၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များက ဂျပန်နိုင်ငံမှာ ရေပန်းစားခဲ့တဲ့ ဟာသ သရုပ်ဆောင် Ken Shimura ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆုတ်ရောင်ရောဂါကို ကူးစက်ခံခဲ့ရတဲ့ ဟာသ သရုပ်ဆောင် Ken Shimura ဟာ သေဆုံးချိန်မှာ အသက် ၇၀ နှစ် ရှိပြီ ဖြစ်ပါတယ်။
Ken Shimura ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး ဂျပန်နိုင်ငံက အနုပညာရှင်တွေထဲမှာ ရောဂါကူးစက်ခံရတဲ့ ပထမဆုံး အနုပညာရှင် ဖြစ်ပါတယ်။ Ken Shimura သေဆုံးသွားပြီဖြစ်ကြောင်းကို သူ့ရဲ့ အေဂျင်စီက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ရော သူကိုယ်တိုင်ကပါ သူ့ကိုယ်သူ ဒီလိုရောဂါနဲ့ သေဆုံးရမယ်လို့ မတွေးခဲ့ဖူးပါဘူး။ သူဟာ သူတတ်ကျွမ်းတဲ့ ပညာနဲ့ လူတိုင်းကို ပြုံးပျော်စေဖို့ အလုပ်တွေ အရမ်းကြိုးစားခဲ့သူဖြစ်ပါတယ်”လို့ Ken Shimura ရဲ့ အေဂျင်စီက ပြောပါတယ်။
Ken Shimura ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အနုပညာရှင် မိတ်ဆွေတွေက ဝမ်းနည်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တင်ထားခဲ့ပါတယ်။ Ken Shimura သေဆုံးမှုအကြောင်းဟာ ဂျပန်နိုင်ငံက သတင်းစာများရဲ့ ခေါင်းစည်းပိုင်းတွေမှာ ပါဝင်ခဲ့ရုံသာမက နိုင်ငံတကာ သတင်းဌာနများရဲ့ ခေါင်းစည်းပိုင်းတွေမှာပါ လှုပ်ခတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံပိုင် ရုပ်သံအစီအစဉ်ပေါင်းများစွာနဲ့ ဟာသ ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူး တင်ဆက်ခဲ့တဲ့ Ken Shimura ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းတွေကို ဂျပန်နိုင်ငံတဝှမ်းက လူမှုကွန်ရက် အသုံးပြုသူများက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားခဲ့ကြပါတယ်။
Ref. Japantimes
You may also like these stories:
သရုပ်ဆောင်တယောက်ကို ထုတ်ပယ်လိုက်လို့ လီမင်ဟိုရဲ့ ဒရာမာအသစ် ဝေဖန်ခံရ
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း