လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များ ပစ်ခတ်နေစဉ် အစ္စရေးနိုင်ငံ အကျပ်အတည်းတွင် ဝင်ရောက်ပတ်သက်ခြင်း မပြုရန် အမေရိကန် ထိပ်တန်းဗိုလ်ချုပ်က အီရန်ကို အောက်တိုဘာလ ၉ နေ့တွင် သတိပေးလိုက်ပြီး ထိုပဋိပက္ခ ပိုမို ကျယ်ပြန့်လာသည်ကို မလိုလားကြောင်း ပြောလိုက်သည်။
အစ္စရေးကို ပါလက်စတိုင်း အစ္စလမ်မစ်အုပ်စု ဟားမတ်စ်က တိုက်ခိုက်မှုတွင် အီရန် တိုက်ရိုက် ပါဝင်ပတ်သက်သည့် အထောက်အထား ယခုအချိန်အထိ မရှိသေးသော်လည်း အီရန်သည် ကြံရာပါဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာလ ၉ ရက်နေ့ အစောပိုင်းတွင် ပြောသည်။
အီရန်အတွက် မည်သည့် သတင်းစကား ပေးပို့လိုသနည်းဟု မေးသောအခါ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ် ကျူ ဘရောင်းက “ဝင် မပတ်သက်နဲ့” ဟု ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် အစ္စရေးက လက်ဘနွန်ကို အမြောက်ဖြင့် ပစ်ခတ်သောကြောင့် ဟစ်ဇဘိုလာ အဖွဲ့ဝင် အနည်းဆုံး ၃ ဦး သေဆုံးပြီး အစ္စရေးကလည်း လက်ဘနွန်နယ်စပ်မှ ပါလက်စတိုင်းများက အစောပိုင်း တိုက်ခိုက်မှုကြောင့် အစ္စရေး အရာရှိတဦး သေဆုံးကြောင်းကြေညာသည်။
ထိုနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ဂါဇာမှ တိုက်ပွဲကို ပိုမို မြောက်ပိုင်းကျသော အစ္စရေး-လက်ဘနွန် နယ်စပ်သို့ ချဲ့ထွင်လာခြင်း ဖြစ်သည်။
အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာနှင့် အစ္စရေးတို့သည် ၂၀၀၆ ခုနှစ်က လချီကြာသည့် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတခု တိုက်ခဲ့ကြသည်။
“တော်တော်ပြင်းထန်တဲ့ သတင်းစကား ပေးပို့လိုတယ်။ ဒီစစ်ပွဲကျယ်ပြန့်လာတာ ကျနော်တို့ မလိုလားဘူး။ ဒါဟာ အီရန်အတွက် ကျယ်လောင်ပြတ်သားတဲ့ သတင်းစကားဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး ဘရောင်းက သူနှင့်အတူ ဘရပ်ဆဲလ်သို့ လိုက်ပါလာသည့် သတင်းထောက်များကို ပြောသည်။ ထိုစကားသည် လွန်ခဲ့သောလက ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌတာဝန် ယူပြီးနောက် လူသိရှင်ကြား ပထမဆုံးပြောသည့် သတင်းစကား ဖြစ်သည်။
အမေရိကန် စစ်တပ်သည် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ဟားမာတ်စ်အဖွဲ့၏ မကြုံစဖူး တိုက်ခိုက်မှုတွင် အစ္စရေးတုံ့ပြန်မှုကို ကူညီရန် လေကြောင်း ကာကွယ်ရေး၊ ခဲယမ်းနှင့် အခြားလုံခြုံရေး အကူအညီများတိုးမြှင့် ပေးနေသည်။
လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုတခုကို အစ္စရေးနိုင်ငံနှင့် ပိုမိုနီးကပ်သောနေရာအထိ စေလွှတ်နေကြောင်း ပင်တဂွန်က အောက်တိုဘာလ ၈ နေ့တွင် ကြေညာသည်။
“ဒါဟာ အစ္စရေးကို ထောက်ခံကြောင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာ ဖြစ်တယ်။ ဒါဟာ ဒီပဋိပက္ခ ပိုမို ကျယ်ပြန့်မလာအောင် တားဆီးဖို့ ခိုင်မာတဲ့သတင်းစကား ပေးပို့တာလည်း ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး ဘရောင်းက ပြောသည်။
ဟားမတ်စ်၏ လုပ်ရပ်သည် အစ္စလမ်မစ်နိုင်ငံစစ်သွေးကြွ (IS) များနှင့် တူကြောင်း ၎င်းကပြောသည်။
ဗိုလ်ချုပ်ကြီး ဘရောင်းသည် အရှေ့အလယ်ပိုင်းဒေသမှ စစ်ဆင်ရေးများကို ကြီးကြပ်ပြီး အစ္စလမ်မစ်နိုင်ငံအဖွဲ့ IS များကို တိုက်ဖျက်သည့် စစ်ဆင်ရေးကို ကြီးကြပ်ခဲ့သည့် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ဒုတိယတပ်မှူး ဖြစ်ခဲ့သည်။
ကိုးကား ။ ။ Reuters သတင်း Do not get involved in Israel crisis, top U.S. general warns Iran
You may also like these stories:
ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း
အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချ
စစ်တပ်က အစ္စရေး-ကနေဒီယန် လော်ဘီသမားကို ဒေါ်လာ ၂ သန်းပေး ငှားရမ်း
ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ် အစ္စရေးကုမ္ပဏီက မြန်မာသို့ ရောင်းချခဲ့