အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်လည်း ဖိလစ်ပိုင်ပြီးရင် COVID-19 ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတလွှား စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ပြီးတဲ့နောက် အစ္စလာမ် စာသင်ကျောင်း တကျောင်းက ကျောင်းသား ၆၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အရှေ့ဂျာဗားပြည်နယ်မှာရှိတဲ့ Darussalam Blokagung ဘော်ဒါဆောင်က ကျောင်းသားပေါင်း ၆၀၀၀ ကို Quarantine ၁၄ ရက် ဝင်ခိုင်းပြီးတဲ့နောက် ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ကျောင်းသား ၆၆၄ ယောက် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။
ကူးစက်ခံထားရတဲ့ ကျောင်းသား အများစုဟာ ရောဂါလက္ခဏာ မပြကြသူတွေ ဖြစ်ကြပြီး ပျော့ပြောင်းတဲ့ ဝေဒနာလောက်သာ ခံစားနေကြရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသားတွေမှာ ရောဂါကူးစက်မှု ဖြစ်လာပြီးနောက်ပိုင်းမှာတော့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အဆိုပါ ကျောင်းဝင်ခွင့်လျှောက်ထားမှုကို ရပ်ဆိုင်းခဲ့ရပါ တယ်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Benget Saragih ကလည်း လတ်တလော အခြေအနေအရ လူစုလူဝေးနဲ့ ဆုတောင်းတာမျိုး ခွင့်ပြုမှာ မဟုတ်သလို ကျောင်းသားတွေ အားလုံးလည်း ကိုယ့်အခန်းမှာသာ နေထိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကူးစက်မှု ၁၀ ဆ မြန်တဲ့ ကိုဗစ် သန္ဓေပြောင်းဗိုင်းရပ်စ်ကို ရင်ဆိုင်နေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံနည်းတူ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့လည်း ကိုဗစ်သန္ဓေပြောင်းဗိုင်းရပ်စ်နဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ကိုဗစ် ကူးစက်သူ အရေအတွက် တဟုန်တိုး များပြားလာတာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်ဆလင်အများဆုံး နိုင်ငံဖြစ်သလို ဘာသာရေးဆိုင်ရာ ဘော်ဒါကျောင်းတွေကလည်း ထောင်ပေါင်းများစွာ ရှိပါတယ်။ သြဂုတ်လလယ်လောက်ကစပြီး ဘော်ဒါကျောင်းတွေမှာနေထိုင်တဲ့ ကျောင်းသားတွေ နေထိုင်မကောင်းဖြစ်လာပြီးတဲ့နောက် စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အင်ဒိုနီးရှား စစ်တက္ကသိုလ်တခုမှာ လူပေါင်း ၁၃၀၀ ရောဂါကူးစက်ခံခဲ့ရပါတယ်။
Ref: CNA
You may also like these stories:
လူ ၆ ဦးသေဆုံးသော အင်ဒိုနီးရှားရွေးကောက်ပွဲ အဓိကရုဏ်းကို ထိန်းချုပ်နိုင်ပြီဟု ဆို
ကိုဗစ်ကြောင့် နယူးယောက်မှာ စက်တင်ဘာ ၁၁ အထိမ်းအမှတ်ပွဲကို ဖျက်သိမ်း
ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ရုရှားနိုင်ငံကို ဖိလစ်ပိုင်သမ္မတ ကမ်းလှမ်း