Coronavirus Update

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူပေါင်း ၆၅ သန်း ကျော်ပြီ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၆၅ သန်း ကျော်လွန်သွားချိန်မှာ နိုင်ငံအများအပြားမှာလည်း နောက်နှစ်ဆန်းပိုင်းကစလို့ Lockdown နဲ့ ကန့်သက်ချက်တွေ ဖြေလျှော့နိုင်ဖို့အတွက် ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို စီမံ ဆောင်ရွက်လာကြပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်လည်း ဒီဇင်ဘာလဆန်းမှာတင် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၁ ဒသမ ၅ သန်း ကျော်လွန်သွားခဲ့တာကြောင့် သေဆုံးနှုန်းဟာ ပျမ်းမျှ ၉ စက္ကန့်မှာ ၁ ယောက်နှုန်း ရှိလာတာပါ။ ၂ လအတွင်း သေဆုံးသူ အရေအတွက်လည်း ၅ သိန်းကျော်ထိ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလကုန်ပိုင်း တပတ်တည်းမှာတင် ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ နေ့စဉ် ပျမ်းမျှ ၁၀,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံအများအပြားမှာ COVID-19 ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ရိုက်ခတ်မှုတွေကို ရင်ဆိုင်နေရပြီး ပထမလှိုင်းထက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၁၉ ခုနှစ်က အများဆုံးဖြစ်ခဲ့တဲ့ တီဘီရောဂါထက် ပိုများလာပြီး ငှက်ဖျားရောဂါထက် ၄ ဆခန့် ပိုများနေပြီလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၈၂,၈၂၉ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ လက်တင် အမေရိကနိုင်ငံတွေကတော့ ကမ္ဘာတဝှမ်း သေဆုံးနှုန်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ထိ ရှိနေတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၅၀,၀၀၀ ကျော် ရှိပါတယ်။ ကမ္ဘာတဝှမ်း ရောဂါ သက်သာပျောက်ကင်းသူပေါင်းကတော့ ၄၅ သန်းကျော် ရှိပါပြီ။

ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတာကြောင့် ကာကွယ်ဆေး အမြန်ဆုံး ခွင့်ပြုရေးကို နိုင်ငံအများအပြားမှာ ဆောင်ရွက်လာကြပြီး ဗြိတိန်ကတော့ ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ နိုင်ငံဖြစ်လာပါတယ်။ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို လာမယ့် ရက်ပိုင်းအတွင်း ယူကေမှာ စတင် ထိုးနှံတော့မှာပါ။

အမေရိကန်နိုင်ငံကတော့ ကာကွယ်ဆေးကို ဒီဇင်ဘာလလယ်လောက်မှာ ခွင့်ပြုပေးသွားဖွယ် ရှိနေပါတယ်။ အာဖရိကတိုက်ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ကိုလည်း လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံပေးနိုင်လိမ့်မယ်လို့ African Union ရဲ့ ရောဂါထိန်းချုပ်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နီးပါးရှိတဲ့ အာဖရိကတိုက်မှာ COVID-19 ကူးစက်ခံရသူပေါင်း ၂ ဒသမ ၂ သန်း ကျော် ရှိပါတယ်။

Ref: Reuters

You may also like these stories:

အမေရိကန်သမ္မတဟောင်း ၃ ဦး ကိုဗစ်ကာကွယ်ဆေးကို ဦးဆုံး ထိုးနှံပြမည်

ဂျပန်မှာ COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading