COVID-19 ရောဂါနဲ့ အောက်ဆီဂျင် အလုံအလောက် မရရှိလို့ ဇူလိုင်လထဲမှာပဲ ပန်းချီ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
ဒီအထဲမှာ ပန်းချီပန်းပု အနုပညာရှင် ၂၀ ဦးအထိ ပါဝင်ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ မော်ဒန် ပန်းပု၊ ပန်းချီဆရာ ဆန်နီညိမ်းနဲ့ ဇူလိုင် ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ မော်ဒန်ပန်းချီဆရာ တင်မောင်ဦးတို့ဟာ လူသိများ ထင်ရှားတဲ့ ဝါရင့်မော်ဒန် အနုပညာရှင်တွေ ဖြစ်ကြပါတယ်။
အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆန်နီညိမ်းဟာ မြန်မာအနုပညာလောကမှာ မော်ဒန် ပန်းပုဆရာအဖြစ် ရပ်တည်ခဲ့ပြီး သူရည်ညွှန်းလိုတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ခေတ်ပြိုင်အကြောင်းအရာ၊ နိုင်ငံရေး စတာတွေကို သံ၊ စတီးလ်၊ အသံ၊ အလင်း၊ စွန့်ပစ်ပစ္စည်းအချို့ အသုံးပြုပြီး ရိုးရှင်းဆန်းသစ်စွာ ဖန်တီးပါတယ်။ သူ့ရဲ့ ပန်းပု Forms တွေကို ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေက နှစ်ခြိုက် သဘောကျခဲ့ကြပါတယ်။
ရန်ကုန် ပန်းချီပန်းပုကျောင်းကနေ ပန်းပုဘာသာရပ်နဲ့ သင်တန်းဆင်းခဲ့သူတဦးဖြစ်တဲ့ ဆန်နီညိမ်းဟာ မော်ဒန် ပန်းချီကားတွေ၊ သရုပ်ဖော်ပန်းချီ ရေးဆွဲတဲ့အပြင် ယဉ်ကျေးမှု အနုပညာဆိုင်ရာစာအုပ်၊ စာတမ်း၊ ဆောင်းပါးတွေကို ရေးသားပြုစုသူ တဦးလည်း ဖြစ်ပါတယ်။
သူ့ဖခင် ကျားဘညိမ်းရဲ့သူငယ်ချင်း၊ မြန်မာနိုင်ငံမှာ မော်ဒန်ပန်းချီကို စတင်ခဲ့သူတဦးဖြစ်တဲ့ ဗဂျီအောင်စိုးဆီက မော်ဒန်အနုပညာ အယူအဆတွေကို ဆည်းပူးခဲ့ပါတယ်။
ဆန်နီညိမ်းရဲ့ဖခင် ကျားဘညိမ်းဟာ မြန်မာလက်ဝှေ့ အားကစားကို မြှင့်တင်ပေးခဲ့တဲ့ နိုင်ငံကျော် လက်ဝှေ့သမား၊ လက်ဝှေ့နည်းပြ၊ အနုပညာသည်တဦးဖြစ်ပြီး သူ့ရဲ့အစ်ကိုနဲ့ ညီတွေဟာလည်း မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ စာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်ဆေးရုံကြီးရှေ့ ပထမဆုံး မိန့်ခွန်းပြောတဲ့ ဓာတ်ပုံဟာလည်း ဆန်နီညိမ်းရဲ့လက်ရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မော်ဒန် ပန်းပုပညာရှင် ရှားပါးတဲ့အတွက် သူကွယ်လွန်တာဟာ မြန်မာ အနုပညာလောကအတွက် ဆုံးရှုံးမှုပဲလို့ မှတ်ချက်ပြုကြပါတယ်။
နောက် ကွယ်လွန်သူတဦးဖြစ်တဲ့ ပန်းချီ တင်မောင်ဦးကတော့ မြန်မာမှု အကြောင်းအရာတွေနဲ့ ခေတ်ပြိုင် လူမှုဘဝတွေကို ကျူဗစ်ဇင်ရေးဟန်နဲ့ ပေါင်းစပ်ရေးဆွဲရာမှာ ကျော်ကြားသူတဦး ဖြစ်ပါတယ်။
အသက် ၇၃ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပန်းချီတင်မောင်ဦးဟာ နှစ်ပေါင်း ၃၀ ကျော် ကျူဗစ်ဇင်ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲခဲ့သူဖြစ်ပြီး လှပတဲ့ အရောင်တွဲ၊ တုံးအနုအရင့်တွေ ပေါင်းစပ် ရေးဆွဲထားတဲ့ ကျူဗစ် ပန်းချီကားကိုမြင်ရင် ဒါ ပန်းချီတင်မောင်ဦးလို့ ပြောရလောက်အောင် ပိုင်ဟန်ကို ထူထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ခံရတဲ့ ပန်းချီ တင်မောင်ဦးဟာ မြန်မာရှေ့ဆောင် မော်ဒန် ပန်းချီဆရာတွေဖြစ်တဲ့ ကိုရွှေအောင်သိမ်း၊ ပေါ်ဦးသက်၊ ဘိုကြည်တို့ထံမှာ ပန်းချီပညာကို ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ် ရန်ကုန် ပန်းချီပန်းပု ညကျောင်း တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာသစ်တွေကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်လို့ မြန်မာ့အနုပညာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုပဲ ဖြစ်ပါတယ်။
ဒီလို အသက်ဆုံးရှုံးခဲ့ရတဲ့ ပန်းချီဆရာတွေ ရှိသလို COVID-19 ကူးစက်ခံထားရတဲ့ ပန်းချီဆရာတွေ၊ COVID-19 ရောဂါကြောင့် လူမှုစီးပွား ခက်ခဲ ကျပ်တည်းရတဲ့ ပန်းချီဆရာတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ဒါပေမဲ့ ပန်းချီဆရာတွေဟာ အောက်ဆီဂျင် အခက်အခဲကြောင့် မြန်မာပြည်သူတွေရဲ့အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတာကို ရသရွေ့ ကယ်နိုင်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။
ဇူလိုင် ၂၀ ကနေ ဇူလိုင်လကုန်အထိ KZL Art Studio & Gallery page မှာ ပြုလုပ်နေတဲ့ “Art for Oxygen” (၁၀၀ ရာခိုင်နှုန်းအလှူ အွန်လိုင်း ပန်းချီပြပွဲ) ဟာ ဒီရည်ရွယ်ချက်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
“Art for Oxygen” (၁၀၀ ရာခိုင်နှုန်းအလှူ အွန်လိုင်း ပန်းချီပြပွဲ) အတွက် ပန်းချီဆရာ ၂၀၀ ကျော်က မော်ဒန်ပန်းချီဆရာကြီး ဝင်းဖေ၊ ပန်းချီ ဦးလွန်းကြွယ်၊ ပန်းချီ အောင်မြင့်၊ ပန်းချီ ရာဟုလာ စတဲ့ နာမည်ကျော် ဝါရင့်ပန်းချီဆရာကြီးတွေရဲ့ပန်ချီကားတွေ၊ ထွန်းသစ်စ ပန်းချီကျော်တွေရဲ့ပန်းချီကားတွေ ပါဝင်တဲ့ လက်ရာစုံ၊ မီဒီယမ်စုံ ပန်းချီကားပေါင်း ၃၀၀ ကျော်ကို လှူဒါန်းခဲ့ကြပါတယ်။
ပန်းချီကား တန်ဖိုးတွေကတော့ ကျပ် ၃ သောင်းကနေ ကျပ်သိန်း ၅၀ ကျော်အထိ သတ်မှတ်ထားပြီး ယခင်ဈေးနှုန်းထက် ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချထားတယ်လို့သိရပါတယ်။
“ရောင်းရငွေ အားလုံးကို တကျပ်မှ အပွန်းအပဲ့ မခံဘဲ အောက်ဆီဂျင် ရရှိရေး ချက်ချင်းလှူဒါန်းပေးသွားမှာပါ”လို့ ပွဲစီစဉ်သူ နာမည်ကျော် လူလတ်ပိုင်း ပန်းချီဆရာ ခင်ဇော်လတ်က ဆိုပါတယ်။
ပြည်တွင်းပြည်ပမှာ တကိုယ်တော် ပန်းချီပြပွဲတွေ ပြသလေ့ရှိတဲ့ ပန်းချီ ခင်ဇော်လတ်ဟာ ဒီပွဲမတိုင်မှာပဲ သူ့ရဲ့ကလောရှုခင်း အခရိုင်းလစ် ပန်းချီကားသစ် တကားကို ဆန်အိတ် ၆၀ နဲ့လဲပြီး လိုအပ်တဲ့သူတွေဆီကို ပေးပို့ လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။ များများထပ်လှူနိုင်ဖို့လည်း ပြည်ပမှာ ပွဲတပွဲ လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ “Myanmar Mourns COVID-19 Deaths of Famous Artists” ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ