ဆောင်းပါး

အာရှပါလက်စတိုင်းများဖြစ်လာသော ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည်များ

Want create site? Find Free WordPress Themes and plugins.

သိန်းနှင့်ချီသော ရိုဟင်ဂျာ ခေါ် ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင် ဒုက္ခသည်များ မြန်မာနိုင်ငံ အနောက်ဖက်နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည့် ပုံရိပ်များက ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး သုံးနှစ်ကြာပြီးနောက် ၎င်းတို့ကို နိုင်ငံသို့ ပြန်လည်ပိုဆောင်မည်ဟူသည့် မျှော်မှန်းချက်များမှာ မှေးမှိန်လာသည်။

နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများနှင့်အတူ ရွေးကောက်ပွဲတွင် နိုင်လိုသော မည်သည့်ပါတီကမျှ ( ရွေးကောက်ပွဲအပြီး အာဏာဆက်လက်ရလိုသော မည်သည့်အစိုးရကမျှ) မြန်မာနိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုခံလိုသော တသန်းကျော်ရှိသည့် မွတ်ဆလင် ဒုက္ခသည်များကို ပြန်လည်ခေါ်ရန် သဘောတူမည့် ပုံမရှိပေ။

နိုင်ငံတကာဖိအားက မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသလို ဖြစ်လာပြီး ၂၀၁၇ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရှုတ်ချရာတွင် ဦးဆောင်ခဲ့သော အနောက်အင်အားကြီးနိုင်ငံများသည်လည်း ၎င်းတို့၏ ဝေဖန်မှုသည် မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ပို၍ပို၍ နယ်ချဲ့ဆန်လာသော ခေါင်းဆောင်များ၏ လက်သို့ တွန်းပို့နေသည်ဟူသော ကောက်ချက်ကို ချလာနိုင်မည့် ပုံပေါ်လာသည်။

တရုတ်နှင့် ၎င်း၏မဟာမိတ်ရုရှားတို့သည် နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံကို ကာကွယ်ရန် ကတိပေးထားပြီး ၎င်းတို့သည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များအဖြစ် နေပြည်တော်ကို ဖိအာပေးရန် သို့မဟုတ် အရေးယူရန်လုပ်ဆောင်သည့် မည်သည့် အားထုတ်မှုကိုမဆို တချက်လွှတ်ပယ်ချနိုင်သော အာဏာရှိနေကြသည်။

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းကို အပေါ်မှမြင်ကွင်း/UNOCHA

ထိုဒုက္ခသည်များ လာရောက်ခဲ့ကြသည့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းဖြစ်ပေါ်လာပြီးနောက် နယ်စပ်ကို ကြိုတင်မြင်နိုင်သည့် အနာဂတ်အတွင်း ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

လတ်တလောကူးစက်မှုများကြောင့် ရခိုင်ပြည်နယ်တခုလုံးအား Semi-Lockdown အနေဖြင့် Stay at Home အစီအစဉ် သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်သို့ ဝင်/ထွက်မှုများအား စိစစ်လျှက်ရှိသည်။

မွတ်ဆလင်ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာခွင့်မပြုပါက အခြေအနေသည် လက်ဘနွန်နှင့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများမှ ပါလက်စတိုင်းများနှင့် ပိုမိုတူညီလာသည်။ ထိုနိုင်ငံများရှိ ထာဝရ ဒုက္ခသည်ဖြစ်မည့် ဒုက္ခသည်များသည် အိမ်ကြီးပေါ် အိမ်ငယ်ဆောက်ကာ ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးများနှင့် အစီအစဉ်များကို ချမှတ်ထားကြသည်။

မျှော်လင့်ချက်ကင်းမဲနေသော ဒုက္ခသည်များကို အစွန်းရောက်သမားများက ၎င်းတို့အဖွဲ့အစည်းအတွင်းတွင်ဖြစ်စေ အခြားလှုံ့ဆော်သူများအကြားတွင် ဖြစ်စေ အစွန်းရောက်လာစေရေး လုပ်နေသည့်လက္ခဏာများကိုလည်း တွေ့နေရသည်။

အာရှပါလက်စတိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ကမ်းခြေတွင် ပေါ်ပေါက်လာနေသည်ဟူသော နားလည်မှုကို ဒါကာအစိုးရက ယခုအခါ နားလည်လာသည်။ လွန်ခဲ့သော နှစ်ဇွန်လက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှီအိုက် ဟက်စီနာ ဝါဇက်က ရိုဟင်ဂျာများသည် မိမိတို့၏ စခန်းများတွင် ဆက်ရှိနေပါက  “မိမိတို့၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိခိုက်မည်” ဟု ပြောခဲ့သည်။

အစွန်းရောက်သွားသော ဒုက္ခသည်များသည် ဒေသခံ အစွန်းရောက်များနှင့် မဟာမိတ်ဖွဲ့ပြီး တနိုင်ငံလုံးသို့ လုံခြုံရေး အန္တရာယ်များ ပျံ့နှံ့သွားမည်ဟူသည့် ပူပန်မှုဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြသည်။ နောက်နှစ်တွင် ဒုက္ခသည်များပြန်လာရေးအတွက် သင့်တော်သည့် အခြေအနေများကို ဖန်တီးရန် အားထုတ်မှုအဖြစ် ကုလသမဂ္ဂလည်းပါဝင်ပတ်သတ်လာသည်။ သို့သော် လူလက်တဆုပ်စာကိုသာ ထိုစဉ်က ဒေသတွင်း အစီအစဉ်ဖြင့်သာ ပြန်ပို့နိုင်ခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်များပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ လွန်ခဲ့သောမေလမှ စတင်ပြီး တွေ့ဆုံခြင်း မရှိတော့ပေ။ စီစဉ်ထားသော အစည်းအဝေး အများအပြားကို မြန်မာနိုင်ငံဖက်က ရွှေ့ဆိုင်းခဲ့ပြီးနောက် ကိုဗစ်-၁၉ ကို အစည်းအဝေး မကျင်းပနိုင်ခြင်း၏ ဆင်ခြေအဖြစ်ပေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိတဦးကပြောကြောင်း ဒေးလီးစတား သတင်းစာက ကိုးကားဖေါ်ပြလာသည်။

ဒါကာသည် လူ ၆ သိန်းခန့်၏ စာရင်းများကို စုဆောင်းပြီး မြန်မာဖက်သို့ ပေးပို့ထားကြောင်း၊ သို့သော် မြန်မာက လူ ၃ သောင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုသာ အတည်ပြုပေးပြီး ၎င်းတို့၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ပယ်ချကြောင်းလည်း ထိုသတင်းစာက ဖေါ်ပြသည်။

ဒုက္ခသည်များ၏ စစ်မှန်သော ကိုယ်ရေး အချက်အလက်များသည် ထို ပြဿနာ၏ အဓိက အချက်ဖြစ်နေသည်။ ထိုကိစ္စတွင် တိုက်ရိုက်မဟုတ်သော အထောက်အထားများက ပြသနေသည့်အတိုင်း အစိုးရ၊ သြဇာကြီးမားလှသော တပ်မတော်နှင့် ပြည်သူလူထုအားလုံးတို့က ထိုဒုက္ခသည်များသည် အမှန်တကယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု ယုံကြည်ကြသည်။

မွတ်ဆလင် လူနည်းစုတခု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာစုနှစ်ချီရှိနေသည်ကို မြန်မာနိုင်ငံမှ မည်သူမျှ မငြင်းသော်လည်း “ရိုဟင်ဂျာ” ဟူသော အမည်နှင့်အတူ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲများက တင်ပြသည့် ဒုက္ခသည် အရေအတွက်သည် မေးခွန်းထုတ်ခံနေရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားဝင်ဖေါ်ပြသည့် စာရင်းများအရ မြန်မာနိုင်ငံနယ်စပ်အနီး စခန်း ၃၄ ခုတွင် ရိုဟင်ဂျာ ၈၆၀၃၆၅ ဦးရှိနေပြီး နိုင်ငံအရှေ့တောင်ပိုင်း မြို့များနှင့် ကျေးရွာနေသော ရိုဟင်ဂျာ နောက်ထပ် ၂၃၀၀၀၀ ရှိသည်ဟု ဒေးလီးစတားက ကိုးကားဖေါ်ပြသည်။

ထိုရိုဟင်ဂျာများ၏ ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ထိုသတင်းက ဖေါ်ပြသောကြောင့် အမျိုးသားများ မည်သည့်နေရာရောက်နေသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။  ထို့အပြင် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့တခုကလည်း မွတ်ဆလင် ၆ သိန်းသည် မြန်မာနိုင်ငံအတွင်းတွင် ရှိနေပြီး ဆိုးရွားလှသောအခြေအနေတွင် နေထိုင်ရကြောင်း စက်တင်ဘာလက ဖေါ်ပြသည်။

ထိုကိန်းဂဏန်းများသာ မှန်ကန်ပါက ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် ၃ ခုတွင်သာ အစဉ်အလာအားဖြင့်  စုစည်းနေသော လူနည်းစုဖြစ်သည့် မွတ်ဆလင် စုစုပေါင်း အရေအတွက်မှာ ၂ သန်းရှိပြီး အခြားအသိအမှတ်ပြု တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ချင်း၊ ပလောင်၊ ကရင်နီဟု ခေါ်သည့် ကယားတို့ထက်ပင် ပိုမိုများပြားနေသည်။

စနစ်တကျ လွတ်လပ်သော စုံစမ်းအတည်ပြုမှုမရှိလျှင် ထိုမျှများပြားသော ကိန်းဂဏန်းများသည် မြန်မာပြည်သူများအကြား သံသယနှင့် လူဝင်မှုကြီးကြပ်ရေးပြဿနာသာဖြစ်ပြီး လူမျိုးစု အခွင့်အရေးမဟုတ် ဆိုသည့်အချက် တရားဝင်ခြင်းကို မီးထိုးပေးသည်။

မည်သို့ဆိုစေ သို့မဟုတ် အမှန်တကယ် အရေအတွက် မည်မျှဖြစ်စေ လွန်စွာဆင်းရဲသော နိုင်ငံတခုဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် ၎င်းတဦးတည်း မထမ်းနိုင်သော ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရသည်။

ဒုက္ခသည် ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ဒေသခံသတင်းများက ဖော်ပြသည်/ UNICEF

ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံထားရခြင်း၏ ခန့်မှန်းခြေ ကုန်ကျစရိတ်သည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံရှိပြီး လူဦးရေ မြင့်တက်ခြင်း၊ ငွေဖောင်းပွမှုနှင့် နိုင်ငံခြားငွေကြေးထောက်ပံ့မှု လျှော့ကျမှုတို့က ကုန်ကျစရိတ်ကို ပိုမိုများပြားလာစေမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သုတေသနလုပ်ငန်းတခုဖြစ်သော မူဝါဒဆွေးနွေးရေးဌာနက ဖေါ်ပြခဲ့သည်။

ရိုဟင်ဂျာများအတွက် စခန်းများ တည်ဆောက်ရန်နှင့် အခြားလိုအပ်ချက်များအတွက် မြေဟက်တာ ၂၈၀၀ ခန့်ကလည်း သစ်တောပြုန်းတီးစေကြောင်း ထိုလေ့လာမှုက ဖေါ်ပြသည်။

အခြားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် Coast Trust ၏အဆိုအရ နိုင်ငံခြားမှ အကူအညီပေးရေး လုပ်သားများ အလုံးအရင်းနှင့် ဝင်ရောက်လာသောကြောင့် ထိုဒေသတွင် အိမ်ငှားခများ မြင့်တက်ပြီး ဒုက္ခသည်အများအပြားကလည်း ဒေသခံလုပ်သားများထက် ပိုမိုနည်းပါးသော လုပ်အားခဖြင့် အလုပ်လုပ်ရန် အသင့်ရှိသောကြောင့် လုပ်အားခများလျှော့ကျလာကြောင်း သိရသည်။

ထိုသို့သော ပြဿနာများကြောင့် ဒေသခံများနှင့် ဒုက္ခသည်များအကြား တင်းမာမှု မြင့်မားစေသည်ဟု ထို အစိုးရမဟုတ်သော အဖွဲ့အစည်း၏ ဒါရိုက်တာက ပြောကြောင်းနှင့် ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံ ကိရိယာမရှိခြင်းကြောင့် မူးယစ်ဆေးမှောင်ခိုခြင်း၊ လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာကဲ့သို့သော ရာဇဝတ်မှုများကို တိုးစေကြောင်းလည်း ဒေးလီးစတားက ကိုးကားသည်။

ပညာရေး၊ ဝင်ငွေနှင့် ပိုမိုကောင်းမွန်သော အိမ်ရာများကို ဖန်တီးမပေးပါက စခန်းများတွင် စစ်သွေးကြွမှုများ တိုးလာရန် များစွာဖြစ်နိုင်ကြောင်းလည်း သူပြောသည်ဟု ဖေါ်ပြသည်။

ဒုက္ခသည်များကို အစွန်းရောက်များဖြစ်အောင်ပြောင်းလဲခြင်း တစ္ဆေနှင့်ပတ်သက်ပြီး  ခန့်မှန်းချက်သာရှိပြီး ခိုင်မာသော သတင်းအချက်အလက်မရှိပေ။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က မကြာသေးမီက တင်ခဲ့သော ပို့စ်တခုတွင် ယူနီဖေါင်းဝတ်ပြောက်ကျားစစ်သားများ ချီတက်နေပြီး ကြွေးကြော်သံများ အော်ဟစ်သည်ကို ပြသထားသည်။ ထိုအဖွဲ့လုံခြုံရေးစခန်းအများအပြား တိုက်ခိုက်သောကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင်  မြန်မာ့တပ်မတော်က တုန့်ပြန်သောအားဖြင့် ပြင်းထန်သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုဗီဒီယိုအရဆိုပါက  ၎င်းတို့သည် သစ်သားဖြင့် ပုံစံတူ ပြုလုပ်ထားသည့်သေနတ်များကို ကိုင်ဆောင်ထားပုံရသည့် ဖရိုဖရဲအဖွဲ့သာဖြစ်ပြီး နိုင်ငံစုံ အကြမ်းဖက်ဂိုဏ်းများက ကောင်းစွာငွေကြေးထောက်ပံ့ထားသည့်အစီအစဉ်ဖြင့် သို့မဟုတ် မဟာမိတ်အနေဖြင့် ဖွဲ့စည်းထားသည့် ပုံစံမဟုတ်ပေ။

သို့သော် အခြေခံအားဖြင့် တရုတ်နိုင်ငံသြဇာကြီးမားလာခြင်းနှင့် အနောက်နိုင်ငံများက ယင်းကို ထိန်းချုပ်လိုသည့် ဆန္ဒ စသည့် ပထဝီနိုင်ငံရေးက လူသားချင်းစာနာမှုထက် ရှေ့တန်းရောက်လာလျှင် ထိုအခြေအနေသည် ပြောင်းလဲသွားနိုင်သည်။

သို့သော် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကြေကွဲစရာပေါ်ပေါက်လာသော ရှုပ်ထွေးလှသည့်အခြေအနေသည် ထိုအခြေအနေတွင် ပါဝင်မည့် ကမောက်ကမဖြစ်မှုနှင့် မလုံခြုံမှုများကြောင့် အာရှတွင် ဖြေရှင်းရန် ခက်ခဲသည့် ပါလက်စတိုင်းပုံစံ အခြေအနေကို ဖြစ်စေနိုင်သည်။

(Asia Times ပါ Bertil Lintner ၏ Rohingya refugees becoming Palestinians of Asia ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်မှာ ဒုက္ခသည်များ စားနပ်ရိက္ခာ ပိုခက်မည်ကို စိုးရိမ်ရ

ရခိုင်မှာ အင်တာနက် 4G ပြန်ဖွင့်ပေးပါ

ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading