Entertainment

"အသက် ၃၁ နှစ်ပြည့်သွားပေမယ့် Forever 21 ပါပဲ"လို့ ပြောတဲ့ သရုပ်ဆောင် ဖွေးဖွေး

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ သြဂုတ်လ ၉ ရက်နေ့ဟာ သရုပ်ဆောင် ဖွေးဖွေးရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် ဖွေးဖွေးက ပရိသတ်တွေကို ရန်ကုန်မြို့၊ ဗိုလ်တထောင်ကမ်းနားမှာ ပဲကုလားဟင်းနဲ့ ငပိကြော် စတုဒီသာ ကျွေးမွေးခဲ့ပါတယ်။ အလှူလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဖွေးဖွေးက အခုလိုပဲ ဆိုပါတယ်။

“ဖွေးမွေးနေ့မှာ ဗိုလ်တထောင်ကမ်းနားမှာ ပဲကုလားဟင်းနဲ့ ငပိကြော် လှူတာပေါ့။ ဖွေးက ပဲကုလားဟင်း အရမ်းကြိုက်တာ။ ဖွေးဖွေး နည်းနည်း လှူတာတွေ တင်တော့ အကုန်လုံးက စားချင်တယ်ဆိုတာနဲ့ ဝိုင်းရေးကြတာနဲ့ လှူဖြစ်တာပါ။ ဖွေး အဖေနဲ့ အမေနဲ့ ချက်ပေးကြတာပေါ့”

“ဖွေးက မနေ့က မော်လမြိုင်ရောက်နေတာ ပရိသတ်တွေက အားလူးတွေရော၊ ပဲသီးတွေရော၊ ဘဲဥတွေရော လာလှီးပေးကြတယ်။ အဖေနဲ့ အမေက ဒီလို လှူပေးတာက ဖွေးအတွက် လက်ဆောင်ပါပဲ။ မနေ့ကတော့ အမေက ပတ္တမြားလက်ကောက်လေး ပေးတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးကတော့ ဒီနှစ်မွေးနေ့မှာ လက်ဆောင်တွေလည်း ရရှိပြီးဖြစ်ပြီး လက်ဆောင်နဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ဖွေးအိမ်မှာလည်း လက်ဆောင်တွေ ရောက်နေတယ်။ မဖောက်ရသေးဘူး။ ဖွေးက မွေးနေ့ဆို လူတွေကို မဖိတ်တတ်ဘူး။ အကုန်လုံးက ချစ်ပေးတယ်။ မနေ့က သူစိမ်းအိမ်အဖွဲ့သားတွေရော တီချို၊ တီခိုင် (Hello) ကရော Surprise လုပ်ပေးကြတယ်။ အရမ်းပျော်တယ်။ ဖွေးကို ချစ်တဲ့သူတွေနဲ့ ဝန်းရံပြီး လှူရတာနဲ့တင် ဖွေးအရမ်းလည်း ပျော်ပါတယ်။ ဖွေးကို မွေးနေ့ ဆုတောင်းပေးကြတဲ့ ပရိသတ် တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

အသက် ၃၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖွေးဖွေးက မွေးနေ့မှာ တောင်းဖြစ်တဲ့ ဆုတောင်းတွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“၃၁ နှစ် ပြည့်ပြီဆိုတော့ အသက်ကြီးသွားတယ်။ ဖွေးက Forever 21 ပါပဲ။ အသက်ကြီးလာတော့ နည်းနည်းတော့ လိမ္မာလာတယ်။ မွေးနေ့မှာ အဘွား ထဘီလေး ဝတ်ထားတာပေါ့။ အဘွားကိုတော့ မမီလိုက်ဘူး။ အဘွား ထဘီကို ဒီဇိုင်နာ ကိုငြိမ်းကို ပြန်ချုပ်ပေးထားတာ။ အဘွားကိုလည်း သတိရတယ်။ အဘွားနဲ့ တော်တော်လေး တူတယ်လို့ ပြောကြတယ်”

“ဖေဖေကတော့ အသက်၂၇ နှစ်ထိ ရည်းစားမထားရဘူးတို့ ပြောတာပေါ့။ မေမေကတော့ ဘာမှ မပြောဘူး။ ဖွေးပျော်ရင် ပြီးရော။ ဖွေးချစ်သူ ထားဖြစ်ရင်တော့ ပါရမီ ဖြည့်နိုင်မယ့်သူဆို ရပြီ၊ အသက် ၃၅ ထိမှ ယောကျာ်းယူချင်စိတ် မရှိရင် အပျိုကြီး လုပ်မယ်။ မွေးနေ့မှာ ဆုတောင်းဖြစ်တာက ဒီထက် ပိုက်ဆံတွေ ရှာပြီး ပိုလှူနိုင်တဲ့သူ ဖြစ်ပါစေ။ ဖွေးပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အနုပညာတွေ လုပ်ရပါစေ ဆုတောင်းတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးဟာ “လက်ပံ” ၊ “ကျွန်မက နှင်းဆီပါမောင်” ၊”ရွှေကြာ”စတဲ့ ရုပ်ရှင်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားပြီး လတ်တလောမှာလည်း ဖွေးဖွေး ပါဝင် သရုပ်ဆာင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား ရုံတင်ပြသလျက် ရှိပါတယ်။

You May Also Like This Story:

“သူစိမ်းအိမ်” ရုပ်ရှင်ရိုက်ရင်း ဒဏ်ရာတွေ အများကြီး ရခဲ့တယ်လို့ ဖွေးဖွေး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading