“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ကွမ်းခြံကုန်းမြို့နယ်မှာ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီးတဦးရဲ့ ၆ လအရွယ် ကလေးငယ်ကို ခေါ်ယူ မွေးစားလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ မသန်စွမ်း အမျိုးသမီးဟာ တရားခွင်မှ အပြန် နှလုံးရပ်ကာ သေဆုံးသွားခဲ့ပြီး အမှု ရုံးချိန်းလည်း ပြီးပြတ်သွားပြီလို့ သိရပါတယ်။
“ကွမ်းခြံကုန်းမြို့နယ်မှ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီးတဦး တရားခွင်မှအပြန် နှလုံးရပ်ပြီး သေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆) လ အရွယ် သမီးလေးကို ကျမတို့ “ခိုင်” မိသားစုမှ ခေါ်ယူ မွေးစားခဲ့ပါတယ်ရှင်”လို့ ခိုင်နှင်းဝေက ဆိုပါတယ်။
သမီးငယ်လေးကို “ခိုင်နှင်းဝေ” ဂေဟာရဲ့ မိသားစုဝင်အဖြစ် အပြီးခေါ် သွားပြီ ဖြစ်ကာ မိခင်ဖြစ်သူကို နောက်ဘဝမှာ ကျန်းမာ သန်စွမ်းပြီး အနိုင်ကျင့် စော်ကားခံရမှုမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးထားပါတယ်။
“ကောင်းရာမွန်ရာကို သွားပါတော့ရှင်။ အမှု ရုံးချိန်းလည်း ပြီးပြတ်ပြီး သမီးလေးကိုလည်း ကျမတို့ ဂေဟာရဲ့ မိသားစုဝင်အဖြစ် သတ်မှတ်လို့ အပြီးခေါ်သွားပါပြီနော်”
“နောက်ဘဝမှာ ကျန်းမာ သန်စွမ်းလို့ အနိုင်ကျင့် စော်ကားခံရမှုမှ ကင်းဝေးပြီး ဘဝအဆက်ဆက် စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ။သမီးလေးကို စိတ်ချလက်ချထားပြီး ကျွတ်ရာလွတ်ရာ သွားပါတော့ရှင်။ အမျှ၊ အမျှ၊ အမျှ”လို့ ခိုင်နှင်းဝေက ပြောထားပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”ကို ၂၀၁၄ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မိဘ စောင့်ရှောက်မှု မပေးနိုင်တဲ့ ကလေးငယ်များကို ပြုစု စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။
You may also like these stories:
စွန့်ပစ်ခံ ၄ လသားအရွယ် ကလေးကို ခေါ်ယူ မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ
ရင်သွေးလေးများ ဂေဟာအပြင် ဆေးကုခန်း ဖွင့်ဖို့ ကြိုးစားနေတဲ့ ခိုင်နှင်းဝေ
စွန့်ပစ်ကလေးကို ၄၃ ယောက်မြောက် သားအဖြစ် မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ