တောင်ကိုရီးယားနိုင်ငံမှာ အခုလို ဆောင်းဦးပေါက်ရာသီမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အရာတခု ရှိပါတယ်။ Instagram သုံးစွဲသူတွေကြားမှာပါ ရေပန်းစားနေတဲ့ အရာကတော့ မျက်စိတဆုံး မြင်တွေ့ရမယ့် ပန်းနုရောင်မြက်ခင်းပြင်ကြီး Pink Muhly Grass ပါ။
Pink Muhly Grass ဟာ မူလဇာတိ အမေရိကန်မျိုးရင်းဖြစ်ပြီး ဆောင်းဦးပေါက်မှာ တွေ့ရတဲ့ မြက်ပင်တမျိုးဖြစ်ကာ ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေ အပြိုင်အဆိုင် တင်နိုင်ဖို့အတွက် ဒီအချိန်ဆို ပန်းနုရောင် မြက်ခင်ပြင်ကျယ်ကြီး ရှိတဲ့နေရာတွေမှာ လူတွေ စုပြုံနေတတ်ပါတယ်။
ပထမဆုံးအဖြစ် ၂၀၁၄ ခုနှစ်က ဂျေဂျူးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ ဘုရားရှိခိုးကျောင်းမှာ အဆိုပါ မြက်ခင်းတွေ ရှိခဲ့တုန်းက သတိမထားမိခဲ့ကြပေမယ့် ဂျေဂျူးကျွန်းပန်းခြံထဲမှာ ပန်းနုရောင် မြက်ခင်းပြင်ကြီးအဖြစ် ဖန်တီး စိုက်ပျိုးလိုက်စဉ်မှာတော့ စိတ်ဝင်စားမှု အများအပြားရှိခဲ့ပြီး ခရီးသွားတွေကို ဆွဲဆောင်ရာ ဖြစ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကိုရီးယားနိုင်ငံတဝှမ်းမှာ Pink Muhly Grass စိုက်ပျိုးထားရာနေရာ ၃၂ ခု ရှိနေပါပြီ။ Pink Muhly Grass ကို ရုက္ခဗေဒအခေါ် Muhlenbergia capillaris လို့ ခေါ်ဆိုပြီး အရှည် စင်တာမီတာ ၉၀ လောက်ထိ ရှိပါတယ်။ ဆောင်းဦးပေါက်ချိန်ဖြစ်တဲ့ စက်တင်ဘာလဆန်းကနေ နိုဝင်ဘာလဆန်းကြားကတော့ အလှဆုံးအချိန်လို့ သတ်မှတ်ထားပါတယ်။
ဆောင်းဦးပေါက်ချိန်မှာ ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့ ပန်းနုရောင် မြက်ခင်းပြင်ကျယ်တွေဆီ သွားရောက် လည်ပတ်ဖို့အတွက် ခရီးသွားဧည့်သည်အချို့ အများဆုံးလာလေ့ ရှိတဲ့နေရာတွေကို ဝေမျှပေးချင်ပါတယ်။
၂၀၁၆ ခုနှစ် အစောပိုင်းကစလို့ ဂျိုလာတောင်ပိုင်း အမျိုးသားဥယျာဉ်ထဲက စတုရန်းမီတာ ၄ ထောင်ကျော် အကျယ်ရှိတဲ့ ပန်းနုရောင် မြက်ခင်းပြင်ကြီးရှိရာကို အပတ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၈ သောင်းကျော် လာရောက် လည်ပတ်ကြပါတယ်။
ရှေးဟောင်းမြို့တော် ဂယောင်းဂျူးမှာလည်း စတုရန်းမီတာ ၈၄၀ အကျယ်ရှိတဲ့ ပန်းနုရောင် မြက်ခင်းပြင်ကျယ်ကြီးမှာ အမှတ်တရ ဓာတ်ပုံ ရိုက်သူတွေနဲ့ စည်ကားနေပါတယ်။ အဆိုပါနေရာဟာ နက္ခတ်တာရာကြည့်မျှော်စင်နဲ့လည်း နီးတာမို့ ခရီးသွားတွေကတော့ ရှေးဟောင်းမြို့ကို လည်ပတ်ရင်း လာလည်ကြတာ များပါတယ်။
ဘူဆန်မှာရှိတဲ့ ဒေဂျိုပန်းခြံထဲမှာလည်း ပန်းနုရောင်မြက်ခင်းပြင်ကြီးကို ကြည့်ဖို့အတွက် အပတ်စဉ် ခရီးသွားဧည့်သည် ၆ သောင်းကျော် လာရောက် လည်ပတ်တာကြောင့် ယခင် စတုရန်းမီတာ ၁ ထောင်ကျော်ကနေ ၆ ထောင်ကျော်ထိ တိုးချဲ့ စိုက်ပျိုးပေးထားပါတယ်။
တခြားမြို့တွေထိ မသွားနိုင်သူတွေဆိုလည်း မြို့တော် ဆိုးလ်က World Cup အားကစားကွင်းနား Haneul ပန်းခြံနဲ့ ဂျန်ဝန် ပန်းခြံ နှစ်နေရာမှာ ပန်းနုရောင်မြက်ခင်းတွေနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ပါသေးတယ်။
Ref: The Korean Times