Shwe FM ရေဒီယိုရဲ့ (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲမှာ “ကျောင်းပိတ်ရက်” သီချင်းနဲ့ “Best Music Video” ဆုကို ရရှိခဲ့တဲ့အပေါ် ဆယ်ကျော်သက် အဆိုတော် မေလသံစဉ်က အခုလိုပဲ ပြောပါတယ်။
“Shwe FM ကနေ ဆုရလို့ အရမ်းပျော်တယ်။ မေလက ဆန်ခါတင်ထဲမှာတော့ ပါတယ်။ ဆုရခဲ့သည် ရှိသော် လာလို့ရအောင် နေရာလေး ပြောပြပေးပါဆိုတော့ မေလရှိတဲ့ စတူဒီယိုကို လိပ်စာပေးလိုက်ရတယ်။ သမီး ဆုရတယ်ဆိုတော့ ဝင်လာကြတာ Surprise ဖြစ်ရပါတယ်”
“မေလ ပရိသတ်တွေလည်း မေလကို အားပေးလို့၊ နားထောင်ပေးလို့ အခုလို ဆုရတာ။ အဲ့အတွက် ပါဝင်အားဖြည့်ပေးကြတဲ့ တယောက်ချင်းစီနဲ့ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ မေလသံစဉ်က ပြောပါတယ်။
ဆက်လက်ပြီး ဒီသီချင်းကို ရိုက်ကူးစဉ်က အမှတ်တရတွေ အကြောင်းကို အခုလိုပဲ ပြောပါတယ်။
“ကျောင်းပိတ်ရက် သီချင်းက ကလောမှာ သွားရိုက်တာ အစောကြီးတွေ ထရတယ်။ အစောကြီး မေလက မထချင်ဘူး။ အခက်အခဲက တောင်ထိပ်မှာ နေရတာတွေ၊ အောက်က အလှတွေကို ရိုက်ချင်လို့ ထိုင်ရတယ်။ ပြုတ်ကြမှာ ကြောက်ရတယ်။ အဲ့ အခက်အခဲလေးတွေတော့ ရှိတယ်”လို့ မေလသံစဉ်က ပြောပါတယ်။
အခုလို ကိုဗစ်ကာလမှာတော့ လူစုလူဝေးနဲ့ ရိုက်ကူးရေး လုပ်ဖို့ အဆင်မပြေတာကြောင့် အိမ်မှာနေပြီး ရိုက်လို့ရတဲ့ ရိုက်ကူးရေးတွေ ရိုက်ဖြစ်သလို၊ မဖြစ်မနေ ရိုက်ရရင်လည်း စည်းကမ်းနဲ့အညီ ရိုက်ရတယ်လို့ ဆိုပါတယ်။
“အခုလို ကိုဗစ်ကာလမှာ အဖွဲ့အစည်းတွေနဲ့ ရိုက်ရတာ သိပ်အဆင်မပြေတော့ အိမ်မှာပဲ နေပြီး ကိုယ့်ဘာသာကိုယ် ရိုက်လို့ ရတာတွေ ရိုက်တယ်။ ဓာတ်ပုံလေးတွေ အိမ်မှာပဲ ရိုက်ဖြစ်တယ်။ မဖြစ်မနေ အပြင်ထွက် ရိုက်ရရင်လည်း ၁၀ ယောက်လောက် ရိုက်ရမှာကို အခု ၅ ယောက်လောက်နဲ့ Mask တွေ သေချာတပ်ပြီး ရိုက်တယ်”
“အခု မိုင်းပြင်းမြို့ရယ်၊ မောက်မယ်မြို့ရယ်အတွက် သီချင်းလေးတွေ စပ်ခိုင်းတယ်။ အဲ့အတွက်ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ဆိုတယ်။ ကိုဗစ်တွေ မဖြစ်ရင်တော့ အဲ့မြို့တွေထိ သွားရိုက်မှာပေါ့။ အခုက ကိုဗစ်က ဖြစ်နေတော့ ရန်ကုန်မှာပဲ ရိုက်ပြီး ပေးလိုက်မယ်”လို့ မေလသံစဉ်က ပြောပါတယ်။
မေလသံစဉ်ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းသစ်တွေလည်း ထွက်ဖို့ရှိပြီး ပြန်ဆိုတေးတွေလည်း ပြန်ဆိုပြီး တင်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ပြီးတော့ ကိုယ်ပိုင် သံစဉ်သီချင်းလေးတွေ ထွက်ဖို့ ရှိတယ်။ ပြန်ဆိုတေးတွေလည်း ပြန်ဆိုပြီး တင်ပေးဖို့ ရှိတယ်”လို့ မေလသံစဉ်က ပြောပါတယ်။
အဆိုတော် မေလသံစဉ်ကတော့ ကိုဗစ်ကာလမှာ ရိုက်ခွင့်ရတဲ့ ကြော်ငြာတွေနဲ့ အွန်လိုင်းကနေ ဈေးရောင်းပေးရတဲ့ထဲက ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ အမြဲ လုပ်လေ့ရှိသူပါ။
ဒီနှစ်အတွင်းမှာလည်း မေလသံစဉ်က သူ့ရဲ့ အဘိုးဖြစ်သူ တေးရေး စန်းသော်တာရဲ့ သီချင်းများကို ပြန်လည် သီဆိုကာ “ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ဆိုတဲ့ အခွေကို ထွက်ရှိထားပါတယ်။
You may also like these stories:
ကိုဗစ်ကြောင့် ကြွေလွှင့်ခဲ့ရတဲ့ ကြယ်တပွင့် (သို့မဟုတ်) လူရွှင်တော် ဧရာ
စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ “Red Light” သီချင်း ထွက်မယ့်ရက် ကြေညာ
၂၀၁၃ က “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း ပြောပြခဲ့တဲ့ မင်းထင်ကိုကိုကြီး