Entertainment

COVID-19 ကာလမှာ လိုအပ်သူများကို ကူညီဖို့ ပေါင် ၁ ဒဿမ ၃ သန်း Simon Cowell လှူဒါန်း

နာမည်ကျော် ဂီတထုတ်လုပ်သူ Simon Cowell ဟာ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ပရဟိတ အဖွဲ့တွေထံ ကို စတာလင်ပေါင် ၁ ဒဿမ ၃ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူနဲ့ သူ့အဖွဲ့ဟာ Feeding Britain နဲ့ Feeding America ပရဟိတ အဖွဲ့တွေထံ ပေါင် ၈ သိန်းကို ခွဲပြီး လှူဒါန်းမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိုငွေပြနေတဲ့ Shooting Star Children’s Hospices အတွက် ပေါင် ၅ သိန်း လှူဒါန်းဦးမှာလည်း ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် ထုတ်လုပ်သူ Simon က တခြား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ The Sun သတင်းစာမှာ Simon က “လူတွေကို ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ပြောနေတဲ့ နာမည်ကျော်ကြားသူတွေကို ကျနော် သဘော မကျပါဘူး။ ပြီးတော့ ဒါဟာ လူတော်တော်များများအတွက် တော်တော်လေးကို ခက်ခဲနေတဲ့ အချိန်ပါ”

“မိသားစု၊ ကျန်းမာရေး၊ အလုပ်အကိုင်အတွက် စိတ်ပူနေရတာတွေ၊ အပေါင်ငွေတွေ ပေးနေရတာတွေနဲ့ မိသားစုကို ကျွေးမွေး စောင့်ရှောက်ဖို့က လူတွေရဲ့ စိတ်ထဲက ရှေ့တန်းမှာ ရောက်ရှိနေတာပါ။ ဒါပေမဲ့ အရင်းအမြစ် ရနေနိုင်သေးတဲ့ အနုပညာလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းထဲမှာ လူတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ဒီလိုမျိုး ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ အဲ့ဒီလူတွေကို တိုက်တွန်းချင်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

သူလှူဒါန်းလိုက်တဲ့ ငွေတွေဟာ အဓိကကျတဲ့ လုပ်သားတွေ၊ ကျန်းမာရေးဆိုင်ရာ ပရဟိတအဖွဲ့တွေနဲ့ လိုအပ်မှု ရှိနေသူတွေ၊ အကျပ်အတည်းကြောင့် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ Shooting Star Children’s Hospices လိုမျိုး ပရဟိတအဖွဲ့လေးတွေအတွက် လိုအပ်တဲ့ နေရာမှာ ကူညီနိုင်ဖို့ လှူဒါန်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထုတ်လုပ်သူ Simon ဟာ အသက် ကန့်သတ်မှုရှိနေတဲ့ အခြေအနေတွေကို ခံစားနေရတဲ့ နို့စို့အရွယ်ကလေးတွေ၊ ကလေးငယ်တွေနဲ့ လူငယ်တွေကို ကူညီပေးနေတဲ့ Shooting Star Children’s Hospices အဖွဲ့ထံ ၂၀၀၂ ခုနှစ်က စလို့ လှူဒါန်းမှုတွေကို ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ကလေးဆေးရုံများဆိုင်ရာ အမျိုးသားအဆင့် ပရဟိတအဖွဲ့ ဖြစ်တဲ့ Together For Short Lives ရဲ့ နာယက တဦးလည်း ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ

ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း

Loading