ယခုနောက်ပိုင်းမှာ ဇာတ်ကောင် အမျိုးအစားများကို စိစစ် ရိုက်ကူးလာတဲ့ သရုပ်ဆောင် အောင်ရဲလင်းက မကြာခင် ကျရောက်မယ့် ရဲတပ်ဖွဲ့နေ့အတွက် ရည်ရွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားမှာ ရဲဝန်ထမ်းတယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ကျနော်က အဲ့ကားထဲမှာ ရဲ၊ ရဲကိုမှ ယူနီဖောင်း အရမ်းဝတ်ရတဲ့ရဲ မဟုတ်ဘူး။ အပြင်မှာ လိုက်ဖမ်းရတဲ့ ရဲ။ နောက်ပြီး နယ်ခြားစောင့်ကို ရောက်သွားတာ။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတာ။ ထွက်လာရင်တော့ ကြိုက်ကြမှာပါ။ တနှစ်မှာတခါပဲ ပြရတာဆိုတော့ ချန်နယ်လိုင်းတွေမှာ ပြမယ်ဆိုတော့ ပရိသတ်တွေကြိုက်ကြမှာပါ” လို့ အောင်ရဲလင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကိုတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာကြောင့် သေချာမေးမြန်းပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
“အဓိကကတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့် ကျနော် ရိုက်ဖြစ်တာပါ။ ကျနော် အများကြီးကြိုးစားထားပါတယ်။ ထွက်လာရင် ကြိုက်ကြမှာပါ။ အရင်မြင်နေကျ ကားတွေနဲ့ ကွဲထွက်တယ်။ ရဲမှာမှ အရင်ကဆို ဖမ်းတာပဲ ပါတယ်။ တိုက်ခိုက်တာမျိုး မပါဘူး။ ဒီကားမှာက ပါတယ်။ ဖြစ်ရပ်မှန်အတိုင်း Setting တွေ ဆောက်ရိုက်တယ်။ ကျနော်ရိုက်ရတဲ့ ကာရိုက်တာနဲ့ အပြင်မှာတွေ့ဆုံပြီး သေချာမေးမြန်းပြီး ရိုက်ခဲ့ပါတယ်”လို့ အောင်ရဲလင်းက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့မှာကျရောက်မယ့် ရဲတပ်ဖွဲ့နေ့အတွက် စက်တင်ဘာလ ၂၈ ၊ ၂၉ ၊ ၃၀ ရက်နေ့များမှာ TV Channel များကနေ ပြသသွားမယ်လို့ သိရပါတယ်။
အောင်ရဲလင်းက အခုနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုများကို သေချာစွာ ရွေးချယ်ဖြစ်ပြီး ဒီကြားထဲမှာလည်း ငြင်းဆိုလိုက်တဲ့ ဇာတ်ကား ၄ ကားခန့်ရှိတယ်လို့ သိရပါတယ်။
“ရိုက်ကူးရေးတွေကတော့ လက်ခံဖို့ ရှိပါတယ်။ ဒီကြားထဲမှာပဲ ကျနော် လက်မခံဘဲ ငြင်းလိုက်တဲ့ကား ၄ ကားလောက် ရှိတယ်။ ကျနော် ကိုယ်တိုင်လည်း အဆင်သင့်မဖြစ်သေးတာလည်း ပါတယ်။ နောက်ကားတွေကတော့ ဇာတ်အပေါ်ပဲ မူတည်ပြီး ရွေးချယ်သွားမှာပါ”လို့ အောင်ရဲလင်းက ပြောပါတယ်။
အခုလို ဇာတ်ကားများ အရိုက်ကြဲတာကြောင့် ပရိသတ်နဲ့ အဆက်ပြတ်မှာ စိုးရိမ်မှုရှိလားဆိုတာကိုလည်း အောင်ရဲလင်းက “ဒီခေတ်ကတော့ ပရိသတ်နဲ့ အဆက်ပြတ်တယ်၊ မပြတ်ဘူးဆိုတာက အနီးကပ်ဆုံးကတော့ ဆိုရှယ်မီဒီယာ ရှိနေတာပဲလေ။ အဲဒါနဲ့ပဲ လောလောဆယ်ကတော့ ထိန်းထားရတာပေါ့။ ရုပ်ရှင်ကားကြီးတွေလည်း ကျနော် ရိုက်ထားတဲ့ကားတွေ ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း တင်ဖို့ ရှိတယ်။ နောက်နှစ်အတွက်လည်းရှိတယ်။ အရမ်းကြီးတော့ အဆင်မပြတ်ပါဘူး”လို့ ပြောပါတယ်။
တိတ်တဆိတ်နေရတာကို ကြိုက်တဲ့ အောင်ရဲလင်းက အောင်မြင်ဖို့ဆိုတာထက် ပိုပြီးကောင်းအောင်နေတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး အောင်ရဲလင်းက အနုပညာအလုပ်များကိုသာ အာရုံစိုက် လုပ်ဖြစ်နေပြီး အာရုံ ပြန့်လွှင့်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်က Silence နေရတာကို ကြိုက်တယ်။ အေးအေးဆေးဆေးပဲ ကြိုက်တယ်။ ကျနော် လုပ်စရာရှိတာကို အကောင်းဆုံးလုပ်မယ်။ အကောင်းဆုံးဖြစ်အောင် ပရိသတ်ကို ချပြမယ်။ အောင်မြင်တာ၊ မအောင်မြင်တာ သိပ်မစဉ်းစားပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်တိုင်းက ကောင်းဖို့ပဲ ထင်တယ်။ ပိုပြီးအောင်မြင်ဖို့ထက် ပိုပြီးကောင်းအောင်ပဲ နေပါတယ်”လို့ အောင်ရဲလင်းက ပြောပါတယ်။