ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များအတွက် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် သန်းပေါင်း ၂ သောင်းကျော်ကို ခွင့်ပြုပေးလိုက်ကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယနေ့ နေပြည်တော် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁ မှ ၈ အထိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ ခွဲများတွင် လိုအပ်လျက်ရှိသည့် လုံခြုံရေး သုံးပစ္စည်းများ ဝယ်ယူရန်နှင့် ခြံစည်းရုံး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၁၉၁၀၃.၉၀ သန်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရှိ ရဲစခန်းများ၊ ရဲကင်းစခန်းများနှင့် အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲတို့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၁၁၅၀.၆၉၄ သန်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းငွေကြေးများကို ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲရန် ရဲတပ်ဖွဲ့၏ ၂၀၁၈-၂၀၁၉ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြု ရန်ပုံငွေ မှာ ပိုလျှံငွေ မရှိသဖြင့် အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုပေးရန် သမ္မတရုံးသို့ တင်ပြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သဘော ထားမှတ်ချက် ရယူ၍ စီးပွားရေးရာ ကော်မတီမှ တဆင့် အစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြခဲ့ရာ ခွင့်ပြုချက်များ ရရှိ ခဲ့သည်ဟု ဗိုလ်ချုပ်အောင်သူက ပြောသည်။
ဗိုလ်ချုပ်အောင်သူက “အဆိုပါ ခွင့်ပြုငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့အညီ သုံးစွဲသွားမှာ ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင် အ တည်ပြုပေးဖို့ တင်ပြအပ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ထို့ပြင် ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ရှိ ရဲတပ်ဖွဲ့စခန်းများတွင် လေပြင်းတိုက်ခက်မှုကြောင့် ပျက်စီး သွားသည့် အဆောက်အဦများ အစားထိုး ဆောက်လုပ်ခြင်းအတွက် ကျပ် ၄၃၂၇.၃၀၁ လည်း သမ္မတ အရေးပေါ် ရန်ပုံငွေမှ ရရှိခဲ့ရာ စုစုပေါင်း ကျပ်သန်း ၂၄၅၈၁.၉ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ရဲစခန်း၊ ရဲကင်းများတွင် အခိုင်အမာ ဆောင်ရွက်ထားသည့် ခြံစည်းရိုး မရှိသေးဘဲ ကိုယ့်အားကိုယ်ကိုး လုပ်ထား သည့် ယာယီ ခြံစည်းရိုးများသာ ရှိကြောင်း၊ တကယ့် စစ်ဆင်ရေးကဲ့သို့ ဖြစ်လာပါက စစ်ဆင်ရေးနှင့် လျော်ညီသည့် ခြံစည်းရိုးမျိုး ရခိုင်တွင် လိုအပ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ကြည်လင်းက ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီး ကြည်လင်းက “ကျနော်တို့ရဲ့ အရေးကြီးတဲ့ စခန်းတွေကို အဲဒီငွေတွေကနေပြီးတော့ သံဆူးကြိုးနဲ့ ကာရန်တဲ့ ခြံစည်းရိုးတွေ ဆောင်ရွက်ဖို့ ချပေး တာ ဖြစ်ပါတယ်။ လုံခြုံရေးသုံး ပစ္စည်းတွေကတော့ အများကြီးလိုတယ်။ လှုပ်ရှားသွားလာမယ်ဆိုရင် Safe-side ဖြစ်တဲ့ ကျည်ကာ အကျီ ၤလိုမျိုးတွေ၊ ဦးထုတ်တွေ လိုတယ်။ ဘာတွေ ဖြည့်တင်းပေးမလဲ ဆိုတာတော့ မသိသေးဘူး”ဟု ပြောသည်။
၎င်းကဆက်၍ “ကိုယ့်ဟာကိုယ် ကာတဲ့ ခြံစည်းရိုးကတော့ နိုင်သလောက် လုပ်ထားတာ။ မျက်နှာစာ တဖက် ဖြစ်ချင်ဖြစ်မယ်။ ဝါးခြံစည်းရိုးလို ဟာမျိုးတွေ ရှိမယ်။ အဲလို ရှိပြီးသားဆိုရင် နောက်ထပ်တပ် ဖြစ်သွားမှာပေါ့” ဟု ရှင်းပြသည်။
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းများကို ရက္ခိုင့် တပ်မတော် (AA)၊ ARSA တို့ကဲ့သို့သော အဖွဲ့ များက မကြာခဏ ဝင် ရောက် တိုက်ခိုက်နေသဖြင့် ယခုလို အရေးပေါ် ရန်ပုံငွေ တရပ်ကို ပြည်ထောင်စု အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ် သဖြင့် ထူးထူးခြားခြား ပြောစရာ မရှိကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြော သည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်ရှိ ရဲကင်း စခန်း ၃၀ ကျော်ကို ARSA က တချိန် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦးနှင့် လဝက ဝန်ထမ်း တဦး ကျဆုံးခဲ့ရသည်။
ယင်းအချိန်မှစ၍ ARSA အဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များကို အမျိုးမျိုး နှောက်ယှက် တိုက် ခိုက်လျက်ရှိရာ ယနေ့ အချိန်အထိ ဖြစ်ပြီး အစိုးရက ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။
ထိုအချိန်တွင် AA အဖွဲ့ကလည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာက စတင်ပြီး တပ်မတော်နှင့် ထိတွေ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ
ရဲတပ်ဖွဲ့ ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ရက္ခိုင့် တပ်မတော် (AA)နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ ပူးပေါင်းနေသည် ဆိုသော သမ္မတရုံး၏ စွပ်စွဲ ပြောဆိုချက် ထွက်ပေါ်လာပြီး AA ကို ထိရောက်သော သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်နွဲရန် တပ်မတော်ကို အစိုးရက ညွှန် ကြားခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို AA က မတ်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန် ဝင်ရောက် တိုက် ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း ရဲစခန်းကို ဇူလိုင်လ ၂၆ ရက်နေ့က ဝင်ရောက် တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ ဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့ရသည်။
ယခုအခါ ရဲတပ်ဖွဲ့က AA အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် အပါအဝင် ၄ ဦးကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲဆိုထားသည်။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေစိုက်ခွင့် ပြုမည် မဟုတ်ကြောင်းလည်း ဆိုသည်။
AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးစားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၅ သောင်း အထိ များလာပြီး ယင်းစစ်ရှောင်များထဲမှ ကလေးများမှာ စာသင်ခန်းများထဲသို့ မရောက်ရှိသေးပေ။