Coronavirus Update

အင်ဒိုနီးရှားမှာ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ မြစ်ကြောင်းတလျှောက် ပြည့်လျှံ

အင်ဒိုနီးရှားနိုင်ငံ Cisadane မြစ်ကြောင်းတလျှောက် နေထိုင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အပြင် ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ မြစ်ရေထဲ ပြည့်လျှံလာတဲ့ ပြဿနာကိုပါ ရင်ဆိုင်နေရပါတယ်။ အများအားဖြင့် ဆေးထိုးအပ်၊ နှာခေါင်းစည်း Mask နဲ့ PPE ဝတ်စုံအဟောင်းတွေ မြစ်ကြောင်းတလျှောက် မျောပါနေတာပါ။

အခုဆိုရင် ၁၃၈ ကီလိုမီတာရှည်လျားတဲ့ မြစ်ကြောင်းတလျှောက် ရေချိုး၊ အဝတ်လျှော် ဆင်းကြတဲ့ ဒေသခံတွေအတွက် အဆိုပါ ပြဿနာဟာ အရှေ့တောင်အာရှမှာ သေဆုံးမှု အမြင့်ဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ COVID-19 ကူးစက်မှုနဲ့ပါဆိုရင် အသက်အန္တရာယ် ခြိမ်းခြောက်မှု ၂ ခုဆက်တိုက် ခံစားနေရတာပါ။

အင်ဒိုနီးရှားနိုင်ငံရဲ့ ရောဂါကူးစက်မှုက လွန်ခဲ့တဲ့တပတ်အတွင်းမှာကို နေ့စဉ် အယောက် ၃,၀၀၀ ကျော်လောက် ကူးစက်ခံနေရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုလိုပဲ ဆေးဘက်သုံ းစွန့်ပစ်ပစ္စည်းတွေဟာ မြို့တော် ဂျာကာတာနဲ့ ထိစပ်နေတဲ့ တန်ဂျရန်မြို့၊ Cipeucang အမှိုက်ပုံကြီးမှာ တောင်ပုံရာပုံ ဖြစ်နေပါပြီ။ မေလက ဒီအမှိုက်ပုံကြီး ပြိုကျခဲ့တာကြောင့် Cisadane မြစ်ထဲ အမှိုက်တန်နဲ့ချီ မျောပါသွားခဲ့ရပါတယ်။

“ကျမ တကယ့်ကို စိုးရိမ်ပူပန်မိပါတယ်။ ဒါပေမဲ့လည်း ဒီမြစ်ကမ်းဘေးမှာ အဝတ်လာလျှော်ရဦးမှာပဲလေ” လို့ အသက် ၃၆ နှစ်အရွယ်၊ ဒေသခံ အမျိုးသမီး Eka Purwanti က ဆိုပါတယ်။ သူ အဝတ်လျှော်နေတဲ့အချိန် ကလေးတွေက မြစ်ကမ်းဘေးမှာ ဆော့နေကြတာပါ။ “ဒီဗိုင်းရပ်စ်က ကြောက်စရာကောင်းတယ်ဆိုတာသိပေမယ့် ဘာမှ မဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပဲ ကိုဗစ်ကာလ ဆိုးကျိုးအနေနဲ့ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ စုပြုံလာတဲ့ဒဏ်ကို ခံနေရပါတယ်။ ထိုင်း၊ အိန္ဒိယနဲ့ စပိန်မှာလည်း စွန့်ပစ်ပစ္စည်းတွေ များလာတာကြောင့် နေရာအခက်အခဲတွေ ဖြစ်လာနေပါပြီ။

အင်ဒိုနီးရှား ကျန်းမာရေးဌာနက အဆိုပါကိစ္စကို အလေးပေးစဉ်းစားနေပြီး COVID-19 ကာလ မတ်လကနေ ဇွန်လအတွင်း ဆေးဘက်သုံး စွန့်ပစ္စည်းတန်ချိန် ၁,၄၈၀ လောက် စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စွန့်ပစ်ပစ္စည်း များလာတဲ့ ပြဿနာကိုလည်း အဖြေရှာသွားဖို့ ရှိပါတယ်။

ဆေးဘက်သုံး စွန့်ပစ်ပစ္စည်း များလာတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေက အထူး စိုးရိမ်နေကြပါတယ်။ ဒါဟာ ရောဂါကူးစက် ပျံ့နှံ့သွားနိုင်ပြီး မြစ်ကမ်းဘေးတလျှောက် နေသူတွေမှာလည်း ကူးစက်မှု အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

“ကလေးတွေ မြစ်ထဲမှာ ရေကူးရင်း COVID-19 ရောဂါ ကူးစက်သွားမှာ အရမ်းစိုးရိမ်မိပါတယ်။ ဒါကြောင့် ကလေးတွေကို ဘယ်တော့မှ ရေဆင်းမကူးခိုင်းဘူး” လို့ Cisadane မြစ်ကမ်းဘေးနေသူ Astri Dewiyani က ဆိုပါတယ်။

Ref: Bangkok Post

You may also like these stories:

အင်ဒိုနီးရှား ဘာသာရေးကျောင်းတကျောင်းမှာ ကျောင်းသား ၆၀၀ ကျော် ကိုဗစ် ကူးစက်ခံရ

နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်

Loading