မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ကားအဖြစ် ရိုက်ကူးမယ့် “ရှစ်စက္ကန့်ငြိမ်” (8 SECONDS SILENCE) ရုပ်ရှင်ကားကြီးကို၂၀၁၉ ခုနှစ်အတွင်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်များကိုလည်း ခေါ်ယူလျက် ရှိပြီး ယခုနှစ်အတွင်းမှာ ရိုက်ကူးမှာဖြစ်တဲ့အတွက် စက်တင်ဘာလအတွင်း နောက်ဆုံးလျှောက်ထားရမှာ ဖြစ်ပါတယ်။
“ရှစ်စက္ကန့်ငြိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို We Movie Production မှ ထုတ်လုပ် ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းမှာ ၁၉၉၀ ခုနှစ်၊ အင်းစိန်ထောင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များကို သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းအဖြစ် ရည်ရွယ် ရိုက်ကူးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဇာဂနာ ရိုက်ကူးမှာ ဖြစ်ပြီး ဇာတ်ညွှန်းပိုင်းအတွက်လည်း ဒုတိယမူကြမ်း တည်းဖြတ် ပြီးစီးသွားပြီလို့ သိရပါတယ်။
ဒီဇာတ်ကားအတွက် သရုပ်ဆောင် အသစ်များ ခေါ်ယူနေပြီး လျှောက်ထားလိုသူများအနေနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဇာတ်ကားအတွက်လည်း ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တုန်းက အင်းစိန်ထောင်အတွင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများနဲ့လည်း We Movie Production ကနေ အင်တာဗျူးများ တင်ဆက်နေတာ တွေ့ရပါတယ်။
ခေါ်ယူထားတဲ့ သရုပ်ဆောင်သစ်များကတော့ အသက်၂၀ မှ ၂၅နှစ်အတွင်း အသားလတ်၊ အသားညို အမျိုးသား သရုပ်ဆောင် ၆ ဦး၊ အသက် ၃၀ မှ ၃၅ နှစ်အတွင်း အသားဖြူ၊ အသားလတ် အမျိုး သရုပ်ဆောင် ၅ ဦး၊ အသက် ၄၅ နှစ်ခန့် အမျိုးသား သရုပ်ဆောင် ၃ ဦး ၊ အသက် ၅၀ နှစ်ခန့် အမျိုးသား သရုပ်ဆောင် ၂ ဦးတို့ကို ခေါ်ယူထားပါတယ်။
အမျိုးသမီး သရုပ်ဆောင်များအနေနဲ့ကတော့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ မှ ၂၃ နှစ်ခန့် အမျိုးသမီး ၂ ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၂ ဦးတို့ကို ခေါ်ယူထားပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ Home of Media and Entertainment ရုံးမှာ သွားရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က အင်းစိန်ထောင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများကို ရိုက်ကူးမယ့် “ရှစ်စက္ကန့်ငြိမ်” ရုပ်ရှင်ဇာတ်ကားကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်နဲ့ ဗီဒီယို ဆင်ဆာအဖွဲ့မှလည်း ဆင်ဆာခွင့်ပြုမိန့် ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
အင်းစိန်ထောင်တွင် သွားရောက်ဖျော်ဖြေလှူဒါန်းမယ့် အဆိုတော် ထူးအယ်လင်း
ထောင်နံရံနောက်ကွယ်က လျစ်လျူရှုခံနေရဆဲ ဘဝတွေ