ဇွန်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့ပွဲကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး၊ အဲဒီပွဲမှာ သရုပ်ဆောင် ဥက္ကာမင်းမောင်လည်း Speech ပြောခဲ့ပါတယ်။
“New York မြို့မှာ ကျင်းပခဲ့တဲ့ အမေစုရဲ့ ၇၆ နှစ်ပြည့်မွေးနေ့မှာ ပန်းပွင့်တွေ ကိုယ်စီနဲ့ မြန်မာဝတ်စုံများ ဝတ်ဆင်ပြီး ရွှေမြန်မာများ တက်ရောက်ခဲ့ကြပါတယ်။ အမေစုရဲ့ ဘဝ သမိုင်းကြောင်းတွေ၊ မှတ်တိုင်တွေ၊ ကဗျာတွေ ရွတ်ဆိုပြီး မွေးနေ့ကိတ် ခွဲပြီး အမေစု ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြတယ်”

“ကျနော် အပါအဝင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အိပန်ဆယ်လိုနှင့်တကွ တခြား မြန်မာများကလည်း ဆုတောင်းစကား ပြောခဲ့ကြတယ်။ New York မြို့လယ်ခေါင် Flatiron Public Plaza ရှေ့မှာ ကျင်းပပြုလုပ်တဲ့ အမေစု မွေးနေ့အတွက် ရည်စူးတဲ့ အဝေးရောက် ရွှေမြန်မာများရဲ့ ဆုတောင်းမေတ္တာ ပို့သပွဲမှာ ကျနော် ပြောခဲ့တဲ့ Speech ပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
အဆိုပါပွဲမှာ ဥက္ကာမင်းမောင်က ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းစကားနဲ့ မတရား ဖမ်းဆီးခံထားရသူများ အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ ပြောကြားခဲ့ပါတယ်။
“အမေစု သက်တော်ရာကျော် ရှည်ပါစေ။ အနာဘေးရောဂါ ကပ်ဆိုးများမှ ကင်းဝေးပါစေ။ ကျနော်တို့ အားလုံး ချစ်တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကျနော်တို့ ပြည်သူတွေအားလုံး ပို့သတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဆုတောင်းစကားတွေ သူကြားနိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်”
“အခုဆိုရင် နိုင်ငံတော် ခေါင်းဆောင်ကြီးများနဲ့ အခြား အပြစ်မဲ့ ပြည်သူတွေ၊ မြန်မာနိုင်ငံအတွက် ရှေ့ထွက်ပြီးတော့ အမှန်တရားအတွက် ပြောနေတဲ့သူတွေ၊ ဖမ်းဆီးခံရတဲ့သူတွေ အားလုံး ဖမ်းဆီးခံ ရက်ပေါင်း ၁၃၉ ရက် ရှိသွားပါပြီ။ ကျနော်တို့ အဝေးရောက် မြန်မာများကလည်း လုံးဝ အရေးတော်ပုံ မအောင်မချင်း ဆက်လက် တိုက်ပွဲဝင်ဖို့ ကျနော် ပြောချင်ပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ဥက္ကာမင်းမောင်က ဖမ်းဝရမ်း ထုတ်ခံထားရသူတွေ အိမ်နဲ့ ဝေးပြီး တိမ်းရှောင်နေတဲ့ အခြေအနေတွေက ဘယ်အချိန်မှ ပြီးဆုံးမှာလဲလို့ ဆိုပါတယ်။

“ထောင်ထဲမှာ ကျောင်းသားတွေ အနှိပ်စက်ခံရတယ်။ မိန်းကလေးတွေဆိုရင် အဓမ္မပြုကျင့်ခံရတယ်။ ဆေးကုသမှု မပေးဘူး။ ပြီးတော့ အနုပညာရှင်များနဲ့ အခြား ပြည်သူတွေ၊ ဖမ်းဝရမ်း အထုတ်ခံရတဲ့သူများ အားလုံးဟာလည်း မိဝေးဖဝေး အိမ်နဲ့ ဝေးပြီးတော့ တိမ်းရှောင်နေရတဲ့ အခြေအနေတွေ၊ ဒီအရာတွေ အားလုံးက ဘယ်အချိန်ကျမှ ပြီးဆုံးမှာလဲ”
“တခါတလေကျရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး ကိုယ်ချင်းစာစိတ် မရှိတဲ့သူတွေ၊ သူတို့ရဲ့ စီးပွားရေးကိုပဲ ကြည့်တဲ့သူတွေ ရှိတာ ကျနော် တကယ် အံ့သြတယ်။ ဘာပဲဖြစ်နေဖြစ်နေ ကျနော်တို့ရဲ့ အရေးတော်ပုံ အောင်ဖို့ အရေးကြီးတယ်။ အရေးတော်ပုံ မအောင်မချင်း ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဖမ်းဝရမ်းများအားလုံး ပြန်ရုတ်သိမ်းပေးဖို့နဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ ထပ်ပြီး မဆုံးရှုံးပါရစေနဲ့တော့လို့ ဥက္ကာမင်းမောင်က ပြောခဲ့ပါတယ်။
“ဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ်ပေးပါ။ ဖမ်းဝရမ်းများအားလုံး ရုတ်သိမ်းပေးပါ။ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ ထပ်ပြီး မဆုံးရှူံးရပါစေနဲ့တော့။ စစ်တပ်နဲ့ ရဲများအားလုံး နောက်ဘဝ မကူးခင် ဝဋ်ကြီးဝဋ်ငယ် ပိုးစိုးပက်စက် လည်ကြပါစေ။ စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည်။ အရေးတော်ပုံ အောင်ရမည်”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
You may also like these stories:
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ
ပြည်သူနဲ့အတူ ရပ်တည်တဲ့ အနုပညာရှင်တွေအတွက် ဥက္ကာမင်းမောင် ဂုဏ်ယူ
“မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်”