ရခိုင်ပြည်နယ် စစ်တွေရေတပ်စခန်းမှ ဗိုလ်ကြီးတဦးနှင့် စစ်သားတဦးကို ရခိုင်တပ်တော်(AA)က ဖမ်းသွားပြီးနောက် ယနေ့ စစ်ကောင်စီတပ်များသည် မြို့လယ် လမ်းဆုံလမ်းခွများနှင့် ရပ်ကွက်များသို့ ဝင် စစ်ဆေးကာ လူငယ်တချို့ကို ဖမ်းသည့်အအတွက် စာသင်ကျောင်းများနှင့် မြို့မဈေးကြီးပါ ပိတ်ထားရကြောင်းသိရသည်။
မင်းဂံရပ်ကွက်နေသူတဦးက “မနေ့က ညနေပိုင်းကတည်းက စစ်တွေမှာ အစစ်အဆေးတော်တော်များနေတဲ့အတွက် လူတွေက အိမ်ပြင်မထွက်ရဲကြတော့ဘူး။ လောလောဆယ် သတင်းကြားတာက ကျနော်တို့မင်းဂံရပ်ကွက်က လူ ၇ ဦး ကုန်တန်းက ကွမ်းယာထွက်ဝယ်တဲ့ လူငယ် ၂ ဦးတို့ အဖမ်းခံရတယ်လို့ ကြားတယ်။ မြို့မှာလည်း သတင်းအမျိုးမျိုး ထွက်နေတော့ ဒီနေ့မနက်ပိုင်းကလည်းက ကျောင်းသားတွေလည်း ကျောင်းမသွားကြဘူး။ တချို့ဆိုကျောင်းတွေဆို ဆရာမတွေက ခဏဖွင့်ပြီး ကျောင်းဆင်းပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
လက်ရှိ စစ်တွေမြို့ လမ်းပေါ်တွင် လူသွားလူလာ နည်းပါးနေသလို စစ်တွေဆိပ်ကမ်းမှ မြို့နယ်အသီးသီးသို့ ပြေးဆွဲ သည့် အမြန်ရေယာဉ်များကိုလည်း စစ်ကောင်စီက ပိတ်လ်ိုက်သဖြင့် ခရီးသွားလာမှု ရပ်တန့်သွားကြောင်းသိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ထိတွေ့တိုက်ပွဲများ မဖြစ်သော်လည်း စစ်ရေး တင်းမာမှုမြင့်လာကာ အပြန်အလှန် လူဖမ်းပွဲများ လုပ်နေသည့်အတွက် ဒေသခံလူထုအကြား စိုးရိမ်သောက ဖြစ်ပွား လျှက်ရှိသည်။
ကျောက်တော်မြို့ပေါ်တွင်လည်း ဇွန်လ ၂၀ ရက်နေ့ ညနေပ်ိုင်းက အရက်ထွက်သောက် သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းသွားသလို နောက်တနေ့ မနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့့ကိုဝိုင်းကာ ကျောက်တော် မြို့ခံ တက်ကြွ လှုပ်ရှားသူ လူထုဇော်ဝင်းကို ဖမ်းခဲ့သည်။
အလားတူ ဇွန် ၁၁ ရက်က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လည်း AA ဖမ်းဆီးခဲ့သလို ဇွန် ၁၆ ရက်တွင် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးကို AA က ဖမ်းဆီးရာ အရာရှိမှာ လွတ်မြောက်သွားသည်။
ထို့အတွက် စစ်ကောင်စီက ပုဏ္ဏားကျွန်းဒေသခံ အရပ်သား ၇ ဦး ပြန်ဖမ်းခဲ့သည်။
ဇွန် ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ် တိမ်ညိုစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ရဲတပ်သားမှာ လွတ်မြောက်သွားခဲ့ပြီး ရဲတပ်ကြပ်ကြီးမှာ အဖမ်းခံခဲ့ရသည်။
You may also like these stories:
စစ်တွေရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦး AA ဖမ်းဆီး
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား
ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ