မန္တလေးတိုင်းသို့ COVID- 19 ကူးစက်မှုများသော ဒေသများမှ လာသူများအား Quarantine ဝင်ရန် ကန့်သတ် လိုသော်လည်း တဖက်တွင် ဘတ်ဂျက် အခက်အခဲရှိလာပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်က ပြောသည်။
“Quarantine ဝင်တဲ့သူတွေကို တနေ့ ၃ ထောင်ဖိုးနဲ့ ကျွေးရတာ ကျနော်တို့မှာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာတယ်။ ဘာ လို့လဲဆိုတော့ ကုန်ကျစရိတ်က တလနဲ့တလ တဖြည်းဖြည်းချင်း တက်လာတာ။ ရန်ပုံငွေ မကျန်တော့ဘူး။ အဲဒါကို စိတ်ပူတယ်။ ဒါတောင် အလှူရှင်တွေလည်း လှူကြပါတယ်။ အဲဒီတော့ ကျနော်တို့မှာ လုပ်လည်းလုပ်ချင်တယ်။ စဉ်းစားရမယ့် အနေအထားမျိုး ဖြစ်နေတယ်” ဟု ယနေ့ တိုင်းလွှတ်တော်အပြီးတွင် မီဒီယာများအား ပြောကြားခဲ့ သည်။
မန္တလေးတိုင်းရှိ သတ်မှတ်ထားသော Facility Quarantine စင်တာများတွင် ၂၁ ရက် အသွားအလာ ခံယူသူများအား နေ့စဉ် စားစရိတ်အား တရက် ၃ ထောင်ကျပ်နှုန်းဖြင့် တိုင်းအစိုးရက ကိုဗစ်ရန်ပုံငွေနှင့် ထောက်ပံ့နေခြင်းဖြစ်သလို Quarantine ဝင်သူများသာမက စေတနာ့ဝန်ထမ်းများ၊ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သော သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများကိုလည်း လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မန္တလေးတိုင်းအတွင်း ရခိုင်ပြည်နယ်မှ လာရောက်သူများအား သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ် မှု ခံယူရန် တိုင်းအစိုးရအဖွဲ့က သြဂုတ်လ တတိယပတ်မှ ထုတ်ပြန်ထားသလို စက်တင်ဘာ ၁ ရက်က ရန်ကုန်တိုင်းရှိ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုများသည့် မြို့နယ် ၇ ခုအား Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ကြောင့် မန္တလေးတိုင်းသို့ ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းမှ လာရောက်သူများအား အသွားအလာ ကန့်သတ်မှု ပြုလုပ်ရန် အစီအစဉ် ရှိ၊မရှိ အပေါ် ဧရာဝတီ၏ မေးမြန်းချက်အား တိုင်းဝန်ကြီးချုပ်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့က ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီထံ တင်ပြသွားမည် ဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂ ရက် အထိ ရခိုင်ပြည်နယ်မှအပ အခြားဒေသများမှ မန္တလေးတိုင်းသို့ လာရောက်ပါက အသွားအလာ ကန့်သတ်မှု ခံယူရန် မလိုသေးကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်အထိ မန္တလေးတိုင်း၌ သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်မှု ခံယူနေသူ (Facility Quarantine) ဝင်နေသူ စုစုပေါင်း ၁၂၇၆ ဦး ရှိပြီး ကိုဗစ်ကာလအတွင်း သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ် မှု ၂၁ ရက် ခံယူပြီးသူ စုစုပေါင်း ၂၇၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က သိရသည်။
အောင်မြေသာစံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ကျော်ဦးက “ပိုးတွေ့လူနာ အရမ်းများတဲ့ နိုင်ငံ တွေမှာဆိုရင် လူတွေကို အခုလို ကွာရန်တင်း မဝင်ခိုင်းတော့ဘဲ ကိုယ့်အိမ်မှာပဲကိုယ်နေဖို့၊ ရောဂါ လက္ခဏာပြလာမှ သာ ဆေးရုံကို ဆက်သွယ်ဖို့ လုပ်တယ်။ ကျနော်တို့ဆီက ပြည်သူတွေက ကိုဗစ်နဲ့အတူ ဘယ်လိုကျန်းမာရေးအသိနဲ့ နေထိုင်ရမယ်ဆိုတာမျိုး စည်းရုံး အသိပညာပေးတာမျိုး ထပ်တိုး လုပ်သင့်တယ်။ ကိုဗစ်က ကိုယ့်ဆီမှာလည်း ကူးနိုင် သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကူးနိုင်တယ်ဆိုတဲ့ ကျန်းမာရေးအသိလေးနဲ့ ပေါ့ပေါ့လျော့လျော့ မနေ ကြဘူးဆိုရင် အစိုးရအနေနဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦး ထပ်မံ တွေ့ရှိထားပြီး ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှု ပြုလုပ် လျက်ရှိသော်လည်း ပိုးတွေ့လူနာ အရေအတွက်နည်းသဖြင့် မြို့ခံအများစုမှာ ကိုဗစ်ကြိုတင်ကာကွယ်ရေးနှင့် ပတ် သက်၍ အပြင်ထွက်ပါက Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်းစသည့် လိုက်နာမှု အားနည်းနေသည်ဟု ၎င်းက ဆို သည်။
ထို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ တိုင်းအစိုးရက မန္တလေးမြို့တွင်း၌ Mask မတပ်ဘဲ အပြင်ထွက်သူများ အား ဒဏ်ရိုက်၍ Mask ဝယ်ယူ တပ်စေခြင်း၊ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်သူများအား အရေးယူ ခြင်းတို့ကို ဆက်တိုက ်ဆောင်ရွက်သွားမည်ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ၂ ရက် နံနက် ၁၁ နာရီ သတင်းထုတ်ပြန်ချက် အရ မြန်မာ နိုင်ငံတွင် ကိုဗစ် ပိုးတွေ့လူနာ ၉၃၈ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ
ပိုးတွေ့ ရဲအရာရှိနှင့်အတူ သင်တန်းတက်သော ရဲ ၁၀၀ ကျော်အား ဆေးစစ်မှုပြုလုပ်