နီဟက် အဘူ ဂျဇာသည် သူ၏ နှစ်နှစ်အရွယ်သမီးငယ် ဖာတီမာကို ချော့မော့ရင်း သီချင်းဆိုနေသည်။ သို့သော် ဖြစ်ပျက်ခဲ့သည်များသည် လွန်စွာဆိုးရွားလှသောကြောင့် ထိုကလေးငယ်ကို မည်သည့်အရာက နှစ်သိမ့်မှု ပေးနိုင်မည်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။
“အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဗုံးပေါက်ကွဲသံတွေကြောင့် နိုးလာပြီး အုတ်ကျိုးအုတ်ပဲ့တွေကြားမှာ ပိတ်မိနေတာ တွေ့ရတယ်။ ဖာတီမာက ကျမရဲ့ပေါင်ပေါ် ရှိနေရာကနေ အပြင်ရောက်အောင် ထွက်နိုင်ခဲ့တယ်။ သူ့ကို ကူညီဖို့ ကျမ သွားတဲ့အခါ သူခြေထောက်နှစ်ဖက်လုံးက ကြေမွနေပြီ” ဟု BBC က ရိုက်ကူးထားသည့် ဂါဇာရှိ အလွတ်သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းကပြောသည်။
ဖာတီမာ၏ ခြေထောက်နှစ်ဖက်လုံးကို ဒူးအောက်မှ ဖြတ်တောက်ပစ်လိုက်ရသည်။
ဂါဇာတောင်ပိုင်းမှ ယူရိုပီယန်ဆေးရုံ၌ မိခင်ဖြစ်သူ၏ ပေါင်ပေါ်တွင်ထိုင်နေစဉ် ဖာတီမာ မျက်နှာတွင် မျက်ရည်စီးကြောင်းများ ရှိနေပြီး သူ၏ခြေထောက်များကို ပတ်တီးများဖြင့် စည်းထားကာ နာကျင်မှုကြောင့် ငိုကြွေးနေသည်။
နီဟက် နှင့် သူ၏ခင်ပွန်းသည် ကလေးတဦးရရန် ၁၄ နှစ်ကြာ ကြိုးစားခဲ့ရပြီးနောက် ဖာတီမာကို မွေးဖွားလာသည်။
“သူ အသက် ဆက်ရှင်နေသေးတာကိုပဲ ကျေးဇူးတင်နေရတယ်။ ဒါပေမယ့် သူဘာမှားလို့လဲ။ သူဘာတွေ အမှား လုပ်ခဲ့လို့လဲ။ တခြားကလေးတွေလိုပဲ ပုံမှန်ဘဝကို သူပိုင်ဆိုင်စေချင်တယ်” ဟု နီဟက်က ပြောသည်။
“အခုတော့ သူ့ကို အကိုက်အခဲပျောက်ဆေးတွေ ဆက်တိုက် တိုက်နေရတယ်။ ဆေးအာနိသင် ကုန်သွားရင် နောက်ထပ်တလုံး ဆက်တိုက်ရတယ်။ သူ့ဘဝက အကိုက်အခဲပျောက်ဆေးတွေနဲ့ လည်ပတ်နေရတယ်။ သူ့ကို တရက်ခြား ခွဲစိတ်ကုသနေရတယ်” ဟု ၎င်းကပြောသည်။
လူ ၁,၂၀၀ ကျော်သေဆုံးစေသည့် ဟားမတ်စ်၏ တိုက်ခိုက်မှုအတွက် လက်စားချေသည့်အနေဖြင့် ဂါဇာကို တလကြာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများ အကြီးအကျယ် သေဆုံးသည်။
“သူ အသက် ဆက်ရှင်နေသေးတာကိုပဲ ကျေးဇူးတင်နေရတယ်။ ဒါပေမယ့် သူဘာမှားလို့လဲ။ သူဘာတွေ အမှား လုပ်ခဲ့လို့လဲ။ တခြားကလေးတွေလိုပဲ ပုံမှန်ဘဝကို သူပိုင်ဆိုင်စေချင်တယ်” ဟု နီဟက်က ပြောသည်။
ကလေးငယ် ၄,၄၀၀ အပါအဝင် လူ အနည်းဆုံး ၁၀,၈၀၀ အသတ်ခံရသည်ဟု ဟားမတ်စ်က စီမံသည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ထိုအရေအတွက်၏ တိကျမှုကို အစ္စရေးက အငြင်းပွားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထိုကိန်းဂဏန်းများသည် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆသည်။
လူပေါင်း ၂၆,၀၀၀ ကျော် ဒဏ်ရာရပြီး အများစုသည် ဖာတီမာကဲ့သို့ပင် ဘဝကို ပြောင်းလဲသွားစေမည့် ဒဏ်ရာများ ရရှိကြသည်။
ဘေးမှ အခန်းတခုတွင် အသက် ၁၃ နှစ်အရွယ် အမီရာ အယ်လ် ဘာဒါဝီက လဲလျောင်းနေသည်။ သူသည် ထူးခြားသည့် အညိုဖျော့ရောင် မျက်လုံးနှင့် ဆံပင်အမည်းရောင် ရှိသူဖြစ်သည်။
“ကျမတို့ ဗုံးကြဲခံရတုန်းက ကျမ အိမ်ပျော်နေတာ။ အသက်တောင် မရှူနိုင်ဘဲ နိုးလာတယ်။ လူသံတွေ ကြားနေရတယ်။ ကျမ အပေါ်မှာရော ကျမအောက်မှာပါ အုတ်ကျိုးအုတ်ပဲ့တွေ ရှိနေတယ်” ဟု သူက ပြောသည်။
အမီရာသည် ကျောရိုးတွင် ပြင်းထန်သော ဒဏ်ရာရခဲ့ပြီး သူလမ်းပြန်လျှောက်နိုင်မည်၊ မလျှောက်နိုင်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။ ထိုတိုက်ခိုက်မှုတွင် မိခင်နှင့် မောင်နှမတော်သူ ဆွေမျိုးသားချင်း ခုနစ်ဦး သေဆုံးခဲ့သည်။
၎င်းတို့သည် အစ္စရေး စစ်တပ်မှ သတိပေးချက်ရပြီးနောက် အယ်လ်ဇေတောင်ရှိ နေအိမ်မှ ထွက်ပြေးလာပြီး ဂါဇာ တောင်ပိုင်းရှိ ရာဖာသို့ ပြောင်းရွှေ့နေထိုင်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သူ၏ဖခင် အီယက် အယ်လ် ဘာဒါဝီက ပြောသည်။
အစ္စရေးက ဂါဇာဒေသခံများ ၎င်းတို့လုံခြုံရေးအတွက် တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် ပြောထားသော်လည်း ဂါဇာ၏ ဗဟိုနှင့်တောင်ပိုင်း ဒေသများကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသည်။ ဟားမတ်စ်တို့ ရှိသည့်နေရာတိုင်းကို တိုက်ခိုက်မည်ဟု အစ္စရေးက ပြောသည်။
“ကျနော့်ကို ဆေးရုံကို သယ်လာကြပြီး ကျနော့်ဇနီးနဲ့ ကလေးတွေ တယောက်ပြီးတယောက် သေဆုံးကုန်တာကို ကျနော် သိနေရတယ်။ ကျနော်တို့က သူတို့ကို ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးထားတာ။ တချို့က အိမ်ထောင်ကျနေပြီ။ အခုတော့ သူတို့အားလုံးကို ဆုံးရှုံးကုန်ပြီ” ဟု အီယက်က ပြောသည်။
သူ၏ ၁၈ လအရွယ်သားနှင့် သမီး သုံးဦးအသက် မသေသောကြောင့် ကျေးဇူးတင်ကြောင်း ၎င်းကပြောသည်။
“ကျနော့်ကို ဆေးရုံကို သယ်လာကြပြီး ကျနော့်ဇနီးနဲ့ ကလေးတွေ တယောက်ပြီးတယောက် သေဆုံးကုန်တာကို ကျနော် သိနေရတယ်။ ကျနော်တို့က သူတို့ကို ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးထားတာ။ တချို့က အိမ်ထောင်ကျနေပြီ။ အခုတော့ သူတို့အားလုံးကို ဆုံးရှုံးကုန်ပြီ”
“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကျမ တောင်းဆိုပါတယ်” ဟု အမီရာက ပြောသည်။ “ကျမရဲ့ ဒဏ်ရာတွေ ကုသ ပျောက်ကင်းပြီး ပုံမှန်ဘဝကို ပြန်သွားချင်တယ်။ အိမ်ပြန်ချင်တယ်။ လုံခြုံမှုကို ပြန်လည် ခံစားချင်တယ်” ဟုလည်း ပြောသည်။
သို့သော် ပြန်စရာအိမ် မရှိတော့ပေ။ ဂါဇာတွင် မည်သည့်နေရမှ မလုံခြုံတော့ပေ။
ဆေးရုံများတွင် သေဆုံးသူ၊ ဒဏ်ရာရသူများနှင့် ပြည့်နေပြီး ၎င်းတို့အနက် အများအပြားသည် ကလေးငယ်များ ဖြစ်သည်။
အက်ဆက် အဘူ မာဇန်သည် အယ်လ်နူဆိုင်ရက်မှ ကမ်းခြေတွင် နေထိုင်သည်။ ၁၁ နှစ်အရွယ် ထိုကလေးငယ်သည် ရပ်ကွက်မှ ကလပ်တွင် ဘောလုံးကစားသူ ဖြစ်သည်။ အက်ဆက်သည် အစက နောက်ခံလူအဖြစ် ကစားခဲ့ပြီး နောက်ပိုင်းတွင်း ဂိုးသမားဖြစ်လာသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ချိန်တွင် သူနှင့် သူငယ်ချင်းများ ဘောလုံးကန်နေချိန်ဖြစ်ပြီး သူ့နေအိမ် ပျက်စီးကာ သူ့ဘဝလည်း ပြောင်းလဲခဲ့ရသည်ဟု အက်ဆက်က ပြောသည်။
သူ၏ ညာခြေထောက်ကို ဒူးအောက်မှ ဖြတ်လိုက်ရသည်။ ယခုတိုင် ပတ်တီးများ အကြီးအကျယ် စည်းထားရဆဲ ဖြစ်သည်။
“ကျနော့် အသက်က ၁၁ နှစ်ပဲ ရှိသေးတယ်။ ကျနော် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ကျနော် ဘာမှားလို့လဲ” ဟု အက်ဆက်က ပြောသည်။
သူသည် တန်းဝင်ဘောလုံးသမား ဖြစ်ချင်ခဲ့သော်လည်း ယခုအခါ ထိုအိပ်မက် ပြီးဆုံးသွားပြီ ဖြစ်သည်။
“ကျနော်က ဘောလုံး ကောင်းကောင်း ကစားနိုင်တယ်။ ကျနော့် နည်းပြကို မေးကြည့်လို့ရတယ်” ဟု သူက ပြောသည်။
သောကြာနေ့နံနက်တခုတွင် တဘက်အသင်းမှ ကစားသမားက ဘောလုံးအား ပြင်းထန်စွာကန်စဉ် ဖြစ်ရပ်တခုကို သူက ပြန်ပြောပြသည်။ “ကျနော် ခုန်လိုက်ပြီး အဲဒီဘောလုံးကို လာလမ်းအတိုင်း ပြန်သွားအောင် ကန်လိုက်နိုင်တယ်” ဟု အက်ဆက်က ပြောသည်။
သူ၏ မိသားစုက အက်ဆက် ဘောလုံးဝတ်စုံဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပြသသည်။ အပြာနုရောင် ဂျာဆီ၊ နက်ပြာရောင် ဘောင်းဘီတို၊ အစိမ်းနှင့်အနက်ရောင် ရှူးဖိနပ်များ ဝတ်ဆင်ထားသည်။
“ကျနော့် အားကစားဝတ်စုံက အိမ်က အုတ်ကျိုးအုတ်ပဲ့တွေအောက်မှာ ကျန်ခဲ့ပြီ။ ကျနော့် ခြေအိတ်၊ ကျနော့် ရှူးဘိနပ်၊ ကျနော့် ဘောလုံး အားလုံးဆုံးရှုံးသွားပြီ။ အားလုံး ပျက်စီးသွားပြီ” ဟု အက်ဆက်က ပြောသည်။
သူ့ကိုယခုအခါ စေတနာ့ဝန်ထမ်းများက ဆေးရုံအတွင်း ဘီးတပ်ကုလားထိုင်ဖြင့် သယ်ယူပေးနေရသည်။
ဆေးရုံဝန်းအတွင်းတွင် မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ယာယီတဲများဖြင့် ပြည့်နေသည်။
“ကျနော့် အားကစားဝတ်စုံက အိမ်က အုတ်ကျိုးအုတ်ပဲ့တွေအောက်မှာ ကျန်ခဲ့ပြီ။ ကျနော့် ခြေအိတ်၊ ကျနော့် ရှူးဘိနပ်၊ ကျနော့် ဘောလုံး အားလုံးဆုံးရှုံးသွားပြီ။ အားလုံး ပျက်စီးသွားပြီ” ဟု အက်ဆက်က ပြောသည်။
အက်ဆက်သည် စေတနာ့ဝန်ထမ်းများနှင့် နောက်ပြောင်နေတတ်သည်။ ရယ်မောခြင်းသည် ထိုနေရာနှင့် လိုက်လျောညီထွေ မရှိသော်လည်း ထိုနည်းလမ်းသည်သာ ဂါဇာဒေသခံ အများအပြားအတွက် အကြောက်တရားနှင့် ဝမ်းနည်းပူဆွေးမှုများကို ဖြတ်ကျော်ရသည့် နည်းလမ်းသာ ဖြစ်နေသည်။
သူသည် ရဲရင့်သော မျက်နှာထားထား ရှိသော်လည်း နောက်ကွယ်တွင် ကလေးငယ်တဦး၏ အနာဂတ်အတွက် စိုးရိမ်မှုများ ရှိနေကြောင်း သူ၏ မိခင်က ပြောသည်။
“သူ့ကျောင်းနေဘက်တွေက သူ့ကို ခြေပြတ်လို့ ခေါ်မလား၊ သူ့ကို လှောင်ပြောင်မလားလို့ သူ ကျမကို မေးတယ်” ဟု မိခင်ဖြစ်သူက ရှင်းပြသည်။
“ညဘက်တွေမှာ သူအရင်က ပြေးရင်း ဘောလုံးကန်ရင် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ကြည့်ပြီး သူငိုနေတတ်တယ်” ဟုလည်း မိခင်ဖြစ်သူက ပြောသည်။
(BBC ပါ Yogita Limaye ၏ ‘Her life is painkillers’ – The Gaza children ravaged by war ကို ဘာသာပြန်သည်။)
You may also like these stories:
ဂါဇာတွင် ၁၀ မိနစ်တိုင်း ကလေးတဦးနှုန်း သတ်ဖြတ်ခံနေရဟု WHO ပြော
ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း
အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ
သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ
အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး