အစ်မဖြစ်သူရဲ့ သားသမီးများကို စောင့်ရှောက်ရင်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ သရုပ်ဆောင် မောင်ကတော့ ယခုအခါ ကိုဗစ် ပိုးကင်းစင်ခဲ့ပြီး ဆေးရုံကနေ ဆင်းလာပြီးနောက်မှာတော့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့ပါတယ်။
“ကိုဗစ်ဖြစ်ရင် အဆင့် ၃ ဆင့် ရှိတယ်။ ပထမအဆင့်က အခု လူတွေတော်တော်များများ ဖြစ်နေတဲ့ အဆစ်အမြစ် ကိုက်ခဲတာတို့ပေါ့။ အဲ့မှာ ကိုယ့်ဆီကနေ သူများတွေကို ကူးစက်နိုင်တဲ့ အခြေအနေပေါ့။ ဒီအဆင့်မှာ တော်တော်များများ ကောင်းသွားတာကို တွေ့ရတယ်။ နေမကောင်းတာလောက်နဲ့ ကောင်းသွားတာ။ ဒါကလည်း ကိုဗစ်ဖြစ်တာပဲ”
“ခန္ဓာကိုယ်က ပြန်တိုက်ထုတ်လိုက်နိုင်တဲ့အတွက် စောစောစီးစီး ပျောက်သွားတာပေါ့။ ဒီလိုမျိုး ပျောက်သွားပေမယ့် ဒီလူက ကူးစက်နိုင်တဲ့ အခြေအနေ ရှိသေးတယ်” လို့ မောင်က ပြောပါတယ်။
ဆက်လက်ပြီး “ဒုတိယအဆင့်အနေနဲ့ အဆုတ်ကို လာပြီး တိုက်ခိုက်တဲ့အချိန် ရောက်သွားပြီ။ ပိုပြီးအောက်ဆီဂျင်တွေ ကျလာပြီ။ တတိယအဆင့်ကျတော့ ICU ထဲမှာ ထည့်ထားရတဲ့ အခြေအနေပေါ့။ ၃ မျိုး ရှိတယ်ဆိုတာ သိထားဖို့ပါ။ တော်တော်များများကတော့ ပထမအဆင့်မှာပဲ သက်သာသွားတာ များတယ်။ တတိယအဆင့် ရောက်သွားတဲ့သူတွေကတော့ ပြန်ကောင်းလာဖို့ တော်တော် ခဲယဉ်းတယ်။ မြန်မာနိုင်ငံမှာပေါ့နော်။ ရောဂါအခံ ရှိတာတွေနဲ့လည်း သက်ဆိုင်မှာပေါ့” လို့ ပြောပါတယ်။
လူနာအမှတ် ၆၄၃၈ အနေနဲ့ ဧရာဝတီစင်တာမှာ ၁၁ ရက်ခန့် နေခဲ့ရပြီး ကိုယ်တိုင် ဆရာဝန်တယောက်ဖြစ်တာကြောင့်လည်း Quarantine စင်တာမှာ ဝိုင်းဝန်းဆေးကုသပေးခဲ့တာတွေလည်း တွေ့ရပါတယ်။
“Positive ဖြစ်ရင် စင်တာတွေမှာ ဘာတွေ တွေ့ကြုံနိုင်လဲဆိုတာသိဖို့ အရေးကြီးတယ်။ တချို့ကျတော့ စင်တာတွေ ရောက်သွားရင် ကိုယ့်ကို ကျန်းမာရေးဝန်ထမ်းတွေက လာဂရုစိုက်မယ်၊ ဘာညာဆိုပြီး တွေးထားတာ ရှိတယ်။ အဲ့လိုမဟုတ်ဘူး။ Quarantine စင်တာ ပို့ရတာက သူတို့မှာ ရောဂါပိုး ရှိနေနိုင်တယ်။ အဲ့လိုမျိုးကြောင့် ထည့်ထားတာ”
“နောက်ရည်ရွယ်ချက်ကတော့ ရောဂါအခြေအနေ ဆိုးလာရင် သက်ဆိုင်ရာ ဆေးရုံကို ပို့ပေးနိုင်အောင်ခေါ်ထည့်ထားတာ။ ဟိုတယ်မှာ ဆိုရင်လည်း ကျနော်တို့ ပုံမှန်သွားနေကျလိုမျိုး မဟုတ်ဘူး။ တနေ့ကို စားစရာ ၃ ခါ လာပို့ပေးမယ် ဒါပဲ။ လိုအပ်တာရှိရင် လှမ်းပြောလို့ရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေက ကိုယ့်ဟာကိုယ်ပဲ လုပ်ရမှာ” လို့ မောင်က ပြောပါတယ်။
Swab Test စစ်ရင် နာလားဆိုတဲ့ မေးခွန်းများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“နောက်တခုက Swab test စစ်ရင် နာလားဆိုပြီး မေးကြတယ်။ တကယ်လည်း ပုံတွေကြည့်ရင်လည်း ကြောက်စရာကြီး။ ဂွမ်းတံကြီးက အရှည်ကြီးကို ထိုးထည့်လိုက်တဲ့အခါကျတော့လေ။ Swb test ကတော့ မနာဘူး။ ကျနော့် တူ၊ တူမ ၃ယောက်နဲ့ ကျနော်နဲ့ Test ယူတယ်။ ကလေး ၃ ယောက်ကတော့ ငိုတာပေါ့။ ယူပြီးတဲ့အချိန်မှာ တယောက်မှ မငိုတော့ဘူး။ ယားတာတို့ ဘာတို့လောက်ပဲ ဖြစ်တယ်။ အပြင်မှာ သတင်းပျံ့နေသလို Swab test စစ်လို့ မနာရင် Positive၊ နာရင် Negative ဆိုပြီး သတင်းပျံ့နေတယ်။ အဲဒါအမှားပါ။ ဘာမှ မဆိုင်ပါဘူး” လို့ မောင်က ပြောပါတယ်။
ကိုဗစ်လူနာများကို ထားရှိတဲ့ စင်တာများမှာ လူနာပေါ် မူတည်ပြီးတော့မှ ဆေးကုသမှု ပေးတာဖြစ်ပြီး သူ့ကိုတော့ ကျန်းမာရေးကောင်းနေတာဖြစ်တဲ့အတွက် ကုသမှု မပေးခဲ့ဘူးလို့ ဆိုပါတယ်။
“ဘာကုသမှု ပေးလဲဆိုတော့ လူအပေါ် မူတည်တယ်။ ကျနော်က ကျန်းကျန်းမာမာကြီးနဲ့သွားတော့ ကျနော့်ကို ဘာကုသမှုမှ မပေးဘူး။ တချို့ကျတော့ ခေါင်းကိုက်နေတာမျိုးတွေ ဆေးပေးမယ်။ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး ပေးမယ်။ ဖျားနေရင် ဘာကြောင့်ဖျားနေတာလဲ မေးပြီး ဆေးတိုက်မယ်၊ဒါပဲ။ ရောဂါအခြေအနေ လက္ခဏာကိုပဲကြည့်ပြီး လုပ်လို့ရတဲ့အခြေအနေအရ ဆေးပေးမှာပေါ့” လို့ မောင်က ပြောပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင် မောင်ဟာ ဆေးကုသမှုစင်တာမှ ဆင်းလာပြီဖြစ်ပေမယ့် အိမ်မှာပဲ ၇ ရက်တိတိ နေရဦးမှာဖြစ်တာကြောင့် အိမ်မှာနေရင်း Live လွှင့်ကာ အတွေ့အကြုံများကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
အစ်မရဲ့ ကလေးများကို စောင့်ရှောက်ရင်း COVID-19 ကူးစက်ခဲ့တဲ့ မောင်