European Medicines Agency (EMA) က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယူကေမှာ အသုံးပြုခွင့် ပေးလိုက်တာဟာ အလျင်စလိုနိုင်ပြီး ဒီ့ထက်အချိန်ကြာကြာ ပိုစောင့်ကြည့်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဥရောပနိုင်ငံတွေအတွက် COVID-19 ကာကွယ်ဆေး ခွင့်ပြုပေးဖို့အရေး ဦးစီးဆောင်ရွက်နေတဲ့ (EMA) ဟာ Pfizer နဲ့ BioNTech က ထုတ်မယ့် ကာကွယ်ဆေးကို အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားတာပါ။
ယူကေမှာ ပထမဦးဆုံး Pfizer နဲ့ BioNTech က ထုတ်မယ့် ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ EMA က အဆိုပါကိစ္စဟာ အစောတလျင် နိုင်လွန်းတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆို ဝေဖန်သွားခဲ့ပါတယ်။
EMA ကနေ Pfizer နဲ့ BioNTech က ထုတ်မယ့် ကာကွယ်ဆေးမှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ စိတ်ချ ယုံကြည်ရမယ့် သက်သေခံချက်တွေကိုကြည့်ပြီး အသုံးပြုခွင့်ပေးဖို့ ဒီဇင်ဘာ ၂၆ ရက်မှာ ဆုံးဖြတ်သွားမှာပါ။ နောက်ထပ် Moderna Inc က ထုတ်မယ့် ကာကွယ်ဆေးကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် ရောက်မှသာ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ “EMA ရဲ့ လုပ်ငန်းစဉ်တွေက တကယ့်ကို နည်းလမ်းတကျရှိပြီး ဥရောပနိုင်ငံသားတွေ စိတ်ချရဖို့နဲ့ ကာကွယ်ဆေး ထိရောက်ဖို့အတွက် အာမခံချက် ပေးနိုင်တယ်” လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေကလည်း EMA ကို ကာကွယ်ဆေးတွေ ခွင့်ပြုပေးမယ့်နေရာမှာ ထိထိရောက်ရောက် စောင့်ကြည့် လေ့လာသွားဖို့ တောင်းဆိုထားပါတယ်။ အီတလီ ကျန်းမာရေးဝန်ကြီး Roberto Speranaz ကလည်း ခွင့်ပြုပေးလိုက်တဲ့ ကာကွယ်ဆေးဟာ စိတ်ချမှု ရှိရမယ့်အပြင် ထိရောက်မှုလည်း ရှိရမယ်လို့ ပြောကြားလိုက်ပါတယ်။
ဂျာမန်အဓိပတိ Angela Merkel ရဲ့ Christian Democratic Union Party အဖွဲ့ဝင် Peter Liese ကလည်း ယူကေ MHRA ရဲ့ ခွင့်ပြုချက်ဟာ ပြဿနာတွေ ရှိလာနိုင်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေလည်း ပုံစံတူ လိုက်မလုပ်မိကြဖို့ အကြံပြုလိုက်ပါတယ်။
EMA ကနေ ကာကွယ်ဆေးတွေရဲ့ ဓာတ်ခွဲစမ်းသပ်မှုအရ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို စတင် လေ့လာနေပြီး Pfizer နဲ့ BioNTech က ထုတ်မယ့် ဆေးကို ၂၀၂၀ ခုနှစ် မကုန်ခင် ခွင့်ပြုပေးနိုင်ချေရှိတယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၇ သန်းကျော် ရှိနေပြီး သေဆုံးသူကတော့ ၄၀၀,၀၀၀ ကျော် ရှိနေပါတယ်။ ပျောက်ကင်းသက်သာသွားသူ ၇ သန်းကျော် ရှိကာ ခရစ္စမတ်ကာလအတွင်း ကူးစက်မှုတွေ မြင့်တက်မလာအောင် စည်းကမ်းချက်အသစ်တွေ ထုတ်ပြန် ကြေညာထားပါတယ်။
Ref: Aljazeera
You may also like these stories:
ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ ယူကေ
အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ ၂၅၀၀ ကျော်ရှိလာ
ယူကေမှာ Lockdown ကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာ












