အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲအပြီး မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်ကို အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က သွားရောက် တွေ့ဆုံပြီး လိုအပ်တဲ့ အကြံဉာဏ်၊ အကူအညီများ ပေးခဲ့တယ်လို့ ဆိုပါတယ်။
“Miss Universe ပွဲအပြီး သူဇာဝင့်လွင် ဒီနေ့ပဲ နယူးယောက် ရောက်လာတော့ မုန့်သွားစား လျှောက်သွား စကားစမည် ပြောရင်း အမှတ်တရ၊ ကျနော့် ညီမအရင်းထက်တောင် ငယ်တဲ့ Candy ကို ကျွန်တော့် ညီမ အရင်းတယောက်လိုပဲ လိုအပ်တာ မှန်သမျှ ကူညီ စောင့်ရှောက်ပေးပါမယ်။ လောလောဆယ် မြန်မာပြည်ပြန်ဖို့လည်း အခက်အခဲ ရှိတယ်”
“သူ့ Safety (လုံခြုံမှု) အတွက်လည်း စိတ်ပူရတဲ့ အခြေအနေမှာ ပြိုင်ပွဲပြီးသော်လည်း တခြားသူတွေလို ဂုဏ်ယူဝင့်ကြွားစွာနှင့် သူ့တိုင်းပြည် သူပြန်လို့မရ၊ ကျန်ရှိနေတဲ့ သူ့ဘဝခရီး ရှေ့ဆက်ဖို့ စိတ်ဓာတ်မကျဖို့ အားပေးရင်း သူက ဒီနိုင်ငံမှာ Modeling ဆက်လက် လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်ဆိုတော့ ကိုယ်သိသလောက် အားပေးအကြံပေးရင်း ဆုံကြသည်ပေါ့”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သူဇာဝင့်လွင်ကို နယူးယောက်ရှိ Time Square ဝန်းကျင် လိုက်လံ ပို့ဆောင်ခဲ့ပြီး နောက်ရက်တွေမှာ အမေရိကရောက် ချင်းလူမျိုးတွေရဲ့ ဖိတ်ကြားမှုနဲ့ အင်ဒီယားနား ပြည်နယ်ကို သွားဖို့ရှိတယ်လို့ သိရပါတယ်။
“ဒီနေ့တော့ နယူးယောက်ကို ရောက်တာ သူ့ပထမဆုံးနေ့ဆိုတော့ Times Square ဝန်းကျင် လျှောက်ပို့ရင်း အမှတ်တရ ပုံလေးတွေ၊ ပရိတ်သတ်များရော၊ သူ့မိသားစုဝင်များရော စိတ်မပူနဲ့နော်။ အားလုံးအဆင်ပြေသွားမှာပါ။ သဘက်ခါ အမေရိကရောက် ချင်းလူမျိုးတွေ ဖိတ်ကြားမှုနဲ့ Indiana ပြည်နယ်ကို သူ သွားပါမယ်။ သူ့ကို ဂုဏ်ပြုချင် ချစ်ကြသူတွေလည်း US တခွင် တအားများပါတယ်”
“US တခွင် ဖိတ်ကြားမှုများ သွားပြီးလို့ နယူးယောက် ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပပေးချင်ကြသော မိတ်ဆွေများနှင့် ပွဲလေးတပွဲ ပြုလုပ်ပေးပါမယ်။ အဲဒီအတွက် လာမေးကြတဲ့ message များအားလုံး မပြန်ရသေးတာ ခွင့်လွှတ်ပါ။ သူ နယူးယောက်မှာနေတဲ့ ကာလပတ်လုံး ခင်မင်သူ ပေါပြီး သူ့ဘဝ လုံခြုံမှုရှိရေးအတွက်ရော၊ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်ဆွေ အပေါင်းအသင်းပေါများဖို့ အတွက်ရော သူ့ကို အားပေးသူ ရွှေမြန်မာများနှင့် တွေ့ဆုံပွဲလေး ကျင်းပပါမယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သူဇာဝင့်လွင်ကို အားပေးကြတဲ့ အမေရိကရောက် မြန်မာများနဲ့ တွေ့ဆုံပွဲ လုပ်ဖို့ ရှိပြီး၊ သူဇာဝင့်လွင်ဟာ လက်ရှိ နယူးယောက်မှာ Modelling လုပ်နေတဲ့ Beauty နဲ့အတူ နေထိုင်နေကြောင်း သိရပါတယ်။
“ရက် နေ့စွဲနှင့် အချိန် ပြန်လည် ကြေညာပါမယ်။ ကိုယ့်မြန်မာအချင်းချင်း တထောင့်တနေရာကနေ ကူညီအားပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အခုတော့ ဒီနယူးယောက်မှာ Modeling လုပ်နေတဲ့ Beauty သက်သက်သင်းနဲ့အတူ နေပါတယ်ခင်ဗျာ။ Candy လေး အစစအရာရာ အဆင်ပြေပြေ ရှိပါတယ် ခင်ဗျာ။ Welcome to New York City Candy”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သူဇာဝင့်လွင်ကိုတော့ Miss Universe ပြိုင်ပွဲပြီးနောက် ဖမ်းဝရမ်း ထုတ်ခံထားရတယ်ဆိုတဲ့ သတင်းအမှားများ ပျံ့နှံ့ခဲ့ပြီး၊ သတင်းအမှားတွေကို အခုလိုပဲ ဖြေရှင်းထားပါတယ်။
“သူဇာ့ကို ဝရမ်းထုတ်ထားတယ်ဆိုတဲ့ သတင်းက သတင်းအမှားပါရှင်။ ဒါပေမဲ့ နိုင်ငံကထွက်လာပြီဆိုကတည်းက အိမ်ကိုပြန်ဖို့အတွက် Risk ကို မယူရဲတာပါ။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိမ်ကိုယ်ပဲ ပြန်ချင်တာပေါ့။ လောလောဆယ် ဒီမှာအဆင်ပြေအောင်ပဲ ကြိုးစားပြီး နေထိုင်ပါဦးမယ်။ သတင်းအမှားကြီး ပြန့်နေလို့ ဖြေရှင်းပေးတာပါ။ အားလုံးလည်း ဂရုစိုက်ကြပါနော်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။
You may also like these stories:
စစ်အာဏာရှင်ကို အဆုံးထိ တွန်းလှန်ပေးကြပါလို့ မေဦး ပြော
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ
အနုပညာ လုပ်စားသူများအကြောင်း ပြောပြလာတဲ့ ကောင်းကျော်