါသေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ငြင်းပယ်ခဲ့ပြီး သူ့ပါတီက ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင် NLD အစိုးရဟာ ရခိုင်ရေးရာ ကိစ္စရပ်တွေအပါအဝင် ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေ ပါဝင်ခွင့် မရရှိဘဲ ဘေးဖယ်ထားခဲ့ပါတယ်။ ဒီအပေါ် ရခိုင်လူထုအကြား မခံမရပ်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ အစိုးရကတော့ သတိပြုမိပုံမပေါ်ပါဘူး။
ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေအကြား မညီညွတ်မှုတွေဟာလည်း ရခိုင်ပြည်သူတွေကို စိတ်ပျက်မှုတွေ ဖြစ်စေပြီး AA အပေါ် ထောက်ခံမှု ပိုမို ခိုင်မာလာစေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရခိုင်ပြည်သူတွေက တိုက်တိုက်တွန်းတွန်းနဲ့ ပေါင်းစည်းခဲ့ကြတဲ့ ရခိုင် အမျိုးသားပါတီ (ANP) ဟာ ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲရာကနေ ပါတီ အပြဲအကွဲ ဖြစ်ခဲ့ရပါတယ်။
ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ရည်ကိုင်ရည်တွေကိုလည်း ယုံကြည်မှု ကင်းမဲ့လာခဲ့ကြပါတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေဟာ နိုင်ငံရေးဘက်က လက်နက်ကိုင်လမ်းစဉ် ဘက်ကို စိတ်တိမ်းညွှတ်လာစေတယ်လို့ ယေဘုယျ ကောက်ချက်ဆွဲနိုင်ပါတယ်။ ရခိုင်အများစုရဲ့ စိတ်ထဲမှာ လက်နက်ကိုင်မှသာလျှင် သူတို့ရဲ့ အခွင့်အရေးကို ရရှိလာမယ်လို့ ယုံကြည်လာနေပြီလို့တော့ အတိအကျပြောဖို့ ခက်ပါတယ်။
ဒါပေမယ့် မြောက်ဦးမြို့ ဆန္ဒပြပွဲမှာ ရဲက ပစ်လို့ လူငယ် ၇ ဦး သေဆုံးသွားရတဲ့ အဖြစ်အပျက်က ရခိုင်တွေရဲ့ စိတ်ဒဏ်ရာကို ပိုနက်ရှိုင်းသွားစေခဲ့တာကတော့ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ရခိုင်ဘုရင့်နိုင်ငံတော် ထီးနန်းစိုက်ခဲ့ရာ မြောက်ဦးမြို့မှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ပြုလုပ်ဖို့ စီစဉ် ထားတာကို မြို့နယ် အာဏာပိုင်တွေကနေ ဖျက်သိမ်းရာက ဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို ရဲက အကြမ်းဖက် နှိမ်နှင်း ပစ်ခတ်ခဲ့လို့ လူ ၇ ဦး သေဆုံးပြီး တဒါဇင် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အပေါ် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်တဲ့ ရခိုင်ပြည်သူ တချို့က မကျေမနပ်တွေ ဖြစ်နေပြီး ရခိုင် နိုင်ငံရေး ခေါင်းဆောင်ကို ဖိနှိပ်တယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် အစိုးရကို အယုံအကြည်မဲ့လာခဲ့ကြ ပါတယ်။
နောက်ဆုံးတော့ ရခိုင်အမျိုးသားပါတီနဲ့ NLD ကြား မကျေလည်မှုတွေ၊ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ အကြမ်းဖက် အန္တရာယ်၊ အစိုးရက ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကို နိုင်ငံရေးအရ တန်းတူ မဆက်ဆံ တာတွေ၊ မြောက်ဦး ပဋိပက္ခ၊ ဒေါက်တာအေးမောင် အဖမ်းဆီးခံရမှုစတဲ့ အကြောင်းတရားတွေ အားလုံး စုဆုံလာတဲ့ အခါ AA ဟာ ရခိုင်ပြည်သူလူထုရဲ့ အားကိုးစရာ နိုင်ငံရေး မျှော်လင့်ချက် (သို့) အိပ်မက် ဖြစ်လာခဲ့ပါတယ်လို့ ဆိုရင် မမှားလောက်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ အပြင် အပြစ်မဲ့ အရပ်သား ပြည်သူတွေကိုပါ စစ်ဒဏ်ရဲ့ ဆိုးကျိုးတွေကို ခံစားနေကြရပါတယ်။
အရေးကြီးတာက နှစ်ဖက်စလုံးက တိုက်ပွဲတွေကို အမြန်ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ဘုံသဘောတူညီတဲ့ အဖြေတခုကို ရှာဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်သူတွေကို ရခိုင်အရေးအရာ ကိစ္စတွေမှာ တန်းတူ အသိအမှတ်ပြု ပါဝင်ခွင့် ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ရခိုင်နဲ့ အုပ်ချုပ်သူအစိုးရအကြား တင်းမာမှုတွေကို ဖြေလျှော့နိုင်ပြီး လက်နက်ကိုင် ပုန်ကန်ချင်တဲ့ စိတ်သဘောထားတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အစိုးရနဲ့ တပ်မတော် အနေနဲ့ မြန်မာပြည်သူတွေ အပါအဝင် AA နဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ထောင်ဖို့ကို အပြောသက်သက် မဟုတ်ဘဲ၊ လက်တွေ့ကျကျ အမြန်ဆုံး လုပ်ပြနိုင်ဖို့ လိုပါတယ်။ အဲဒီလိုမှာသာ ငြိမ်းချမ်း သာယာဝပြောတဲ့ ပြည်ထောင်စု နိုင်ငံတခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာ သုံးသပ်ချက် ဆောင်းပါးရေးသားနေသူ တဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်တွင် မဟာဗျူဟာ ရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်။)