(က)
၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်၊ ဝါဆိုလပြည့်နေ့။
နေ့လယ် သုံးနာရီလောက်မှာ ရွှေတိဂုံ စေတီတော်ကြီးရဲ့ အရှေ့ဘက် စောင်းတန်းများမှ တဆင့် လူတချို့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဘုရား ရင်ပြင်တော်ပေါ် တက်လာကြ ပါတယ်။ သူတို့ တတွေဟာ မည်သူမျှ ဘုရားပေါ်တက်လို့ မရအောင် ပိတ်ဆို့ စောင့်ကြပ်နေ ကြတဲ့ လုံခြုံရေးတပ်တွေရဲ့ ရှေ့က အေးအေးဆေးဆေး ဖြတ်ကျော်လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြ တာပါ။
ဒီလူအုပ်ဟာ စောင်းတန်း တချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ ဖဲထုပ်တွေ ချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးမလား ဆိုပြီး ဘုရားဖူးတွေကို ပြောင်ပြောင် တင်းတင်း လိုက်မေးပါတယ်။ ပါလာတဲ့ အရက်ပုလင်းတွေ ဖန်ခွက်တွေ ချပြီး အရက်ဝိုင်း ဖွဲ့ကြပါ တယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံး ဟူသမျှကို ရိုက်ခွဲပြီး အလှူငွေပိုက်ဆံတွေကို ယူလိုက်ကြပါတယ်။
ဒီလူတွေဟာ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ ဝတ်စားထားကြပြီး အရက်နံ့ တထောင်းထောင်းနဲ့ မူးယစ်သေစာများ သောက်စားထားကြသူတွေ ဖြစ်ပါတယ်။ အပေါစားမိတ်ကပ်နဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းမတွေလည်း ပါလာပါတယ်။
အဲသလို မူးယစ်ရမ်းကားနေသူတွေ ရင်ပြင််််တော်ပေါ် တက်လာတဲ့အချိန်က သမ္မတသက်တမ်း နှစ်ရက်တည်းသာ ရှိသေးတဲ့၊ သားသတ်သမားလို့ နာမည်ကြီးနေတဲ့ သမ္မတသစ် ဦးစိန်လွင်ကို ဆန့်ကျင်တဲ့ အနေနဲ့၊ ဘုရားရင်ပြင်တော် ပေါ်မှာပဲ တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားထုရဲ့ ဆန္ဒပြဟောပြောပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။ ရင်ပြင်တော်ပေါ် ရုတ်တရက် ရောက်လာတဲ့ အဲဒီ လူဆိုးလူရမ်းကား အမူးသမားများရဲ့ နှောက်ယှက်မှုကြောင့် ကျောင်းသားတွေရဲ့ ဟောပြောမှုကို နားထောင်နေကြတဲ့ ပရိသတ်အဖို့ ဆက်လက်နားထောင်ဖို့ ခက်ခဲလာခဲ့ရပါတယ်။ ကျောင်းသားတွေက ဒီလိုမလုပ်ဖို့ လိုက်လံပြောဆိုတဲ့အခါ ကျောင်းသား များကို ရန်လုပ်ဆဲဆိုကြပါတယ်။
ကျောင်းသားတွေဟာ ချက်ချင်းဆိုသလိုပဲ သဘောပေါက်နားလည်လာရပြီး လူရမ်းကား လူဆိုးလူမိုက်များနဲ့ အချင်းမပွားတော့ဘဲ ဟောပြောပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဘုရားစောင်းတန်းတွေပေါ်က နည်းပေါင်းစုံနဲ့ ပြန်ဆင်းကြရပါတယ်။ လေးဘက်လေးတန် ပိတ်ဆို့စောင့်ကြပ်နေကြတဲ့ လုံခြုံရေးတပ်တွေ မသိအောင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်များထဲကတဆင့် ပုန်းလျှိုးဝင်ရောက် ထွက်ပြေးကြရပါတော့တယ်။
အဲဒီနေ့ညမှာပဲ ရွှေတိဂုံစေတီတော်ပေါ်က အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် ရေဒီယိုက ထုတ်ပြန်ကြေညာ အသံလွှင့်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးပြည်သူတွေကို အနှောက် အယှက်ပေးပြီး ဘုရားပိုင် အလှူခံရငွေတွေကို လုယက်တဲ့ ကျောင်းသားဆိုးများကို ဂေါပကအဖွဲ့ရဲ့ တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့များက ရင်ပြင်တော်ပေါ်တက်ပြီး ရှင်းလင်းခဲ့ရကြောင်း အသံလွှင့်ချက်ကို တတိုင်းပြည်လုံးက ကြားကြရ ပါတော့တယ်။
(ခ)
အထက်ပါ (က) အပိုဒ်မှာ ပါရှိတဲ့ အကြောင်းအရာတွေကတော့ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ထဲက စာပိုဒ်တချို့ကို ကျနော်နားလည်ထားသလို အကျဉ်းချုပ်ပြီး ပြန်ရေးပြလိုက်တာပါ(စာ- ၁၃၄ )။
စာရေးသူ (ကို) အောင်ဒင်ဟာ အဲဒီ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က လူဆိုးလူမိုက်များနဲ့ အချင်းမများ ရလေအောင် ဟောပြောပွဲကို ရပ်ဆိုင်းပြီး ဘုရားရင်ပြင်တော် ပေါ်က လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားများ ထဲက အသက် ၂၀ ကျော် စက်မှုတက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တဦးပဲ ဖြစ်ခဲ့ပါတယ်။ သူဟာ နောင်အခါ ‘ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ့်တပ်ဦး’ ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါတယ်။
အထက်ပါ အကြောင်းအရာတွေကို ‘အောင်ဒင်’က သူ့ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ထည့်ရေးခဲ့တာပါ။ ‘နွေတညမှ အစပြု’ ၍ စာအုပ်ဟာ စာရေးသူ အောင်ဒင် ဖြတ်သန်းကျင်လည် ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု များကို ပြန်လည်စုစည်း ဖေါ်ပြထားတဲ့ စာအုပ်ပါပဲ။ တနည်းအားဖြင့် ပြောရရင် မြန်မာပြည်ရဲ့ ရာဇဝင်သမိုင်းမှာ ပြင်သစ်ပြည်က ၁၈၇၁ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကြီးလို အင်မတန် ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီး ဖြစ်တဲ့ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီး နောက်ပိုင်း ၁၉၈၉ ခု နှစ်လည်ပိုင်းအထိ အချိန် ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ်ကျောင်းသား တဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့ သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့်ပြောရရင် ‘နွေတညမှ အစပြု၍’ စာအုပ်ဟာ ‘အောင်ဒင်’ ရဲ့ အထုပ္ပတ္တိတပိုင်း စာအုပ်ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။
ရုရှစာရေးဆရာ ‘အီလျာအာရင်ဘတ်’ သည်လည်းပဲ သူဖြတ်သန်း ကျင်လည်ရတဲ့ အချိန်ကာလ တခုအကြောင်း မှတ်တမ်းသဘော ရေးခဲ့ဖူးပါတယ်။ ‘လူများ၊ သက္ကရာဇ်များ ဘဝများ’ စာအုပ်မှာ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူ ဗဟိုပြုပြီး ရေးတယ်ဆိုပေမယ့် သူနဲ့ခေတ်ပြိုင်၊ သူနဲ့ စာရေးဖော်စာရေးဖက် တခြား စာရေးဆရာ၊ ကဗျာဆရာများ အကြောင်း ကိုလည်း မှတ်တမ်းသဘော ရေးခဲ့ပါတယ်။
အောင်ဒင်သည်လည်းပဲ သူ့ရဲ့ ‘နွေတညမှ အစပြု’ ၍ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပင်တိုင်ထား ရေးတယ် လို့ စာရေးသူက ဝန်ခံထားသော်ငြားလည်းပဲ သူနဲ့ ခေတ်ပြိုင် သူနဲ့ အတူ သူလိုပဲ နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ကျောင်းသားများ၊ ကျောင်းသား ခေါင်းဆောင်များ ကိုလည်း မှတ်တမ်းတင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ဒီစာအုပ်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ လောလောဆယ်မှာဖြင့် အပြည့်စုံဆုံး စာအုပ်အဖြစ် အသိအမှတ်ပြုရမလို ဖြစ်လာခဲ့ပါတယ်။
‘နွေတညမှ အစပြု၍” စာအုပ်အလိုအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီး စ အချိန်တွေမှာ ကျောင်းသားတွေဟာ အုတ်နံရံကြီးကို အကြိမ်ကြိမ် ခေါင်းနဲ့ ပြေးဆောင့်ခဲ့ကြတယ်၊ မိုးကို ဒူးနဲ့ တိုက်ခဲ့ကြ တယ်။ သူတို့ကို နားလည်ဖို့ ဆိုရင် စာဖတ်သူတွေဟာ သူတို့ ပြောတာတွေ၊ သူတို့ လျှောက်လှမ်း သွားနေပုံတွေနဲ့ သူတို့ခင်းလို့ ပေါ်ပေါက်လာတဲ့ လမ်းအသွယ်သွယ်ကို ကြည့်ပြီး မြင်ပြီး မှသာ နားလည်နိုင်မှာပါ။ နားလည်ဖို့ မလွယ်ကူသလို နားလည်ဖို့ လွယ်ကူ နေတာလည်း ရှိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ကျောင်းသားတွေ၊ လူတွေက ခေါင်းနဲ့ဆောင့်လို့ ပြိုကျသွားရတဲ့ အာဏာရှင် ခေတ်သမိုင်းတွေဆိုတာ အထင်အရှား ရှိခဲ့တာပဲ။
‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍” စာအုပ်မှာ နိုင်ငံ့အရေးထဲ တစတစ ပါဝင်စူးနစ်လာကြတဲ့ ကျောင်းသားတွေကို အခုအချိန် လိုပဲ၊ နိုင်ငံရေးသမားတွေက အသုံးချလို့၊ ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီး လုပ်ချင်လို့၊ ပညာကောင်းကောင်း မသင်ချင်လို့ နိုင်ငံရေးထဲ ပါဝင်လာကြတာ ဖြစ်တယ် လို့ ဟိုအရင်ကတည်းက အပြောအဆို ခံခဲ့ကြရပါလား ဆိုတဲ့ အချက်တွေကိုလည်း သွားတွေ့ရပါတယ်။
သင်ခန်းစာ ယူကြရမယ့် အချက်တွေကလည်း ဒုနဲ့ဒေး ပါပဲ။ ကျောင်းသားတွေ ကွဲကြပြဲကြ၊ အပြန်အလှန် စွပ်စွဲ ပြောဆိုကြ၊ ခေါင်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အပူတပြင်း လိုက်ရှာကြ၊ ဒီကြားထဲ အာဏာရှင်တွေက ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးထောင်ချတဲ့ အလုပ်ကို တဖက်က လုပ်ပြီး တဖက်ကလည်း ကျောင်းသားထု အတွင်း သွေးကွဲသွား စေဖို့၊ လူမိုက်လူရမ်းကား တွေနဲ့ ရင်ဆိုင် ဖြိုခွင်းတာမျိုး၊ လူထုအချင်းချင်း ရန်တိုက်ပေးတာမျိုး အပြင် ကျောင်းသား ခေါင်းဆောင် တဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်ဝါဒဖြန့် သိက္ခာချတဲ့ နည်းမျိုးစုံကိုလည်း အသုံးပြု ခဲ့ကြတာတွေဟာ အခုခေတ်လိုပဲ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါလား ဆိုတာ ဒီစာအုပ်မှာ သွားတွေ့ရပါတယ်။
လူတွေကလည်း ကျောင်းသားတွေအပေါ် အမျိုးမျိုးသော နှလုံးသားဓာတ်ခံအပေါ်မူတည်ပြီး အခုခေတ်လိုပဲ အမျိုးမျိုး မြင်ခဲ့ကြ၊ အမျိုးမျိုး ပြောခဲ့ကြတာပါပဲ။ ကျောင်းသားတွေဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အလုပ်ကို မသိသား ဆိုးရွားစွာ လုပ်ကြတယ်၊ ကျောက်တုံးကို အပ်နဲ့ ထိုးဖောက်သလို ဖြစ်နေတယ်၊ ထင်ပေါ် ကျော်ကြားချင်ကြတယ်၊ လက်ခုပ်သံတွေကို သာယာခဲ့ကြတယ်၊ တချို့ဆိုရင် အမျိုးသားခေါင်းဆောင် ဆိုတာမျိုးအထိ စိတ်ကူးယဉ်ကြတယ် အစ ရှိသဖြင့် အပြောခံခဲ့ ဝေဖန်ခံခဲ့ကြရတဲ့ အဖြစ်ဟာလည်း အခု မျက်မှောက်ခေတ် ကျောင်းသားတွေရဲ့ အဖြစ်နဲ့ တထေရာတည်း ပါပဲ။
အာဏာရှင်တွေဟာ သူတို့ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဘယ်တုန်းကမှ ရင်ဝယ်သားလို သဘောထား ဖြေရှင်း ကြတာ မတွေ့ရတဲ့ အဖြစ်ကိုလည်း ဒီစာအုပ်ထဲမှာ တွေ့ကြရပါတယ်။ အခု မနေ့တနေ့ကပဲ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ သဲကြီးမဲကြီး ဝိုင်းရိုက်ကြ၊ ကျောင်းသား သမဂ္ဂအလံကို အငြိုးတကြီးနဲ့ မြေကြီးပေါ်ချနင်းပြီး ဒေါသ ထွက်နေတဲ့ ရဲတွေလိုပဲ ရှစ်လေးလုံး ကာလအတွင်းက အင်းလျားကန်ဘောင် တနေရာမှာ ပြေးစရာ မရှိလို့ ရေထဲဆင်းပြေးရတဲ့ ကျောင်းသူတွေကို ဆံပင်ဆွဲပြီး ရေထဲနှစ် ရိုက်နှက်ကြတဲ့ လုံထိန်းတွေ ဆိုတာ ဟိုအရင် ကတည်းက ရှိခဲ့တာပဲ။
ကျောင်းသားသမိုင်းမှာ ဗိုလ်အောင်ကျော်မှရယ်လို့ နံပါတ်တုတ်နဲ့ ရိုက်သတ်ခံခဲ့ရတာ မဟုတ်ပါလား ဆိုတာ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ တွေ့ကြရမှာပါ။ အသက် ၂၀ ကျော် ကိုအောင်ဆန်းလို လူငယ်တွေ နိုင်ငံရေးထဲ ပါဝင်လာကြပြီး မြေပေါ်မြေအောက် လှုပ်ရှားမှုတွေကို အလုပ်လုပ်ရင်းသင် သင်ကြားရင်းအလုပ်လုပ်နဲ့ လူငယ် ဘဝတွေကို စတေးသွားကြရတဲ့ အဖြစ်တွေဟာ ခုခေတ်မှရယ်လို့ မဟုတ်ပါလားဆိုတာ ‘နွေတညမှ အစပြု၍ ’ စာအုပ်မှာ အထင်းသား တွေ့ကြရပါတယ်။
တနေရာမှာတော့ တိုင်းပြည် ဒီမိုကရေစီရေး အတွက် အင်မတန် အန္တရာယ်ကြီးပြီး ကြမ်းတမ်းလှတဲ့ လမ်းကြောင်းပေါ် လျှောက်နေရပေမယ့် ချစ်သူကို လွမ်းတမိတဲ့ ညကလေး တညအကြောင်း ထည့်ရေးလိုက်တော့ ဂျာမာန်ကဗျာဆရာ ‘ဗားတော့ဗရက်’ ရဲ့ ကဗျာစာသားလေးကို သွားပြီးသတိရစေ ပါသေးတယ်။ ဗားတော့ဗရက်က ‘ချစ်သူကို တဝက် တပျက်သာ ချစ်ရတဲ့ ခေတ်ပါလား’ လို့ရေးခဲ့ပါတယ်။
အောင်ဒင်ဟာလည်းပဲ သူ့ရဲ့ ‘နှင်းထုထဲက အလွမ်းည’ ခေါင်းစဉ် အောက်က စာပိုဒ်တွေထဲမှာ မင်းကိုနိုင်နဲ့ အတူတွဲပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲက အင်းလျားကန်ဘောင်မှာ ဂစ်တာတလက်နဲ့ ‘ခင်ဝမ်း’ ရဲ့ ‘နှင်း’ သီချင်းကို အော်ဟစ်ငိုကြွေး သီဆိုရင်း ချစ်သူကို တဝက်တပျက်သာ ချစ်ခွင့်ကြုံ ကြရတဲ့ သူ့တို့ဘဝကို သူတို့ကိုယ်တိုင် ပြန်လွမ်းမိကြတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ်(စာ-၃၃၀၊ နှင်းထုထဲက အလွမ်းည)။
သူက ဒီလိုရေးလိုက်တဲ့အခါ ပဲခူးရိုးမ တနေရာမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ဖို့ လုပ်နေတဲ့ လူငယ်တဦးသာ ဖြစ်သူ ‘ကိုဗဟိန်း’ က သူ့ချစ်သူဆီ လရောင်အောက်မှာပဲ စာထိုင်ပြီး ရေးခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကိုလည်း သွားပြီး သတိရလိုက်မိပါသေးတယ်။
အောင်ဒင်ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ပြန်လည် ငြင်းခုန် ဆွေနွေးစရာကိစ္စများ မရှိမဟုတ်၊ ရှိတော့ ရှိပါတယ်။ ဥပမာ ဝန်ကြီးချုပ်ဟောင်း ဦးနုက စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာတာကို အဲဒီအချိန်က လူတွေ နိုင်ငံရေး သမားတွေနဲ့ ကျောင်းသားတွေက ဘာ့ကြောင့် မထောက်ခံခဲ့ကြတာလဲ ဆိုတဲ့ အချက် (စာ- ၂၁၃) နဲ့၊ ဒေါက်တာ မောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြလို့ ငြိမ်းချမ်းစွာ အပြောင်းအလဲ ဖြစ်ရေး အခွင့်အရေး တခုကို လက်လွှတ် ခဲ့ရပြန်တယ် ဆိုတဲ့ အချက် (စာ- ၃၉၄) များကတော့ ပြန်လည်ဆွေးနွေး ငြင်းခုန်ရမယ့် အချက်များ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေက ‘နွေတညမှ အစပြု၍’ စာအုပ်မှာ အဓိက မကျပါဘူး။ အဓိက ကျတဲ့ အချက်က အဲဒီခေတ်ကာလ ကြီး တနံတလျား အတွင်း ကျောင်းသားတွေရဲ့ စွန့်စား စွန့်လွှတ် ပေးဆပ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေး သမိုင်းကြီးကို မီးမောင်း ထိုးပြလိုက်နိုင်တဲ့ အချက်သာ အဓိက ဖြစ်ပါတယ်။
(ဂ)
တပိုင်းတစ ကိုယ်ရေး အထုပ္ပတ္တိ ဆန်ဆန် ရေးတဲ့ စာအုပ်တွေ မကြာခဏ ဖတ်ကြရပါတယ်။ ဒီအထဲမှာမှ ဗိုလ်ချုပ် စိုးဝင်းရဲ့ စာအုပ်မျိုး၊ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ စာအုပ်မျိုးတွေကို လေ့လာဖတ်သင့်ပါတယ်။ သူတို့ အထုပ္ပတ္တိ စာအုပ်တွေထဲက ယူသင့်တာယူပြီး ပယ်သင့်တာ ပယ်ကြရမှာတွေလည်း မလွဲမသွေ တွေ့ရမှာပါပဲ။
ဒီနေရာမှာ ဖြည့်စွက်ပြီးပြောရမယ်ဆိုရင် ‘အောင်ဒင် ’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကိုလည်း လက်ရှိ တိုင်းပြည် အုပ်ချုပ်ခွင့်ရပြီး ပြဿနာများနဲ့ နပမ်းလုံးနေကြရသူများ အားလုံးကို ဖတ်စေချင်ပါတယ်။ ပညာရေး လွတ်လပ်ခွင့် တောင်းဆိုနေ ကြရတဲ့၊ ကြမ်းတမ်းခက်ထန်လှတဲ့ ဘဝတွေ ဖြတ်သန်းကျော်လွှားနေကြရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသား မိဘများသည်လည်း ဖတ်စေချင်ပါတယ်။ အခုတလော ကျောင်းသား လှုပ်ရှားမှုတွေ အပေါ် အပြစ်မြင်လို့ ပဲ ဖြစ်ဖြစ် အကောင်းမြင်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်သူမဆို ထင်မြင်ချက် အမျိုးမျိုး ပြောဆိုနေကြသူ အားလုံးလည်းပဲ မပျက်မကွက် ဖတ်စေချင်ပါတယ်။
ကဗျာဆရာ ‘မောင်အောင်ပွင့်’ ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာခေါင်းစဉ် လိုပါပဲ။ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကို ဖတ်ရှုပြီးတဲ့နောက် ကျနော်တို့ရဲ့ ဟောဒီ မျက်မှောက်ခေတ် တခေတ်ကို ‘ငါးရိုးနင်နေတဲ့ ခေတ်ကြီး တခေတ်’ သာ ဖြစ်တယ် လို့ပဲ အမည်တပ်ပြီး ကြေကွဲလိုက်ပါရစေ။ ။