ရခိုင်ပြည်နယ် စစ်တွေရှိ ဓညဝတီ ရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦးကို ယနေ့ ယနေနေ့လည်ပိုင်းက ရက္ခိုင့်တပ်တော် ( AA )က ဖမ်းသွားကြောင်း မြို့ခံများက ဆိုသည်။
အဆိုပါ ရေတပ်အရာရှိမှာ စခန်းအနီး ယူနီဖောင်းဝတ်ကာ လက်နက်အပြည့်အစုံဖြင့် သွားနေစဉ် ဖမ်းခံရခြင်း ဖြစ် ကြောင်း သိရသည်။
“ရေတပ်က ဗိုလ်ကြီးတဦး အဖမ်းခံရတယ်ပြောတယ်။ စစ်သားတွေကလည်း အခုမြို့ထဲမှာ ကားတွေပတ်ပြီး လမ်းသွား လမ်းလာတွေကို စစ်နေတယ်။ အဲဒီ စစ်တွေကမ်းခြေနားက တချို့ဆိုင်တွေဆိုရင် ဒီနေ့နေ့လည်ကတည်းက ပိတ်ထား တာတွေတယ်။ မြို့မှာတော့ တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်” ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။
ရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦး ဖမ်းခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုနှင့်အတူ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေဈေးကြီး၊ မင်းဂံရပ်ကွက်၊ ရေတပ်စခန်းအနီးရှိ စံပြရပ်ကွက်များထဲသို့ အင်အား အလုံးအရင်း ဖြင့် ဝင်လာကာ စစ်ဆေးနေသလို မြို့ခံတချို့ကိုလည်း ဖမ်းထားကြောင်း သိရသည်။
ဇွန်လ ၂၁ နေ့ ညနေပိုင်းကလည်း မြောက်ဦးမြို့ပေါ်၌ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကို ရက္ခိုင့်တပ်တော် ( AA ) က ဖမ်းခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားများ မြို့လယ် ၊ လမ်းဆုံ ၊ လမ်းခွများတွင် တင်းကြပ်စွာ စစ်ဆေး မှုများပြုလုပ်နေရာ မြို့ခံများကို လိုက်ဖမ်းနေသည့်အတွက် စာသင် ကျောင်း များ နှင့် မြို့မဈေးကြီးများမှာလည်း ပိတ်ထားရကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ထိတွေ့တိုက်ပွဲများ မဖြစ်သော်လည်း တင်းမာ မှုမြင့်လာကာ အပြန်အလှန် လူဖမ်းပွဲလုပ်နေသည့်အတွက် ဒေသခံလူထုအကြား စိုးရိမ်နေကြသည်။
ကျောက်တော်မြို့ပေါ်တွင်လည်း ဇွန်လ ၂၀ ရက်နေ့ ညနေပ်ိုင်းက အရက်ထွက်သောက်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းသွားသည့်အတွက် နောက်တနေ့ မနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့့ပတ်ပတ်လည် ကို ဝိုင်းကာ တအိမ်တက်ဆင်းရှာဖွေ၍ ကျောက်တော်မြို့ခံ တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းအား ဖမ်းဆီးသွားသည်။
လူထုဇော်ဝင်းအား မည်သည့်အတွက်ကြောင်းဖမ်းဆီးသည် မည်သည့်နေရာတွင် စစ်ဆေးနေသည်ကို လက်ရှိ အချိန် အထိ မသိရသေးဘဲ မိသားစုဝင်များ စုံစမ်းမရ ဖြစ်နေသည်။
ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး တွင်တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို AA ဖမ်းခဲ့သလို အလားတူ ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်း မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးကို AA ဖမ်းဆီးခဲ့ရာ တပ်သား အဆင့်ဖြစ်သူမျာ ၁ ဦး ဖမ်းခံရပြီး အရာရှိမှ လွတ်မြောက်သွားခဲ့ကြောင်းလည်း သိ ရသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်များကို သေနတ်ပစ်ခတ် ကာ ပုဏ္ဏားကျွန်းဒေသခံ အရပ်သား ၇ ဦးကိုလည်း ဖမ်းခဲ့ပြီး လက်ရှိ အချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ကို မသိရှိရဘဲ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေကြောင်း လည်းသိရသည်။
ယင်းအပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် တိမ်ညိုစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ် ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ရဲတပ်သားမှာ လွတ်သွားခဲ့ပြီး ရဲတပ်ကြပ်ကြီးမှာ ဖမ်းခံရကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် ( AA ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ၎င်းတို့၏ ULA / AA တပ်ဖွဲ့ဝင်များနှင့် တရားရေး ဌာနတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ညအချိန် ဝင်ရောက်ဖမ်း နေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်း ပွဲ တွင် ပြောကြားခဲ့သည်။
စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသော ULA / AAတပ်ဖွဲ့ဝင်များကို ပြန် လွတ်ပေးမည်ဆိုပါ ဖမ်းဆီး ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချက်ချင်း ပြန်လွတ်ပေးမည် ဖြစ်ကြောင်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထား သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား စစ်ရေး တင်းမာမှုဖြစ်ပေါ်လျှက်ရှိပြီး ထိုသို့ အပြန်အလှန်ဖမ်းဆီးနေသည်အတွက် စစ်ရေး တင်း မာမှုမှာ တနေ့ထက် တနေ့ မြင့်တက်လျှက်ရှိနေသည်။
You may also like these stories :
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား
ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ
ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော