COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်သည့် အသွားအလာ ကန့်သတ်ခြင်း (Quarantine)နှင့် လူနာ များအား ဆေးရုံဆင်းခွင့်ပေးခြင်းတို့တွင် သတ်မှတ်ထားသည့် အချက်များကို ပြောင်းလဲသွားရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
လက်ရှိအချိန်အထိ အသွားအလာ ကန့်သတ်မှုကို ၃ ပတ်ထားရှိရာမှ၂ ပတ်သို့ လျှော့ချပြောင်းလဲရန်နှင့် COVID-19 လူ နာများအား ပိုးမတွေ့ ၂ ကြိမ်ဖြစ်မှ ဆေးရုံဆင်းခွင့်ပြုထားသည့် အခြေအနေမှ Negative နှစ်ကြိမ် ဖြစ်စရာ မလိုတော့ဘဲ လူနာ၏ ရောဂါလက္ခဏာများ ပြန်လည် သက်သာလာသည့်အပေါ် မူတည်ပြီး ဆင်းခွင့်ပြုရန် ဗဟိုအဆင့်သို့ တင်ပြထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက“WHO ကနေ လမ်းညွှန်ချက်တွေ အသစ်ထွက်လာတဲ့ အခါမှာဆိုရင် အရင်တုန်းကလို Negative နှစ်ကြိမ် ဖြစ်စရာ မလိုဘဲနဲ့ သူ့ရဲ့ ရောဂါလက္ခဏာတွေ သက်သာလာတာပေါ် မူတည်ပြီးတော့ ဆေးရုံဆင်းတဲ့ သတ်မှတ် ချက်တွေ ပြုပြင်ပြောင်းလဲလာတယ်။ အဲဒါပေါ် မူတည်ပြီးတော့ ကျမတို့လည်း ပြုပြင်ပြောင်းလဲတာပေါ့။ အခုက အတိအကျ လုပ်နေတုန်းပါပဲ။ မကြာခင်တော့ ထွက်လာမှာပါ” ဟု ဆိုသည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ချမှတ်ထားသည့် ကာကွယ်ကုသထိန်းချုပ်သည့် လမ်းညွှန်ချက်များအတိုင်း မြန်မာ နိုင်ငံတွင်လည်း ကျင့်သုံးနေပြီး WHO ၏ လမ်းညွှန်ချက်အသစ်တွင် ပြောင်းလဲလာသည့် သတ်မှတ်ချက် အချို့အတိုင်း ပြောင်းလဲခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းက ဆက်လက်၍ “WHO ပြောတာတော့ ရောဂါလက္ခဏာ သက်သာလာလို့ ၃ ရက် ဆက်ထားပြီးတော့ ပေးဆင်းမယ် ပေါ့။ အဲဒီပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ အသင့်လျှော်ဆုံး ဖြစ်တဲ့ နည်းဗျူဟာကို ချမှတ်ပြီးတော့ ဆောင်ရွက်ဖို့အတွက် ဗဟိုအဆင့်ကို တင်ထားပါတယ်။ ကျလာပြီဆိုရင်တော့ အဲဒီအတိုင်း ဖြစ်မှာပေါ့” ဟု ပြောသည်။
အသွားအလာ ကန့်သတ်ထားရှိမှုတွင်လည်း ပိုးကူးစက်နိုင်သည့် ရက်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ သုတေ သနများကို အခြေခံကာ ယခုကဲ့သို့ ပြောင်းလဲမှု ပြုလုပ်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
“ရောဂါရဲ့ ပျိုးရက်ကလည်း ၇ ရက်ကနေ ၁၄ ရက် ဖြစ်တယ်။ ရောဂါ ကူးစက်နိုင်တဲ့ အခြေအနေကလည်း ၁၁ ရက် နောက် ပိုင်းဆိုရင် မကူးတော့ဘူးလို့ စင်ကာပူ လေ့လာမှုက ပြောတယ်။
ဂျာမနီလေ့လာမှုအရဆိုရင် ပိုးမွေးလို့ မရတော့ဘူး လို့ ပြောတယ်။ ပြီတဲ့ ရက်ပိုင်းက ထွက်ထားတဲ့ UK လေ့လာမှု တခုမှာ သုတေသန စာစောင် ၇၉ စောင် လေ့လာပြီးတော့ လုပ် ထားတာ ရှိတယ်။ အဲဒီမှာဆိုရင် ဘယ်သုတေသန စာစောင်က ၉ ရက်နောက်ပိုင်းမှာ ပိုးမွေးလို့ မရတော့ဘူးဆိုတာ ထွက် ထားတယ်။ ပိုးမွေးလို့ မရတော့ဘူးဆိုတာက ၉ ရက် နောက်ပိုင်းဆိုရင် ကူးစက်မှု မရှိတော့ဘူး ဆိုတဲ့ သဘောပေါ့” ဟု ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “အဲဒါတွေအပေါ် အခြေပြုပြီးတော့ နောက်ပိုင်းမှာ Quarantine ကိုလည်း ၃ ပတ်ကနေ ၂ ပတ် လျှော့ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးပါတယ်။ အခုကတော့ Proposal တင်ထားတာပေါ့။ ဗဟိုအဆင့်ကနေ ဆုံးဖြတ် ချက် ကျလာပြီဆိုရင် အဲဒီအတိုင်း ပြုပြင်ပြောင်းလဲမှာ ဖြစ်တယ်။ နိုင်ငံတကာမှာလည်း ၂ ပတ်ထားတယ်။ သူ့ရဲ့ ရောဂါကူး စက်မှု အရရော ရောဂါပျိုးရက် အရရော ၂ ပတ်ထားရင် လုံလောက်တယ် ဆိုတာလည်း ဒါအတွက် Proposal တင်ထား တယ်” ဟု ဆိုသည်။
လက်ရှိ ကူးစက်မှု အခြေအနေ၊ ကူးစက်ပျံ့နှံ့နေသည့် ဒေသအနေအထားများနှင့် ကိုက်ညီရန် အချိန်နှင့် တပြေးညီ လေ့ လာမှုများ ပြုလုပ်နေပြီး လိုအပ်ချက်များကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသလို ထပ်မံ လိုအပ်လာမည့် အချက်များကို လည်း ပြုပြင်ပြောင်းလဲသွားမည် ဖြစ်သော်လည်း COVID-19 ကာကွယ်ရေး၏ အခြေခံ အချက်များကို ပြည်သူများအနေ ဖြင့် လိုက်နာရန် လိုအပ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“လိုအပ်တဲ့ အချက်ပေါ်မှာ မူတည်ပြီး ပြုပြင်ပြောင်းလဲမှာပါ။ COVID-19 ကာကွယ်ရေးရဲ့ အခြေခံ သဘောတရားတွေက တော့ ပြောင်းလဲလို့ မရဘူး။ တဦးနဲ့ တဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို စက္ကန့်၂၀ ဆေးခြင်း၊ အပြင်ထွက်ရင် Mask တပ် ခြင်းတို့ ဒီအခြေခံ သဘောတရားတွေကို လိုက်နာရမယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၃ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁,၀၅၈ ဦးရှိသည့်အနက် ၆၈၄ ဦးသည် သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၃ ရက် ရက်ပိုင်းတွင်သာ ပိုးတွေ့ရှိလာသည့် အရေ အတွက် ဖြစ်သည်။
ထိုကဲ့သို့ ရက်ပိုင်းတွင်း ကူးစက်ပျံ့နှံ့မှုများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ ရခိုင်ပြည်နယ်တွင် ၄၅၄ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅၀ ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၃ ဦး၊ မွန်ပြည်နယ်တွင် ၁၇ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၉ ဦး၊ ရှမ်း ပြည်နယ်တွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် ၄ ဦး၊ နေပြည်တော်တွင် ၃ ဦး ချင်းပြည်နယ်တွင် ၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်၂ ဦး၊ မကွေးတိုင်း ဒေသကြီးတွင်၂ ဦး နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၁ ဦး တွေ့ရှိထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၆၄,၂၆၆ ရှိခဲ့ပြီး မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁,၀၅၈ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၆ ဦး၊ ပိုးတွေ့ပြီး ပြန်လည် သက်သာ လာသူ ၃၅၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ