ကိုရိုနာဗိုင်းရပ်စ်ကြောင့် အများပြည်သူများ လာရောက်ကြည့်ရှုခွင့် ပိတ်ထားတဲ့ နယ်သာလန်နိုင်ငံက Singer Laren ပြတိုက်ကနေ ဒတ်ချ်ပန်းချီဆရာကြီး Vincent Van Gogh ရဲ့ ပန်းချီကားတချပ်ကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
“Lentetuin ဒါမှမဟုတ် Spring Garden” (နွေဦးဥယျာဉ်) လို့ နာမည်ပေးထားတဲ့ အဲ့ဒီပန်းချီကားကို ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး Nuenen မြို့တောက် ခရစ်ယာန် ဘုန်းတော်ကြီးတပါးရဲ့ ဥယျာဉ်ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
Singer Laren ပြတိုက်ရဲ့ ညွှန်ကြားရေးမှူး မစ္စတာ Jan Rudolph de Lorm က “ကျနော် တော်တော်လေး ဒေါသထွက်ရပါတယ်။ ပြီးတော့ တော်တော်လေးကိုလည်း ဝမ်းနည်းနေရပါတယ်” လို့ ရိုက်တာသတင်းဌာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး ပန်းချီကားကို ခိုးယူသွားသူတွေ အနေနဲ့ အဲ့ဒီပန်းချီကားကို ဂရုတစိုက်နဲ့ ကိုင်တွယ်မှသာ မထိမခိုက်ဘဲ ပြည်သူတွေကို ပြန်လည်ပြသနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဘဝသက်တမ်းတလျှောက်လုံးမှာ စိတ်ကျန်းမာရေးဝေဒနာကိုခံစားခဲ့ရတဲ့ ဆရာကြီး Van Gogh ဟာ “Spring Garden” ပန်းချီကားကို ရေးဆွဲနေတဲ့အချိန်မှာ မိဘတွေနဲ့အတူ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်ဟာ Nuenen မြို့မှာ ဘုန်းတော်ကြီးတဦးအနေနဲ့ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။
ခရစ်ယာန်ဘုရားကျောင်းတခုကို နောက်ခံထားပြီး အနီရောင်ပန်းပွင့်တဲ့ ချုံပုတ်တွေရှိတဲ့ ဥယျာဉ်တခုထဲက အမျိုးသမီးတဦးကို ပုံဖော်ထားတဲ့ အဲ့ဒီပန်းချီကားဟာ တည်ငြိမ်အေးချမ်းမှုကို ရောင်ပြန်ဟပ်ပြီး တိတ်ဆိတ်ခြင်းရဲ့ ပုံရိပ်တခုဖြစ်တယ်လို့ မစ္စတာ de Lorm ကဆိုပါတယ်။
မြို့တော် Amsterdam ရဲ့ အရှေ့ဘက်က Laren မြို့မှာရှိတဲ့ အဲ့ဒီပြတိုက်က ခိုးယူခံခဲ့ရတဲ့ ပန်းချီကားကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပြီး နိုင်ငံတကာရဲတပ်ဖွဲ့ထံကိုလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ သူခိုးတွေဟာ မနက် ၃ နာရီ ၁၅ မိနစ်အချိန်မှာ ဖန်တံခါးတွေကို ခွဲပြီး ပြတိုက်ထဲကို ဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က အချက်ပေးမှုကို ရရှိတဲ့အချိန်မှာတော့ ပြစ်မှုကျူးလွန်သူတွေက ထွက်ခွာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လုံခြုံရေးဗီဒီယိုနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေနေပြီး မှုခင်းသက်သေတွေကိုလည်း စစ်ဆေးနေပြီဖြစ်ပါတယ်။
ကိုရိုနာဖြစ်ပွားမှုကြောင့် မတ်လ ၁၂ ရက်နေ့ကစလို့ ဒတ်ချ်ပြတိုက်တွေကို ပိတ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
Ref: Reuters