ကျန်းမာရေးကြောင့် အနုပညာတွေ သိပ်မလုပ်နိုင်တဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီက ကိုယ်ရောက်တဲ့အသက်အရွယ်နဲ့ ပတ်သက်တဲ့ အခန်းတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်မရတော့တဲ့အတွက် ဝမ်းနည်းတယ်လို့ဆိုပါတယ်။
“ကျမပွဲတွေ မတက်တာ တနှစ်ကျော်လောက်ရှိပြီ။ အခု လေဒီဒိန်းဂျား ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆာင်ထားမို့ ပွဲစတက်ဖြစ်တယ်။ အဲ့ကား ထဲက ကာရိုက်တာကို မှတ်တောင်မမှတ်မိတော့ဘူး။ ပွဲတွေတက်ရတော့ အရမ်းဝမ်းသာ တာပေါ့။ ကိုယ့်လူတွေ နဲ့လည်း ပြန်တွေ့ရတော့ ဝမ်းသာဝမ်းနည်းတော့ ဖြစ်တာပေါ့။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ချင် တာပေါ့။ လာငှားရင်တော့ ရိုက်ချင်သေးတယ်။ ကိုယ်ရောက်တဲ့အရွယ်နဲ့ ပတ်သက်တဲ့ အခန်းတွေမှာ ကိုယ်မပါရတော့ဘူး။ ကိုယ့်လည်း ခေါ်မရိုက်တော့ ဝမ်းနည်းတာပေါ့”
“လေဒီဒိန်းဂျားဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာ အခုလို တနှစ်ကျော်မှ ကိုယ့်ကားပြန်ကြည့်ရတော့ စိတ်လှုပ်ရှား တယ်။ ကိုရဲလေးမပြောထားတဲ့ VCD လေးတခုတော့ ရိုက်ဖို့ရှိတယ်” လို့ နွယ်နီက ဆိုပါတယ်။
ဇာတ်ပို့ သရုပ်ဆောင် နွယ်နီက ရင်သားကင်ဆာဖြစ်တဲ့အတွက် ကျန်းမာရေးအရ အနုပညာလောကနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။
“ ကျန်းမာရေးအရ အနုပညာပြန်လုပ်ဖို့ ဆရာဝန်ကတော့ မလုပ်ခိုင်းဘူး။ ဆရာဝန်က တခုပြောထားတာရှိတယ်။ ကျမဆီကရောဂါ သူများကို မကူးဘူး။ လူထူတဲ့ နေရာ သွားရင် သူများဆီက ရောဂါပဲ ကိုယ့်ဆီကူးမှာ။ အဲ့တော့ ကိုယ့် ဘာသာကိုယ်စဉ်းစားပြီး အလုပ်လုပ်လို့ ပြောတယ် ”လို့ နွယ်နီက ပြောပါတယ်။
ကျန်းမာရေးကြောင့် အနုပညာတွေ မလုပ်နိုင်တော့ တဲ့ နွယ်နီက အိမ်ဆိုင်စီးပွားရေးလုပ်ကိုင်နေသလို စီးပွားရေးမှာလည်း အပြိုင်အဆိုင်တွေ ရှိလာတာကြောင့် အဆင်မပြေဘူးလို့ ဆိုပါတယ်။
“ကျမစီးပွားရေး အနေနဲ့ ဈေးဆိုင် ဖွင့်ထားပြီးရပ်တည်တယ်။ အမျိုးသားနဲ့လည်း ပြန်ပေါင်းတော့ အမျိုးသားလည်း ရှိနေတာ ပေါ့။ ညီမေလေး ခိုင်နှင်းဝေက လှည်းလေးလာလှူထားတော့ အဲ့ လှည်းလေးနဲ့ ကျမအများကြီး လုပ်စား လို့ရတယ်။ ဆိုင်တဆိုင်တည်းနဲ့ မြိုင်မြိုင်လေး ဖြစ်သွားတာပေါ့။ မိုးတွင်းပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်ပိတ်ထားတုန်း ကျမတို့ ရပ်ကွက်ထဲမှာ ကွမ်းယာဆိုင်ကို ကပ်ပြီး ဖွင့်တာရှိတယ်”
“အရင်တုန်းက တဆိုင်မှမရှိဘူး။ ကျမဆိုင်ရောင်းရမှန်း သိတော့ အအေးဆိုင်တွေ ၊ လက်ဖက်သုပ်ဆိုင်တွေလိုက်ထွက် တယ်။ အခုလို အပြိုင်အဆိုင်တွေ ဖွင့်လာတော့ ကျမအဆင်မပြေဘူး။ အရင်က ကွမ်းနဲ့ အအေးနဲ့ အရမ်းရောင်းရတယ်။ အခုတော့ သိပ်မရောင်းရတော့ အဆင်မပြေတော့ မုန့်ဟင်းခါးအသုပ်ပါအပင်ပန်း ခံပြီး ထွက်တယ်။ ကိုယ့်ရောဂါနဲ့ မတည့်မှန်းသိလည်း လုပ်နေရတာပေါ့”လို့ နွယ်နီကပြောပါတယ်။
သရုပ်ဆောင် နွယ်နီဟာ ကင်ဆာရောဂါ အဆင့် ၃ကို ခံစားနေရတယ်လို့ သိရပြီး ဆေးသွင်းနေရတယ်လို့လည်း သိရပါတယ်။
You may also like these stories:
“အငယ်တွေ တက်လာချိန်မှာ တယောက်နဲ့ တယောက် မလေးစားတာတွေ ရှိတယ်”
“ဥပဒေကြောင်းအရ လိုအပ်ချက်တွေ ရှိနေတာကြောင့် အမှုကို အားမရဘူး”လို့ ခင်မြတ်နိုး ပြော
“သူစိမ်းအိမ်” ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းခံနေရတဲ့ ထွန်းအိန္ဒြာဗိုလ်