လက်ပ်တော့လုပ်ငန်းဟာ Huawei ရဲ့ အဓိက ဝင်ငွေအကောင်းဆုံး လုပ်ငန်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ Huawei က ထုတ်တဲ့ လက်ပ်တော့ အချို့ဟာ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်တဲ့ လက်ပ်တော့တွေပါ။
လက်ရှိအချိန်ထိ Huawei ထုတ်ခဲ့သမျှ လက်ပ်တော့တိုင်းမှာ တူညီတဲ့ အချက်တခု ရှိပါတယ်။ Microsoft ရဲ့ Windows စနစ်ကိုပဲ စွဲမြဲစွာ အသုံးပြုခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်ထဲမှာ အမေရိကန်အစိုးရက ကုန်သွယ်ရေး ပိတ်ပင်လိုက်တာကြောင့် Huawei အနေနဲ့ Windows သုံးခွင့် မရတော့ပါဘူး။ ကုမ္ပဏီရဲ့ လက်ပ်တော့လုပ်ငန်းလည်း အတော်လေး အထိနာခဲ့ရပါတယ်။
ယနေ့မှာတော့ Huawei အနေနဲ့ Windows သုံးခွင့် မစောင့်တော့ဘဲ ဒီပြဿနာကို အလွယ်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို စတင် ကျင့်သုံးလိုက်ပါတယ်။ နောက်ဆုံးထုတ် Matebook တွေကို Windows အစား Deepin Linux ပြောင်းတင်ပြီး ရောင်းလိုက်တာပါ။ Huaewi ရဲ့ တရားဝင်အွန်လိုင်းစတိုး vMall မှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
Deepin ဆိုတာ ပြင်ဆင်မွမ်းမံထားတဲ့ တရုတ်ပြည်တွင်းထုတ် Linux distribution တခု ဖြစ်ပါတယ်။ လက်ပ်တော့ Windows ခလုတ်မှာ လိုဂို ဖျောက်လိုက်ပြီး “Start” လို့ ပြောင်းရေးထားတာက လွဲလို့ Matebook ရဲ့ အခြားအချက်အလက်တွေ ဘာတခုမှ အပြောင်းအလဲ မရှိပါဘူး။ စက်လည်ပတ်မှုစနစ် (OS) ကို Windows အစား Linux ပြောင်းသုံးလိုက်တာပဲ ကွာသွားမှာပါ။
Deepin Linux နဲ့ ရောင်းနေတဲ့ မော်ဒယ်တွေကတော့ Huawei Matebook X Pro၊ Matebook 13 နဲ့ Matebook 14 တို့ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း Linux မော်ဒယ်က Windows 10 အသုံးပြုထားတဲ့ မော်ဒယ်တွေထက် ၄၂ ဒေါ်လောက် ပိုနည်းတာ တွေ့ရပါလိမ့်မယ်။
Huawei အနေနဲ့ စက်ပစ္စည်းအမျိုးအစားမရွေး သုံးနိုင်တဲ့ ကိုယ်ပိုင် HarmonyOS ကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် Linux ကို ဘာလို့ ရွေးခဲ့လဲဆိုတာတော့ မသိရပါဘူး။ HarmonyOS အဆင်သင့်မဖြစ်သေးတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Deepin ဆိုတာ တရုတ်နိုင်ငံမှာ သုံးဖို့ အဓိကရည်ရွယ်ထားတဲ့ OS ဖြစ်တာကြောင့် ဥရောပ၊ အမေရိကနဲ့ အခြားဈေးကွက်တွေကိုတော့ ရောက်လာနိုင်ဖွယ် မရှိပါဘူး။ အဲ့ဒီအစား Ubunto ဒါမှမဟုတ် Mint ပြောင်းသုံးထားတဲ့ Matebook မျိုးဆိုရင်တော့ နိုင်ငံတကာဈေးကွက်မှာ ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။
Ref: Gizmochina, Tech Radar
You may also like these stories:
Huawei ရဲ့ ကိုယ်ပိုင် “HarmonyOS” ကို စတင် မိတ်ဆက်
Snapdragon 850 အသုံးပြုထားတဲ့ Matebook E 2019 ကို Huaewi မိတ်ဆက်
Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးဖုန်းထုတ်လုပ်သူဖြစ်လာတဲ့ Huawei