Coronavirus Update

ပါကစ္စတန်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၃၀၀၀ ကျော်ထိ ရှိလာ

ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ် COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၃,၀၀၀ ကျော် ရှိပြီး သေဆုံးသူအရေအတွက် ၅၉ ဦး ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတဝှမ်း ၂၄ နာရီအတွင်း ကူးစက်မှုနှုန်း ဇူလိုင်လ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်လာခဲ့တာပါ။

အစိုးရရဲ့ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၀၀၉ ဦး ရှိပြီး စုစုပေါင်း ၃၈၉,၃၁၁ ဦး ကူးစက်ခံထားရကာ သေဆုံးသူ အရေအတွက် ၅၉ ဦး ထပ်တိုးတာကြောင့် စုစုေပေါင်း ၇,၈၉၇ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။ ရောဂါ ပြန်လည် သက်သာလာသူကတော့ ၃၃၅,၈၈၁ ဦး ရှိပါပြီ။

နိုဝင်ဘာ ၂၄ ရက်မှာ အများဆုံးကူးစက်ခံထားရတဲ့ ဒေသကတော့ နိုင်ငံအနောက်တောင်ပိုင်းရှိ Sindh ခရိုင် ဖြစ်ပြီး ကူးစက်ခံရသူ ၁,၃၀၀ ကျော်နဲ့ သေဆုံးသူ ၁၃ ဦးထိ ရှိခဲ့ပါတယ်။ ဝန်ကြီး Asad Umar ကတော့ ကာကွယ်ရေး အစီအမံတွေ လိုက်နာမှု မရှိရင် နောက်ထပ် ၂ ပတ်အတွင်း အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဇွန်လတုန်းက ဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး အခြေအနေ ဖြစ်ခဲ့ဖူးတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာခဲ့ကြတော့ နောက်ထပ် ၂ ပတ်လောက်မှာ ကူးစက်မှုတွေ မြင့်တက်သွားခဲ့တယ်” လို့ ဝန်ကြီး Umar က ဆိုပါတယ်။

ကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် လူစုလူဝေး တွေ့ဆုံမှုတွေ၊ စားသောက်ဆိုင် အလုံပိတ်အခန်းတွင်း စားသောက်ခွင့်တွေကို ကန့်သတ်သွားဖို့အပြင် ပညာရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဝန်ကြီးအဆင့် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ကြီး Umar က အတိုက်အခံ ပါတီတွေကို လူစုလူဝေးဖြစ်စေမယ့် Public meeting တွေ မလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကျန်းမာရေးဆိုင်ရာ အထူးအကြံပေး ဒေါက်တာ Faisal Sultan ကလည်း ကူးစက်မှုတွေ နောက်ထပ်တဖန် မြင့်တက်လာမယ့် ဒုတိယလှိုင်း အခြေအနေဟာ ပထမလှိုင်းထက် ပိုးဆိုးနိုင်တယ်လို့ ဆိုပါတယ်။

“တချို့နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းတောင် ရိုက်ခတ်နေပြီ” လို့ ဒေါက်တာ Sultan က ဆိုပါတယ်။ ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေ ချမှတ်ပေးထားတဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး စည်းကမ်းချက်တွေကို လိုက်နာကြဖို့ ဒေါက်တာ Sultan က တိုက်တွန်းထားပါတယ်။

Ref: DAWN

You may also like these stories:

ပြည်တွင်းကူးစက်မှုကြောင့် ရှန်ဟိုင်းက နိုင်ငံတကာလေဆိပ်ရှိ ခရီးစဉ်ရာနဲ့ချီ ဖျက်သိမ်း

မလေးရှားမှာ အစုလိုက် ကူးစက်မှုတွေကြောင့် ကိုဗစ် ကူးစက်နှုန်း စံချိန်တင်မြင့်တက်

Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်

Loading