မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာဏာ သိမ်းလိုက်တာကြောင့် ယနေ့ အချိန်ထိ နိုင်ငံတဝှမ်းမှာ ပြည်သူများ၊ အနုပညာရှင်များက အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြပါတယ်။
ဆန္ဒဖော်ထုတ်ကြတဲ့ အနုပညာရှင်များထဲမှ ပြည်သူ့ဝန်ထမ်းများကို CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ဖို့ လှုံ့ဆော်ခဲ့ကြတဲ့ နာမည်ကြီး အနုပညာရှင်အချို့အား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရတဲ့အပေါ် သရုပ်ဆောင် ဇင်ဝိုင်းက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ဥပဒေပြုရေးရော၊ တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးရော ဒီအချိန်မှာ လူတယောက်တည်းက စီမံခွင့်ကို ရယူထားတဲ့ နိုင်ငံပါ။ ဆန်းတဲ့အဖြစ်တော့ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ခြိမ်းခြောက်တာပေါ့။ အခု ၆ ယောက် ရှေ့မှာလည်း ထုတ်ထားတဲ့သူတွေ ရှိပါတယ်။ ဒီလိုတွေ လုပ်လိုက်ရင် နောက်လူတွေ တွန့်သွားကောင်း တွန့်သွားလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ လုပ်တယ်လို့ပဲ ယူဆပါတယ်။ ကျုပ်တို့ အရင်တုန်းကလို ကြောက်စိတ်တွေ ဖြစ်အောင်၊ ကြောက်အောင်လို့ လုပ်တာပါ”လို့ ဇင်ဝိုင်းက ပြောပါတယ်။
အခုလို လုပ်လိုက်တဲ့အတွက် ဆန္ဒပြသူများ နောက်ထပ် ပိုပြီး တိုးလာနိုင်တယ်လို့ မြင်မိကြောင်း ဇင်ဝိုင်းက ဆိုပါတယ်။

“ကျနော် ထင်တာတော့ အဲ့လိုလုပ်တဲ့အတွက် ပိုပိုပြီး နောက်ထပ်တိုးလာမယ်လို့ မြင်တယ်ခင်ဗျာ။ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့၊ နိုင်ငံတော် အတိုင်ပင်ခံတို့ ဖမ်းဆီးခံရတာထက်စာရင် ဒီလူတွေက နှိုင်းတောင် မနှိုင်းယှဉ်နိုင်ပါဘူး”
“အခုက ကလေးသေးသေးလေးတွေတောင် လမ်းပေါ်ထွက်တာ အကြောက်တရားနဲ့ ခြိမ်းခြောက်တဲ့ ခေတ်ကတော့ ဒီအချိန်မှာ မရတော့ဘူးလို့ ထင်ပါတယ်။ အဲ့လိုနည်းနဲ့ ချဉ်းကပ်ရင်တော့ ပိုမိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ထပ်တွေ့ရလိမ့်မယ်လို့ ယူဆပါတယ်”လို့ ဇင်ဝိုင်းက ပြောပါတယ်။
အခုလို ဖမ်းဆီးခံရမှုတွေဟာ တရားမျှတလား၊ မမျှတဘူးလားဆိုတာ သာမန် ကလေးတယောက် ကြည့်ရင်တောင် သိနိုင်တယ်လို့ ဆိုပါတယ်။
“တရားမျှတလား၊ မမျှတဘူးလားဆိုတာက သာမန် ကလေးတယောက် ကြည့်ရင်တောင် တွေ့နေတာပဲ။ အခု တက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက တရားဝင်မှု ဖြစ်၊ မဖြစ်ဆိုတာ သူတို့ပြောပြောနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပြန်ရှာကြည့်ပါလို့”
“နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးမှာမှ တရားစွဲဆိုခြင်း မပြုရဆိုတဲ့ ပုဒ်မမျိုးတွေ၊ နိုင်ငံတော်သမ္မတကို ပြစ်တင် ရှုတ်ချလိုရင်တောင် ပြည်ထောင်စု လွှတ်တော်မှတပါး အခြားဘယ်သူမှ လုပ်လို့ မရတဲ့ ကိစ္စတွေကို လုပ်ပြီး ကိုယ်လိုရာ ဆွဲပြီးတော့၊ အင်အားသုံးပြီးတော့ လုပ်ထားတဲ့ အစိုးရဗျာ။ တရားဝင်ခြင်း မရှိတဲ့ အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေ၊ ဥပဒေတွေဆိုတာကလည်း တရားဥပဒေနဲ့ မညီပါဘူး။ အာဏာဆိုတာ သေနတ်ပြောင်းဝမှာ တည်တယ်ဆိုပြီး လုပ်ရင် အာဏာဆိုတာ တည်ကောင်း တည်လိမ့်မယ်။ တရားဥပဒေဆိုတာ သေနတ်ပြောင်းဝမှာ မတည်ပါဘူး”လို့ ဇင်ဝိုင်းက ပြောပါတယ်။
ဆက်လက် ဆန္ဒဖော်ထုတ်သွားမယ်လို့ ဇင်ဝိုင်းက ဆိုပြီး အားလုံးသော ပြည်သူများရဲ့ဝိုင်းဝန်း ပံ့ပိုးမှုက အလွန် အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဖြစ်တဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်သွားမှာပါ။ နောက်မှာရှိတဲ့ ကလေးတွေကိုလည်း ငဲ့ညှာရတာလည်း ရှိတယ်။ ကျနော်တို့ ဒီလမ်းက ဆက်လျှောက်ရမယ့် လမ်းပါ။ ကျနော်တို့ စလုပ်ကတည်းက ဒီလိုတွေ ဖြစ်လာမယ်ဆိုတာလည်း သိပြီးသားပါ။ ရေရှည်သွားရမယ့် ခရီးလမ်းပါ။ အားလုံးသော ပြည်သူများရဲ့ ဝိုင်းဝန်းပံ့ပိုးမှုက အလွန်အရေးကြီးပါတယ်”
“ဒီအချိန် ဒီကာလမှာ ဘဏ်ဝန်ထမ်းများရဲ့ ပံ့ပိုးမှုကလည်း လိုအပ်ပါတယ်။ ဝန်ထမ်းများလည်း စဉ်းစားကြပါ။ ကိုယ်ဘယ်လို နိုင်ငံမှာ နေချင်လဲ။ ကိုယ်ဘယ်လို နိုင်ငံသား ဖြစ်ချင်သလဲ။ အကြောက်တရား ကြီးစိုးတဲ့၊ လွှမ်းမိုးတဲ့ နိုင်ငံမှာ နေချင်သလား”လို့ ဇင်ဝိုင်းက ပြောပါတယ်။
သရုပ်ဆောင် ဇင်ဝိုင်းကတော့ လက်ရှိ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး၊ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာလည်း ပြည်သူ့ ဝန်ထမ်းများ ပါဝင်ကြဖို့ အနုပညာရှင်များနဲ့အတူ တိုက်တွန်း နှိုးဆော်လျက် ရှိပါတယ်။
You may also like these stories:
Raefonix ရဲ့ “ငါ့လိပ်ပြာလုံတယ်” သီချင်းအား JOOX မှ ဖြုတ်ချခဲ့
“အာဏာရှင်စနစ်ကို လူငယ်တွေ တွန်းလှန်တာ အားပေးတယ်”လို့ ညီညီထွန်းလွင် ဆို
“အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်”