အာဏာသိမ်းပြီးနောက် ပို့ကုန်ဝင်ငွေ ဆက်တိုက်ကျဆင်းနေရာ ယခု ဘဏ္ဍာနှစ်တွင်လည်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ထိ ကျနေသဖြင့် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းနေကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ ပို့ကုန်ဝင်ငွေမှာ ၂၀၂၂- ၂၃ နှစ် ဧပြီ ၁ ရက်မှ ဇွန် ၂ ရက် အထိ တလကျော်အတွင်း အမေရိကန်ဒေါ်လာ ၂၇၃၆ ဒသမ ၆၃၃ သန်းရှိခဲ့ပြီး ယခု ၂၀၂၃- ၂၄ ဘဏ္ဍာနှစ် ကာလတူ တွင် အမေရိကန်ဒေါ်လာ ၂၁၃၄ ဒသမ ၂၀၅ သန်း သာ ရှိသဖြင့် ၆၀၂ ဒသမ ၄၂၈ သန်း လျော့ကျခဲ့သည်။
ထို့အတွက် ဝန်ကြီး ဦးအောင်နိုင်ဦးက ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များကို ပြီးခဲ့သည့် မေလကတည်းက နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံပြီး ပို့ကုန်တင်ပို့မှုများ ဆက်တိုက် ကျဆင်းနေရသည့် အကြောင်း မေးမြန်းခဲ့ကြောင်း၊ ယခု ဇွန် ၂ရက်ကလည်း တွေ့ဆုံခဲ့သလို လာမည့် ၂၂ ရက်နေ့တွင် ထပ်မံတွေ့ရန် ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ပို့ကုန်/သွင်းကုန်စီးပွားရေး လုပ်ငန်းရှင်တဦးက “စီးပွားကူးသန်းက ဦးဆောင်ပြီး အစည်းဝေးခေါ်တယ်၊ ဘာကြောင့် ဆိုတာ မေးတယ်။ အဖြေတွေကတော့ အားလုံးမှာ ရှိပေမယ့် ဘယ်သူကမှတော့ ဒါကြောင့်ပါလို့ မပြောကြပါဘူး။ အရိပ်အမြွက် လောက်ပဲ ပြောကြတယ်၊ အခု မူဝါဒအရ ပို့ကုန်ရဲ့ ၆၅ ရာခိုင်နှုန်းကို ဒေါ်လာသွင်းရမယ်။ နယ်စပ်ဆိုလည်း ဘတ်၊ ယွမ်၊ ရူပီး သွင်းရမယ်။ ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ လဲရမှာ ဒီနေ့ အပြင်ပေါက်ဈေးနဲ့ တွဲကား ၁ စီးဆိုရင် ကျပ်သိန်း ၆၀ နီးပါးလောက် ရှုံးတယ်။ ဒီနေ့ ကမာ္ဘ့ပေါက်ဈေးပေါ်မှာ ချိန်ပြီးတော့ ရောင်းနေကြပေမယ့် ဒီရာခိုင်နှုန်းက ကမာ္ဘ့ဈေးနဲ့ ကျနော်တို့ မရနိုင် တော့ဘူး။ မကိုက်ဘူး။ အဲ့ဒီတော့ အရောင်းအဝယ်တွေက လုပ်လို့မရဘူး။ ရပ်သွားတဲ့ သဘောပါ”ဟု ဧရာဝတီသို့ ပြော သည်။
အဓိက ပြဿနာမှာ ပို့ကုန်လုပ်ငန်းရှင်များက တင်ပို့ရာတွင် စစ်ကောင်စီ၏ ငွေကြေး မူဝါဒ ပို့ကုန်ရငွေမှ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှင့် ဖြတ်ယူခြင်းကြောင့်ဖြစ်ပြီး လက်ရှိ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာ လျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြစ်နေသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များမှာ အမြတ်ငွေ နည်းပါးခြင်း၊ တချို့ လယ်ယာထွက် ကုန်များတွင် အရှုံးပြခြင်းတို့ကြောင့် အရောင်းအဝယ်များ ရပ်တန့်၍ ပိုကုန်ရငွေမှာ လည်း ဆက်တိုက် ကျဆင်းလာ ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် ကျဆင်းတယ်လို့ တင်ပြတော့ သူတို့ (စကစ)လည်း အစည်းဝေးတွေ ထိုင်မယ်။ တဦး ထဲနဲ့လည်း မပြီးဘူး။ အားလုံး ဘာလုပ်သင့်လဲ စဉ်းစားပြီး ပြန်ပြောပေးမယ်လို့တော့ ပြောတယ်။ ဒီလထဲမှာရော၊ ဒီလ မတိုင်ခင်ကရော UMFCCI ရော၊ တိုင်းနဲ့ ပြည်နယ်က စီးပွားရေးသမားတွေရော စီးကူးရဲ့ စားသုံးသူ ရေးရာဦးဆောင်ပြီး တော့ အစည်းဝေးတွေလုပ်ပြီး ဘာကြောင့် ဖြစ်တာလဲ ဆိုတာ ယူတယ်။ ဒီလ တတိယပတ်မှာလည်း UMFCCI မှာ တွေ့ဖို့ ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီ၏ ငွေကြေးမူဝါဒ သတ်မှတ်နှုန်းမှာ ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးမှာ ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်နား ထိ ရောက်လာသောကြောင့် ၁ ဒေါ်လာလျှင် ကျပ် ၇၀၀ မှ ၉၀၀ ကျပ်ထိ ငွေကြေးကွာဟချက်မှာ ကြီးမားလာ၍ အခက် အခဲများ ပိုမို ဖြစ်လာရသည်ဟုလည်း ကုန်သည်များက ဆိုသည်။
နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တဦးက “ပြင်ပပေါက်ဈေးနဲ့ သူတို့ သတ်မှတ်ဈေး သိပ်မကွာဘူးဆိုလည်း ပြောစရာတောမရှိဘူး။ အခုက ကွာဟချက်က များလာတော့ အခက်အခဲတွေရှိလာတယ်။ ဒါက ကဏ္ဍတိုင်းပဲ၊ လယ်ယာထွက်ကုန်ရော CMP လုပ်ငန်းတွေရော အားလုံးပဲ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ငွေကြေးမူဝါဒ သတ်မှတ်ချက်အပြင် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ ကုန်ကြမ်းပစ္စည်းနှင့် ထုတ်လုပ်မှု စရိတ်ကြီးခြင်းအပါအဝင် စိုက်ပျိုးရေးသုံး သွင်းအားစုများ မြင့်တက်ခြင်း၊ စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မှု လျော့ကျခြင်း စသည့် အချက်များကလည်း ပို့ကုန် တင်ပို့မှုများအပေါ်တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပပို့ကုန် ကဏ္ဍ ၇ ခု အနက် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၈၃ ဒသမ ၅၆၂ သန်း၊ တိရိစာ္ဆန်ထွက် ပစ္စည်းတင်ပို့မှုမှာ ဒေါ်လာ ၄ ဒသမ ၆၈၄ သန်း၊ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၁၉ ဒသမ ၁၉၈ သန်း၊ သစ်တော ထွက်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၁၃ ဒသမ ၆၁၁ သန်း၊ စက်မှုကုန်ချော တင်ပို့မှုမှာ ဒေါ်လာ ၃၄၈ ဒသမ ၁၈၃ သန်းနှင့် သတ္တုတွင်းထွက်တင်ပို့မှုမှာ ဒေါ်လာ ၃၆ ဒသမ ၉၆၈ သန်း ကျဆင်းခဲ့ပြီး အခြား ကုန်ပစ္စည်း တင်ပို့မှု တခုတွင်သာ ယမန်နှစ်ကထက် ဒေါ်လာ ၃ ဒသမ ၇၇၈ သန်း ပိုခဲ့ကြောင်း တွေ့ရသည်။
စစ်တပ်အာဏာသိမ်းခြင်း၏ အကျိုးဆက်မှာ စိုက်ပျိုးရေး သွင်းအားစုဈေးမြင့်တက်မှု၊ စစ်ရေး ပဋိပက္ခများ ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ မလုပ်နိုင်ခြင်းတို့က လယ်ယာထွက်ကုန်တင်ပို့မှုများ အပေါ်သက်ရောက်မှု ရှိနေသလို ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ခြင်း၊ အထွက်နှုန်း လျော့ကျနိုင်ခြင်းစသည့် အခြေအနေများလည်း ရှိနေသည်။
ထိုသို့ ပို့ကုန်ကဏ္ဍတွင် အခက်အခဲများရှိသလို သွင်းကုန်ကဏ္ဍတွင်လည်း ပို့ကုန်ရငွေ နှင့် ညီမျှသည့် ပမာဏအတိုင်းသာ သွင်းကုန်ကို တင်သွင်းခွင့်ပေးခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များ ကန့်သတ်ကာ FDA (အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဌာန) ထောက်ခံချက်များ တောင်းခံလာခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး ငွေပေးချေမှုများကို ဒေါ်လာ (သို့မဟုတ်) ဘတ်ဖြင့်သာ ပေးချေခိုင်းခြင်း၊ ဘဏ်စနစ်ဖြင့်သာ ခွင့်ပြုခြင်းတို့ဖြင့် ကန့်သတ်ထားသည်။
မူဆယ်နယ်စပ် ကုန်သည်ကြီး တဦးက “ပို့ကုန်တွေ တင်ပို့တဲ့နေရာမှာ ငွေကြေးမူဝါဒကြောင့် တွက်ချေမကိုက်တာ ရှိတယ်။ သွင်းကုန်ပိုင်းမှာလည်း အခက်အခဲတွေရှိတယ်။ လိုင်စင်လျှောက်ရတဲ့ အခက်အခဲတွေရှိတယ်။ ပို့ကုန် တင်ပို့မှု ရှိမှ သွင်း ကုန် တင်သွင်းရမယ်ဆိုတော့ အဲ့ဒီအခက်အခဲတွေလည်း ပါတယ်”ဟု ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်သွယ်မှုလိုငွေ မဖြစ်ဖို့ သွင်းကုန်များ စိစစ်တင်သွင်းရန် မကြာခဏ ညွှန်ကြားနေသလို ဇွန် ၁၁ ရက် အခြေခံ စားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းဝေးတွင်လည်း ပြည်တွင်းမှ သဘောကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေး ထိခိုက်အောင်လုပ်နေသလို၊ ပြည်ပမှလည်း ပိတ်ဆို့ခြင်း ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းခြင်းတို့အပြင် ကုန်သွယ်မှုတွင်လည်း ရငွေများကို ကန့်သတ်သဖြင့် နိုင်ငံခြားငွေများ ကိုအသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ် လာခဲ့ကြောင်း၊ ငွေကြေးကွာဟချက်ပေါ် မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများကလည်း ကိုယ်ကျိုး အမြတ် ထုတ်ခဲ့ကြောင်း၊ ဘဏ်လုပ်ငန်းများ ထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ ကြောင်း ပြောဆိုခဲ့သည်။
You may also like these stories:
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
အဝေးပြေးလမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ အကြီးအကျယ် ငွေညှစ်
စစ်ကောင်စီ၏ ပို့ကုန်မူဝါဒအပြောင်းအလဲတွင် ဆန်နှင့် ဆန်ကွဲ ပါဝင်လာ














