Entertainment

အဆိုပညာနဲ့ ဒါနပြုမယ့် ထွန်းနောင်ဆင့်ရဲ့ "Singing Workshop"

အဆိုတော် ထွန်းနောင်ဆင့်က သူ့ရဲ့ အဆိုပညာကို ဒါနပြုတဲ့အနေနဲ့ သီချင်းဆို ဝါသနာရှင်များအတွက် “Singing Workshop” တခု ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ အဆိုပါ Workshop ကိုတော့ လိုအပ်တဲ့ နေရာများထံ လှူဒါန်းနိုင်ရန် ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အဆိုပညာ သင်ယူနိုင်မယ့် အခွင့်အရေး (အလှူငွေ ပါဝင်ယုံမျှသာ)။ ယခုလို ခက်ခဲနေတဲ့ အချိန်ကာလမှာ လိုအပ်နေတဲ့ နေရာများနဲ့ ခက်ခဲနေတဲ့ မိသားစုများကို လှူဒါန်းနိုင်ရန် ကျနော့်ရဲ့ အဆိုပညာကို ဒါနပြုပြီး၊ အဆို ဝါသနာရှင်များကို လေ့ကျင့် ပြင်ဆင်ရန် Workshop လေး လုပ်ခြင်း ဖြစ်ပါတယ်”လို့ ထွန်းနောင်ဆင့်က ဆိုပါတယ်။

အဆိုပါ Workshop မှာ သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့ အခြေခံ Singing Technique များ၊ Breathing, Vocal Placement, Expression, Vocal Registers ၊ မိမိ ကိုယ်ပိုင်အသံကို ရှာဖွေနိုင်ရန် နည်းလမ်းများနဲ့ အဆိုရှင်ယောက်အနေနဲ့ သိထားသင့်တဲ့ အရာများ စတာတွေကို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

Workshop ကို တက်ရောက်လိုသူများအနေနဲ့ အဆိုပါ ပို့စ်ကို အများသိစေရန် Share ထားရမည်ဖြစ်ပြီး၊ အလှူငွေ ၂၀၀၀၀ ကျပ်နှင့် အထက် ပါဝင်သူ မည်သူမဆို Workshop ကို တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုတော် ထွန်းနောင်ဆင့်ဟာ ပြီးခဲ့တဲ့ရက်အတွင်းက “ငါတို့အတွက် ငါတို့ပဲရှိတယ်”ဆိုတဲ့ သီချင်းအသစ် ထွက်ရှိခဲ့ပါတယ်။

အဆိုပါ သီချင်းမှာတော့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့ “ငါတို့အတွက် ငါတို့ပဲရှိတယ်… ဈေးတွေ လျှော့ပါဦး” စတဲ့ သီချင်းစာသားများ ထည့်သွင်း သီဆိုထားပါတယ်။

ထွန်းနောင်ဆင့်ရဲ့ “Singing Workshop” သင်တန်းသို့ မတက်ရောက်သူများလည်း လှူဒါန်းမှု အစီအစဉ်မှာ တတ်နိုင်သလောက် ပါဝင်အားဖြည့် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

အဆိုတော် ထွန်းနောင်ဆင့် (ဓာတ်ပုံ – Htun Naung Sint’s Facebook)

အဆိုပါ “Singing Workshop” ကို လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ၂ နာရီစာ ပြုလုပ်မယ့် Workshop အတွင်း စာတွေ့ ၂ နာရီစာ သင်ကြားမှုနဲ့ လက်တွေ့ သင်ကြားခြင်း တရက်ကို ထပ်မံ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သင်တန်းအတွင်း တဦးချင်းရဲ့ မေးခွန်းများနဲ့ အခက်အခဲများကို နားထောင် ဖြေကြားပေးသွားမယ်လို့လည်း ထွန်းနောင်ဆင့်က ဆိုပါတယ်။

You may also like these stories:

ကိုဗစ်ကြောင့် ခက်ခဲနေတဲ့ နေရာတွေကို လှူဖို့ Music Workshop လုပ်မယ့် ထွန်းနောင်ဆင့်

ကချင်အမျိုးသမီးရဲ့ ကိုဗစ် သီချင်းကို ပြန်ဖန်တီးလိုက်တဲ့ ထွန်းနောင်ဆင့်

Loading