Lifestyle

စာဖတ်ခြင်း အလေ့အထ ပိုမိုပျံ့နှံ့စေရန် ရည်ရွယ်တဲ့ “Daung Reading Club”

ကိုဗစ်ကာလ အစကတည်းက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Live လွှင့်ကာ စာဖတ်ပြနေတဲ့ သရုပ်ဆောင် ဒေါင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့) က “Daung Reading Club” ဆိုတဲ့ Group တခုကို စတင် တည်ထောင်လိုက်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အနေနဲ့ ကျနော် ဂရုလေးတခုကို တည်ထောင်ထားပါတယ်။ ကျနော် အရင်က ပြောသလိုပဲ ကျနော် စာဖတ်တဲ့ အသံတွေကို ကြိုက်တဲ့နေရာတွေမှာ အသုံးပြုလို့ ရပါတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုနေ့တိုင်း ကျနော် ဖတ်ပြနေတယ်ဆိုတာကလည်း အမြင်အာရုံ ချို့ယွင်းတဲ့သူတွေ၊ စာဖတ်ဖို့ အဆင်မပြေတဲ့သူတွေ၊ စာဖတ်တာထက် နားထောင်ချင်တဲ့သူတွေ၊ ပြီးတော့ ကျနော့်ပရိသတ်တွေ အားလုံးပေါ့။ အားလုံးကို ရည်ရွယ်ပြီးတော့မှ ဒီစာတွေကို ဖတ်ပြနေခြင်းပါ” လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

“Daung Reading Club” ကို စာဖတ်ရန် အခက်အခဲရှိတဲ့ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ အချိန်မပေးနိုင်သူများ၊ စာအုပ်များ လက်လှမ်းမမှီတဲ့ နိုင်ငံရပ်ခြားရောက်ရှိနေသူများ အလွယ်တကူ ‌Audiobook များ နားဆင်နိုင်ရန်နှင့် သရုပ်ဆောင် ဒေါင်းမှ Live ဖြင့် စာဖတ်ပြခြင်းများကို နားထောင်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

ဒါ့အပြင် Audiobook များကို စာဖတ်ပြသူများ၊ နားထောင်သူများ မိတ်ဆွေအချင်းချင်း မျှဝေရာမှတဆင့် လူငယ်များအကြားတွင်လည်း စာဖတ်ခြင်း အလေ့အထ ပိုမိုပျံ့နှံ့စေရန်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

အဆိုပါ Group ထဲမှာတော့ သူကိုယ်တိုင်ဖတ်ပြထားတဲ့ အသံများလည်း ပါဝင်မှာဖြစ်သလို တခြားသော စာဖတ် ဝါသနာပါတဲ့သူတွေအနေနဲ့လည်း ပါဝင်နိုင်ပြီး Admin များမှတဆင့် ပြန်လည် ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

“Daung Reading Group မှာ အသံဖိုင်တွေပေါ့။ ကျနော်လည်း ပါမယ်။ ပြီးတော့ ကျနော့် ပရိသတ်တွေရဲ့ အသံတွေလည်း ပါမယ်။ အထူးသဖြင့်ကတော့ ဝတ္ထုတွေ၊ ဝတ္ထုတိုတွေ၊ ရသစာပေတွေ၊ အက်ဆေးတွေ၊ ပြီးတော့ပုံပြင်တွေ အများကြီးပေါ့။ အက်ဒမင်တွေလည်း အများကြီးပါပဲ။ Moderator တွေလည်း အများကြီးပါပါမယ်။ သူငယ်ချင်းတွေ အားလုံးလည်း အသံလှူချင်ရင် ဖတ်ပြလို့ရပါတယ်”

“ဒါပေမဲ့ တခုတော့ ရှိပါတယ်။ ဖတ်ပြတဲ့ အသံဖိုင်တိုင်းကိုတော့ လှူမှာမဟုတ်ပါဘူး။ ကျနော်တို့ ဂရုစည်းကမ်းလေးတွေ ရှိပါတယ်။ သတ်မှတ်ထားတဲ့အသံတွေ သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ့်အရာတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် နားထောင်လို့ရပါတယ်” လို့ ဆိုပါတယ်။

Daung Reading Club မှာ ဖတ်ပြတဲ့ စာအုပ်များအတွက် သက်ဆိုင်ရာ စာရေးဆရာ၊ ဆရာမကြီးများရဲ့ ခွင့်ပြုချက်များကို လက်လှမ်းမှီသလောက် တောင်းခံသွားမှာဖြစ်ပြီး လက်လှမ်း မမှီတဲ့ ဆရာ/ဆရာမများကိုလည်း ခွင့်လွှတ် နားလည်ပေးပါရန် တောင်းဆိုထားပါတယ်။

Daung Reading Club မှာ ဖတ်ပြတဲ့ စာဖတ်သူများဟာ အနုပညာရှင် ဒေါင်းကို အားပေးတဲ့ ပရိသတ်များ (Peachicks) များမှ စေတနာအလျောက် ဖတ်ပြခြင်း ဖြစ်တဲ့အတွက် စာဖတ်ရာတွင် အမှားအယွင်းများ ရှိခဲ့ပါက ခွင့်လွှတ်ပေးပါရန်လည်း ပြောထားပါတယ်။

You may also like these stories:

ကိုဗစ်ကာလမှာ Facebook ကနေ စာဖတ်ပြတဲ့ ဒေါင်း

အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း

စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့တဲ့ သရုပ်ဆောင် ဒေါင်း

Loading