ကိုရီးယား အဆိုတော်နဲ့ မင်းသမီး IU ဟာ သက်ကြီးရွယ်အိုတွေကို ကူညီဖို့ လှူဒါန်းမှုတခုကို ပြုလုပ်ခဲ့ပါတယ်။ SpoTV News သတင်းရဲ့အဆိုအရ IU ဟာ မကြာသေးခင်တုန်းကပဲ တကိုယ်တည်း နေထိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲချို့တဲ့တဲ့ လူမှုအဖွဲ့တွေထဲက လူတွေအတွက် Seocho ခရိုင်ရုံးကနေ တဆင့် ဝမ် ၁၀ သန်း(ဒေါ်လာ ၈,၃၀၀) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
IU ဟာ ၂၀၁၆ ခုနှစ်ကစလို့ နှစ်စဉ် ဝမ် ၁၀ သန်းလှူဒါန်းနေခဲ့တာဖြစ်ပြီး အခုနှစ် သူထောက်ပံ့ပေးလိုက်တဲ့ ငွေကြေးကိုတော့ အပူလှိုင်းပြင်ဆင်မှုဆိုင်ရာ ထောက်ပံ့ရေးအတွက် အသုံးပြုခဲ့ပါတယ်။
အခုလိုမျိုး မင်းသမီးရဲ့ အလှူအတန်းသတင်းကို Seocho ခရိုင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ Seocho ခရိုင်ရုံးက “IU ရဲ့ ပံ့ပိုးကူညီပေးမှုနဲ့ ကျနော်တို့ဟာ ငွေကြေးချို့တဲ့တဲ့ သက်ကြီးရွယ်အို တွေအတွက် အအေးပေးစက် အလုံး ၁၀၀ ကို မျှဝေပေးခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
SpoTV News မီဒီယာရဲ့အဆိုအရ IU က သူရဲ့ အခုလိုမျိုး လှူဒါန်းမှုကို လျှို့ဝှက်ချက်အနေနဲ့သာ ထားရှိဖို့ တောင်းဆိုခဲ့ပေမယ့် အလှူသတင်းဟာ ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ ဆက်သွယ်ရေးဆိုင်ရာ ပြဿနာကြောင့် ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
IU ဟာ သူငယ်ငယ်က တက်ခဲ့တဲ့ Dongduk မိန်းကလေးအထက်တန်းကျောင်း၊ ဆိုးလ်မြို့ နားမကြား သက်ကြီးရွယ်အိုထောက်ပံ့ရေး စင်တာ၊ Seungil မျှော်လင့်ချက်ဖောင်ဒေးရှင်း၊ Green Umbrella Children ဖောင်ဒေးရှင်းတို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၀ ခုဝန်းကျင်လောက်ကို လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ။ ပြီးတော့ သူဟာ Gangwon ပြည်နယ်က တောမီးလောင်ကျွမ်းမှုကို ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့ ကလေးငယ်တွေအတွက် ChildFund Korea အဖွဲ့ကိုလည်း ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါသေးတယ်။
IU ဟာ လက်ရှိမှာတော့ tvN ရုပ်သံလိုင်းရဲ့ “Hotel Del Luna” စီးရီးမှာ Jang Man Wol ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်လျက် ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ နာမည်ကျော် အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေဟာ ဆင်းရဲချို့တဲ့သူတွေနဲ့ မပြည့်စုံသူတွေထံ လှူဒါန်းမှုတွေ ပြုလုပ်တဲ့နေရာမှာ လျှို့ဝှက်အနေအထားမျိုး သို့မဟုတ် နာမည်ဝှက်နဲ့ လှူဒါန်းကြတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လှူဒါန်းမှုတွေရဲ့ အကြောင်းအရာတွေကိုတော့ မီဒီယာတွေရဲ့ ကျေးဇူးနဲ့ ပရိသတ်တွေက သိရှိခွင့်ရကြပါတယ်။
Ref. soompi
You may also like these stories:
ပထမဆုံး ပြသတဲ့ ရက်မှာတင် ကြည့်ရှုနှုန်း စံချိန်တင်ခဲ့တဲ့ “Hotel Del Luna” ဇာတ်လမ်းတွဲ
ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရေပန်းစားနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကား
ဆန္ဒပြပွဲတွေကြောင့် မကြာခင်ပြုလုပ်မယ့် မွေးနေ့ပွဲကို ဖျက်သိမ်းလိုက်တဲ့ ဟောင်ကောင်မင်းသား Andy Lau
တရုတ် ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ အောင်ပွဲခံနေတဲ့ “နီကျား” ကာတွန်းရုပ်ရှင်